မေးခွန်း အကြောင်းအရာ
မိုင်းပန်မြို့နယ်၊ မိုက်ပုတ်ကျေးရွာသည် မိုင်းပန်မြို့၏တောင်ဘက် ၃၆ မိုင်အကွာတွင် တည်ရှိပြီး မိုင်ပန်မြို့က မြေသားလမ်းအဖြစ် သွားရောက်ရသည့် လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲသော အိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၂၄၀၀ ခန့်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးသည့် အခါတွင် လက်ရှိသွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၆၀ x ၃၀ ပေ မြေစိုက်ကျောင်းဆောင်အဖြစ် ဟောင်းနွမ်းဆွေးမြည့်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရွာ၏ အစီအစဉ်နှင့် ပြုပြင်ဆောက်လုပ်ခြင်းများကိုလည်း ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ ယင်း စာသင်ကျောင်းရှိ ကျောင်းသားဦးရေ ၁၇၈ ဦးနှင့် ပညာသင်ကြားနေပြီး KG အတန်းတွင် ၁၃၁ ဦးရှိသည့်အတွက် လွန်စွာများပြားပြီး အခန်းကြပ်သိပ်ပင်ပန်းဆင်းရဲစွာ စာသင်ကြားနေကြရပါကြောင်း၊ KG အတန်းတွင် နောက်ထပ် ၄၀ ဦးခန့်သည် မြို့ပေါ်ပရဟိတ ဘုန်းကြီးကျောင်းများတွင် သွားရောက်ပြီး ပညာသင်ကြားနေကြရပါကြောင်း၊ စာသင်ကြားပေးနေသည့် ကျောင်းဆရာ/မများ အနေဖြင့်လည်း ဆရာ/မ ၄ ဦး ခန့်သာရှိသည့်အတွက် ဆရာ/မ လုံလောက်မှုမရှိခြင်းကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျောင်းသုံးပရိဘောဂ၊ စားပွဲခုံ၊ ထိုင်ခုံများလည်းမရှိသည့် အတွက်ကြောင့် စာသင်ခုံမပြည့်အစုံဖြင့် စာသင်ကြားနေကြရပါကြောင်း၊ ယင်းစာသင်ကျောင်းသည် ၂၀၀၈ ခုနှစ်ခန့်က တိုင်းမှူးမှ လှူဒါန်းငွေ သိန်း ၄၀ ကျပ်၊ ပညာရေးဝန်ကြီးဌာနက ၂၂ သိန်းနှင့် ကျေးရွာ ပြည်သူများ၏ ထည့်ဝင်ငွေ သိန်း ၃၀ စုစုပေါင်း ၉၂ သိန်းနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းအဆောက်အဦမှာ ဟောင်းနွမ်းဆွေးမြည့်ပြီး ပညာရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ ယခင်က ဆောက်လုပ်ခဲ့သည့် အန္တရာယ်ရှိကျောင်းအား စံကိုက်ကျောင်းအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ စာသင်ကျောင်းအတွင်း ထိုင်ခုံ၊ ပရိဘောဂများ စုံလင်စွာ၊ လုံလောက်စွာချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွဲ့စည်းပုံအရ ပြည့်မီအောင် ဆရာ/မများ ဦးရေခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွက် ယခုဘဏ္ဍာရေးနှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ငွေကျပ်သန်းပေါင်း ၁၀၄.၄၀ ခွဲဝေချထား ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ မိုင်းပန်မြို့နယ်၊ မိုက်ပုတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ၈၀ ပေ x ၃၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်ဆောင် တစ်ဆောင်ရှိပါကြောင်း၊ ကျောင်းသား/သူအနေဖြင့် ၁၈၀ ဦး ရှိပါကြောင်း၊ အဆောက်အဦးသည် ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သော ကျောင်းဖြစ်ပြီး သက်တမ်းကြာမြင့်သည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ ၎င်း ပျက်စီးမှုများကိုလည်း ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းသားမိဘ၊ ရပ်ရွာလူကြီးများက ဝိုင်းဝန်းပြုပြင် ဆောင်ရွက်နေရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ယိုယွင်းနေသည့် ကျောင်းကို အန္တရာယ်ရှိ ဆောင်သတ်မှတ်ပြီး ကျောင်းဆောင်အသစ် ဆောက်လုပ်ခွင့် ရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် အမှုတွဲတည်ဆောက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နောက်နှစ် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် မိုက်ပုတ်ကျေးရွာ အခြေခံမူလ တန်းကျောင်းအတွက် ၉၀ ပေ x ၃၀ ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ဆောင် ငွေကျပ်သန်းပေါင်း ၄၀.၅ သန်းလည်း လျာထားဆောင်ရွက် ဖြည့်ဆည်းပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးမေးသည့် ပရိဘောဂအတွက်လည်း စာသင်ခုံအစုံ ၃၀၊ တန်ဖိုးငွေကျပ်သန်းပေါင်း ၁.၃၅ ကိုလည်း ခွဲဝေချထားဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွက်လည်း အဆိုပါကျောင်းတွင် မူလတန်းပြဆရာ ၃ ဦး၊ နေ့စားလပေးမူလတန်းပြ ဆရာ ၁ ဦး စုစုပေါင်း ၄ ဦး ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် ဆရာ/မများကို ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း ရာထူး တိုး၊ အပြောင်းအရွှေ့များ ဆောင်ရွက်သည့် အခြေအနေ ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
