မေးခွန်း အကြောင်းအရာ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဒေါ့ဖုန်းယန်မြို့၏ နားလုံအ.ထ.ကခွဲကျောင်းအား ၂၀၀၇ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ်၊ ကျောင်းဆောက်ရန် ရန်ပုံငွေများချပေးခဲ့သော်လည်း ယခုထက်ထိ ပြီးဆုံးခဲ့ခြင်းမရှိဘဲ စာသင်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ ကျောင်းဆောင်သစ်ကြီးကို ပြီးဆုံးအောင်မဆောက်လုပ်ပါက ပျက်စီးပြိုကျမည့် အခြေအနေဖြစ်နေပါကြောင်း၊ ပျက်စီးပြိုကျမည့် ယိုယွင်းနေသည့် ကျောင်းဆောင်၏ အခြေအနေမှာ ကျောင်းပေါ်တက်လိုက်သည်နှင့် လှုပ်နေပါကြောင်း၊ ထိုကျောင်း မပြီးဆုံးသော်လည်း ယခုဆိုလျှင် အန္တရာယ်ရှိသည့် ကျောင်းဆောင်ဖြစ်နေပါကြောင်း၊ ထိုကြောင့် ယခင်ချိန်တုန်းက နယ်မြေဘတ်ဂျက်ချထားပေးသည်မှာ ငါးနှစ်ခန့်ရှိသည့်အတွက် အန္တရာယ်ဆောင်လည်း တင်ပြခွင့်ပြု၍ မရခဲ့ပါကြောင်း၊ မိမိတို့နယ်မြေ အခြေအနေ မကောင်းသည့်အတွက် ကျောင်းဆောင်ကြီးမပြီးဆုံးသော်လည်း နယ်မြေ အခြေအနေများ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ၎င်းကျောင်းဆောင်ကြီးကို ပြီးဆုံးအောင် တည်ဆောက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ကျောင်းဆောင်ကြီးကို ပြီးဆုံးအောင် ဆောက်လျှင်လည်း ဆောက်၊ သို့တည်းမဟုတ် အန္တရာယ်ဆောင်အဖြစ် သတ်မှတ်လျှင်လည်း ၎င်း ဖြည့်စွက်ဘတ်ဂျက်တွင်၊ ဖြည့်စွက်ရန်ပုံငွေ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ နောက်တစ်ခုဖြစ်သည့် အ.ထ.ကခွဲကျောင်းတွင် တက္ကသိုလ်ဝင်တန်းကျောင်းသား/သူမရှိသော်လည်း မနှစ်က ဆို ၉ တန်းကျောင်းသူ ၉ ဦးရှိပါကြောင်း၊ ထို ၉ တန်းကျောင်းသူ ၉ ဦးအတွက် အထက်တန်းပြ ဆရာမက တစ်ဦးတည်းရှိပါကြောင်း၊ ယခုနှစ်ဆိုလျှင် ၉ တန်းကျောင်းသူ ၁၈ ဦး ရှိလာပါကြောင်း၊ ၁၈ ဦးရှိလာသော်လည်း အထက်တန်းပြဆရာမက ယခုထက်ထိ ၁ ဦးပြရှိပါကြောင်း၊ နယ်မြေမတည်ငြိမ်သည့် နေရာတွင် ကလေးများက စစ်ဘေးရှောင်သည့် အချိန်တွင် စာမသင်ကြားရသဖြင့် ယခုနယ်မြ တည်ငြိမ်လာသည့် အချိန်တွင် စာတင်သည့် အခါလည်း ဆရာ/မဦးရေမလုံလောက်သည့်အတွက် စာသင်ကြားရန် အခက်အခဲများ ရှိနေပါကြောင်း၊ ထို့ကြောင့် နောက်ထပ်အထက်တန်းပြဆရာမများ ထပ်မံပြီးခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းများဆောက်လုပ်ရန် ယခုနှစ်ဘတ်ဂျက်တွင် ငွေကျပ် ၂၂၇ သန်း ခွဲဝေဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နားလုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဆောင် (၁၅၀ ပေx၃၀ ပေ)၊ သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်၊ မုံလိုင်ဆောင် (၁၂၀ x ၃၀ ပေ) သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်နှင့် အပြီးသတ်နိုင်မှုမရှိသေးသည့် (၁၇၀ x ၃၀ ပေ) သွပ်မိုးအုတ်ညှပ်နှစ်ထပ်ဆောင် အပါအဝင် စာသင်ဆောင် သုံးဆောင်ရှိပြီး စာသင်ခန်းဧရိယာစုစုပေါင်း ၆၄၈၀ စတုရန်းပေရှိပါကြောင်း၊ တင်ပြပါကျောင်းမှာ ကျောင်းသား/သူများအနေဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်စာရင်းအရ မူဆင့်တွင် ၈၇ ဦး၊ လယ်ဆင့်တွင် ၁၀၃ ဦး၊ အထက်တန်းဆင့်တွင် ကိုးဦး စုစုပေါင်း ၁၉၉ ဦးရှိပါကြောင်း၊ ၎င်း ၁၉၉ ဦးအတွက် စာသင်ဧရိယာသည် ၃၆၀၀ စတုရန်းပေ ရရှိလျှင်လုံလောက်ပါသဖြင့် စာသင်ခန်း ဧရိယာနှင့် ကျောင်းသား/သူအချိုး မျှတစွာရှိပါကြောင်း၊ တင်ပြပါအပြီး သတ်နိုင်မှုမရှိသေးသော (၁၇၀x ၃၀ ပေ) သွပ်မိုးအုတ်ညှပ် နှစ်ထပ်ဆောင်ကို ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃.၅၇ သန်းဖြင့် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သန်းပေါင်း ၈.၁၀ သန်းထပ်မံခွဲဝေ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် အဆိုပါဒေသတွင် နယ်မြေအေးချမ်းတည်ငြိမ် မှုမရရှိနိုင်သည့်အတွက် အဆောက်အဦတစ်ခုလုံးကို ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ဧပြီ လ ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှု ဒဏ်လည်းခံခဲ့ရပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း ကချင်ပြည်နယ် ပညာရေးမှူးအနေဖြင့် ထိုကျောင်းဆောင်ကို ဖျက်သိမ်းပြီး (၉၀ ပေx ၃၀ ပေ) သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်ဖြင့် အဆောက်အအုံ ဆောက်လုပ်မှုပုံစံ Type C အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်းတွင် ဆောက်လုပ်ပေးနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခုမှာ ဆရာခန့်ထားမှုနှင့် ပတ်သက်၍ တင်ပြရမည်ဆိုပါက နားလုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆရာခန့်ထားနိုင်မှု အခြေအနေအရ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အထက်တန်းပြတစ်ဦး၊ အလယ်တန်းပြခုနစ်ဦးနှင့် မူလတန်းပြငါးဦး စုစုပေါင်း ၁၃ ဦးခန့်ထားပြီး ဖြစ်ပါကြောင်း၊ ထိုကျောင်းအား ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ပညာသင်နှစ်များတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု အခြေအနေများကြောင့် ဖွင့်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ သို့အတွက် ဒေါ့ဖုန်းယန် အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ပြီး ပညာသင်ကြားရပါကြောင်း၊ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ထိုနှစ်အလိုက် နဝမတန်းကျောင်းသား တစ်ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် နဝမတန်းကျောင်းသား ၉ ဦးရှိပြီး ဒသမတန်း ပညာသင်ကြားသူ မရှိပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ် ကျောင်းမူလတန်းအဆင့်တွင် ကျောင်းသား/သူ ၈၇ ဦး၊ ဆရာ/မ ၅ ဦး ရှိသည့်အတွက် ကျောင်းသားဆရာအချိုး ၁း၁၇၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀၃ ဦး၊ ၇ ဦး ရှိသည့်အတွက် ကျောင်းသားဆရာအချိုး ၁း၁၅ ရှိပါတယ်။ အထက်တန်းအဆင့်တွင် နဝမတန်းကျောင်းသား/သူ ၉ ဦးရှိပြီး အထက်တန်းပြဆရာ ၁ ဦးသာ ရှိသည့်အတွက် ကျောင်းသားဆရာအချိုး ၁း၉ ဖြစ်ပါကြောင်း၊ ၎င်း အထက်တန်းဆင့်သင် ကျောင်းသူ/သားများကို အထက်တန်းပြ ဆရာတစ်ဦးအပြင် အလယ်တန်းပြဆရာ/မများကပါ ဝိုင်းဝန်းပံ့ပိုး ကူညီသင်ကြား ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း အဆိုပါကျောင်း၏ အထက်တန်းပြဆရာ လိုအပ်ချက်ကို ခွဲဝေရာထူးအရ မိမိတို့ ရာနှုန်းပြည့် မခန့်ထားနိုင်သော်လည်း ဆရာခန့်ထားနိုင်မှုအခြေအနေ၊ ဘာသာ ရပ်ကိုက်ညီမှု အခြေအနေ၊ ဘဏ္ဍာငွေရရှိမှု အခြေအနေများပေါ် မူတည်ပြီး ယခု ၂၀၁၇-၁၈ နှစ် အတွင်း လိုအပ်သော ဆရာ/မများ ဖြည့်စည်းခန့်ထားမှုကို စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
