(ခ)-ဒိုက်ဦးမြို့နယ်၊ အခြေခံ ပညာအထက်တန်း ကျောင်း(ခွဲ) လက်ပံသုံးခွ စာသင်ကျောင်းအား အ ခြေခံပညာအထက်တန်းကျောင်း လက်ပံသုံးခွ အ ဖြစ် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

phone myint agဒိုက်ဦးမြို့နယ်သည် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း  ၅၃ အုပ်စုရှိပြီး  ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဧရိယာ အကျယ်အဝန်းမှာ ၄၉၇.၀၃ စတုရန်းမိုင်ရှိပြီး လူဦးရေအားဖြင့် ၂၀၅၀၀၀ ကျော် နေထိုင်သော မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်စာရင်းအရ ဒိုက်ဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၉ ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း ၁ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၅၄ ကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း ၇၇ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၅ ကျောင်းနှင်‌့ အခြေခံပညာမူလတန်းခွဲကျောင်း ၁ ကျောင်းရှိပါကြောင်း၊  ဒိုက်ဦးမြို့နယ်၊ လက်ပံသုံးခွကျေးရွာသည် ဒိုက်ဦးမြို့နယ်မှ လေးမိုင်ခန့်ကွာဝေးပြီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ကားလမ်းသစ်ကြားတွင် တည်ရှိပါကြောင်း၊ အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၅၀၀၀ ကျော် နေထိုင်သောကျေးရွာ ကြီးလည်းဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အမှီသဟဲပြုနေသည်ဆိုသည်မှာ မြေကြီးလက်ခတ်လွဲမည် မထင်ပါကြောင်း၊ ပညာရေးဟူသည် မွေးဖွားချိန်မှအစပြု၍ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့် အရာလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အ.ထ.က(ခွဲ) လက်ပုံသုံးခွကျောင်းသည် ကျောင်းခြံမြေဧက ငါးဧကကျော်ရှိပြီး ကျောင်းသား/သူပေါင်း ၆၅၀ ကျော်တို့ ပညာသင်ရာ ပညာ့ဗိမာန်ကြီးလည်း ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာတို့မှ ကျောင်းသား/သူများ ပညာရည်နို့စို့ပြီး လာရောက်ဆည်းပူးနေသော ကျောင်းကြီးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် နောင်လာမည့် မျိုးဆက်သစ်လူ့စွမ်းအား အရင်းအမြစ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လေ့ကျင့်မွေးထုတ်ပေးနေသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လက်ပံသုံးခွ စာသင်ကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိကို ဒေသခံပြည်သူများ၏ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာငွေခွင့်ပြုချက်အပေါ် မူတည်ပြီး ကျောင်းအဆင့်တိုးခြင်းများကို နှစ်အလိုက်တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ပြီးခဲ့သည့် နှစ်ကဆိုလျှင် သတ်မှတ်ချက်နှင့် ကိုက်ညီသောကျောင်း ၉၃၇ ကျောင်းရှိသော်လည်း ဖြေလျှော့ပြင်ဆင်ပြီး တတ်အားသရွေ့ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၂ ကျောင်းကို အဆင့်တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ တိုးချဲ့ခွင့်ပြုပေးခဲ့သည့်အတွက် မိမိတို့ယခုနှစ်ဆိုလျှင် ကျောင်းအဆင့်တိုးမြှင့်ခြင်းကို စုစုပေါင်း ၅၀၉၉ ကျောင်းထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်း(Sanction) ရရှိရန်အတွက် သတ်မှတ်မူအရ အထက်ဆင့်သင် ကျောင်းသား/သူ ၂၀၀ နှင့် အထက်ရှိရန်၊ သို့တည်းမဟုတ် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများဖြစ်ပါက  ပင်မကျောင်း တစ်ဆင့်မြင့် ကျောင်းနှင့်ခရီးအကွာအဝေး ၁၀ မိုင် အထက်ဝေးသည့် အနေအထားဖြစ်ရန် သတ်မှတ်ထားခြင်းရှိပါကြောင်း၊ တင်ပြပါ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် လက်ပံသုံးခွ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၏ အထက်တန်းကျောင်း (ခွဲ) သက်တမ်း ၇ နှစ်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ် စာရင်းအရ စုစုပေါင်းအထက်ဆင့်သင် ကျောင်းသား/သူ ၂၀၆ ဦးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကျောင်းကို ပြီးခဲ့သည့်မေလ ၂၃ ရက်နေ့တွင် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခွင့်ပြုရန် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။