(က)-ယင်းမာပင်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ အ ခြေခံပညာမူလတန်းကျောင်းတွင် အမှန်တကယ် လိုအပ်လျက်ရှိသည့် (၁၂၀ ပေ ထ ၃၀ ပေ ထ ၁၂ ပေ) အုတ်ညှပ် တစ်ထပ်ဆောင် ဆောက်လုပ်ခွင့် ပြုပါရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u aung soeအင်ကြင်းပင်ကျေးရွာ မူလတန်းကျောင်းအဆောက်အဦသည် ၁၉၈၆ ခုနှစ်က ကျေးရွာရှိ ပြည်သူများက ဆောက်လုပ်ခဲ့သော ကျောင်းဆောင်ဖြစ်ပါကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က ဆောက်လုပ်ခဲ့သော အင်ကြင်းပင်မူလတန်း ကျောင်းသည် ၈၀ x ၃၀ x ၁၂ ပေ သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်းဖြစ်ပြီး ယခုအချိန်တွင် ပျက်စီးယိုယွင်းလျက် ဥပတိရုပ် လုံးဝမကောင်းသောအခြေအနေကို ဆိုက်ရောက်လာခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပတိရုပ်မကောင်းမွန်ဖြစ်နေသော အန္တရာယ်ရှိ အဆောက်အဦကို သက်ဆိုင်ရာသို့ ဖျက်သိမ်းခွင့်တောင်းခံခဲ့ရာ အခြေခံပညာဦးစီးဌာန နေပြည်တော်မှ ၁၈-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ် ဌာနခွဲ ၉-ခ/၁၇၂၆၇/အစအ(ဖျက်သိမ်း)-၁၆ ဖြင့် ဖျက်သိမ်းခွင့် ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် ယင်းအန္တရာယ်အဆောက်အဦသည် ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ကျောင်းသားများနှင့် ကျောင်းဆရာ ဆရာမများသည် စာသင်ကြားရာနေရာ လုံးဝမရှိသည့်အတွက် နီးစပ်ရာဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းအနီးရှိ သစ်ပင်ရိပ်များ၌ ခက်ခက်ခဲခဲ စာသင်နေရခြင်း ဖြစ်ပါကြောင်း၊

ထို့ကြောင့် မူလတန်းကျောင်း KG တန်း၊ ၁ တန်း၊ ၂ တန်း၊ ၃ တန်း၊ ၄ တန်း တို့ စာသင်ကြားရန် အလျင်အမြန် အရေးတကြီး ၁၂၀ x ၃၀ x ၁၂ ပေ တစ်ထပ်အုတ်ညှပ် ကျောင်းဆောင် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာပညာရေးဌာနအဆင့်ဆင့်နှင့် တာဝန်ရှိသူများ၏ ထောက်ခံချက်များ၊ ကျောင်းနှင့် ပတ်သက်သော စာရွက်စာတမ်း၊ အချက်အလက်၊ ဓာတ်ပုံများကို အမှုတွဲတွင် ပူးတွဲတင်ပြထားပါကြောင်း၊

ယခုမေးခွန်းကို မိမိအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မေးမြန်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အင်ကြင်ပင်အတွက် (၈၀ x ၃၀ x ၁၂ ပေ) ကျောင်းဆောင်ဆောက်လုပ်ရန် ခွင့်ပြုချက်ငွေ ၃၁.၂ သန်း ချပေးထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ၈၀ x ၃၀ x ၁၂ ပေ အုတ်ညှပ်တစ်ထပ်ဆောင်သာ ချပေးခြင်း ဖြစ်သည့်အတွက် ၁၂၀ x ၃၀ x ၁၂ ပေ အုတ်ညှပ်တစ်ထပ်ဆောင် ဆောက်လုပ်ခွင့်ပြုပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၄၃၃ ခွဲဝေဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် အင်ကြင်းပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယာယီဆောင် ၄၀ x ၂၀ ပေ သွပ်မိုးကပ်ကာတစ်ဆောင်စာ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမာပင်မြို့နယ် အင်ကြင်းပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယင်းမာပင်မြို့နယ်အတွက် ခွဲဝေရရှိသော ဘဏ္ဍာငွေ အခြေအနေအရ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ၁၂၀ x ၃၀ ပေမဟုတ်သော်လည်း ၈၀ ပေ x ၃၀ ပေ သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်ဆောက်လုပ်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေအောက်မှ ကျပ်သန်းပေါင်း ၃၁.၂ သန်းဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပါကြောင်း၊

၂၀၁၇ ခုနှစ် ဂျူလိုင်လခန့်တွင် နောက်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေလျာထားရာ၌ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ဖိတ်ကြားပြီး အမှန်တကယ် လိုအပ်ချက် စိစစ်ပြီး ထပ်မံ၍ ဘဏ္ဍာငွေလျာထားရေး တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။