(ဃ)-မြေအောက်သယံဇာတ ထုတ်ယူမှု၊ နှစ်စဉ် ဝင်ငွေနှင့် ထုတ်လုပ်မှု GDP ရာခိုင်နှုန်း၊ကြွေးကျန်၊ အပြည့်အဝ ရရှိရေး၊ တရားမဝင် ရောင်းဝယ်မှုများ မှ ဖမ်းဆီးရရှိ ခန့်မှန်းတန်ဖိုးနှင့် ဆောင်ရွက်မှု အ ခြေအနေကို ရှင်းလင်းနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၁.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u khin choEIDI ၏ ၂-၁-၂၀၁၆ ရက်နေ့ကထုတ်ပြန်ခဲ့သော (MEIDI) ၏ အစီရင်ခံစာအရ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတ ထုတ်ယူမှုအရ ဝင်ငွေ ကျပ်ဘီလီယံ ၃၀၁၁.၂၈၃ ရရှိပါကြောင်း။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၈၅ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်းက ၁၃ ရာခိုင်နှုန်းနှင့် အခြားသယံဇာတများက ၂ ရာခိုင်နှုန်းရရှိပါကြောင်း။ ကျောက်မျက် ရတနာများအနေဖြင့် ၂၃၆၁၁၇၂ ကာရက်နှင့် ကျောက်စိမ်း ၆၂၄၅ တန်ထုတ်လုပ်ရရှိပါကြောင်း၊ တွင်းထွက် သယံဇာတမှ ရရှိသည့်ဝင်ငွေသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးဝင်ငွေ၏ ၂၃.၆ ရာခိုင်နှုန်း ရရှိ ပါကြောင်း၊ နိုင်ငံကရရှိသည့် တွင်းထွက်သယံဇာတဝင်ငွေအနေအထားနှင့် ထုတ်လုပ်မှု အနေအထားများကို သိရှိလိုသည့်အတွက် ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် သုံးနှစ်၏ အခြေအနေနှိုင်းယှဉ်ချက်ကို ရှင်းလင်းချပြနိုင်ရေးအတွက် (၁) သက်ဆိုင်ရာနှစ်အလိုက် သဘာဝတွင်းထွက် သယံဇာတထုတ်လုပ်မှုများ နှင့်ပတ်သက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း၊ အခြားတွင်းထွက်သယံဇာတ ပစ္စည်းများ ထုတ်လုပ်သည့်ပမာဏ နိုင်ငံတော်ကရရှိသော ဝင်ငွေ အခြေအနေ၊ တစ်မျိုးချင်းဝင်ငွေအပေါ် ရရှိရာခိုင်နှုန်း၊ တွင်းထွက်ပစ္စည်းအားလုံး၏ နှစ်အလိုက် ရရှိဝင်ငွေသည် နိုင်ငံဝင်ငွေအားလုံး၏ ရရှိရာခိုင်နှုန်းနှင့် ထုတ်လုပ်တန်ဖိုးပေါင်းသည် နိုင်ငံ GDP အပေါ် နှစ်အလိုက် ရာခိုင်နှုန်းမည်မျှစီရရှိကြောင်း၊ (၂) ၃၁-၃-၂၀၁၇ ရက်နေ့တွင် ကောက်ခံရရှိရန် ကြွေးကျန်များ ကျန်ရှိမည်ဆိုပါက ဘဏ္ဍာနှစ်အလိုက် ရရန်ကျန်ရှိသော ကြွေးကျန်အခြေအနေနှင့် အပြည့်အဝကောက်ခံရရှိရေးဆောင်ရွက်ထားမှုအခြေအနေများ၊ (၃) ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်း တွင်းထွက်ကျောက်မျက်ရတနာများ၊ ကျောက်စိမ်းများနှင့် ရွှေကဲ့သို့တန်ဖိုးရှိသော တွင်းထွက် ပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများကို ဖမ်းဆီးဖော်ထုတ်နိုင်မှု၊ ဖမ်းဆီးရရှိသော ခန့်မှန်းတန်ဖိုးနှင့် ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn win

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တွင်းထွက်၊ စက်မှုကုန်ကြမ်း၊ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက် ထုတ်လုပ်မှုပမာဏနှင့် နိုင်ငံတော်ကရရှိသည့် ဝင်ငွေများမှာ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ တွင် ရွှေနှင့်အပ အခြားသတ္တုနှင့် မက်ထရစ်တန်အားဖြင့်ဆိုလျှင် ၂၀၁၆-၁၇ မှာ တိုးတက်ပြီး ရရှိသည်ကိုတွေ့ရပါကြောင်း၊ ရွှေစင်အနေဖြင့် ၄၀၀၀၀ ကျော်ပဲရရှိပါကြောင်း၊ စက်မှုတွင်းထွက် ကုန်ကြမ်းအနေနှင့် သိန်းပေါင်း ၇၀ ကျော်ရရှိပါကြောင်း၊ ကျောက်မျက်က ကာရက်ထောင်ပေါင်းနှင့် ပြောမည်ဆိုပါက တစ်သောင်းကျော် ရရှိပါကြောင်း၊ ကျောက်စိမ်းအနေဖြင့် ကီလိုဖြင့်တွက်သည့်အခါ သုံးသောင်းကျော် ရရှိသည့်အတွက်ကြောင့် ၃၄၆၅၄.၉၉၃ ခန့် လျော့ပါးသွားသည်ကို တွေ့ရှိရပါကြောင်း၊

          ဓာတ်သတ္တုမှာဖြင့် ဝင်ငွေကျပ် သန်းပေါင်းအားဖြင့် ၂၀၁၆-၁၇ တွင် ဓာတ်သတ္တုအားဖြင့် လေးသိန်းကျော် ရရှိသည့်အတွက်ကြောင့် တိုးပွားလာသည်ကို တွေ့ရှိရပြီး ကျောက်စိမ်း၊ ကျောက်မျက်မှာ ၂၈၀၀၀၀ ကျော်သာ ရရှိသည့် အတွက်ကြောင့် လျော့ပါးလာသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အတွက်ကြောင့် ကျောက်စိမ်းအနေဖြင့် လျော့သွားသနည်းဆိုလျှင် အဓိက တရုတ်ပြည်မကြီး၏ ဝယ်လက်အားက အကြောင်းအမျိုးမျိုးကြောင့် လျော့ပါးသွားခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်တွင် ရှိသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းများဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ရွှေနှင့်ဇောတိက စီမံကိန်းလေးခုတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ရရှိသည့်အရာများ၂၀၁၄-၂၀၁၅ မှာ တော်တော်များများ ရပြီး ၂၀၁၆-၁၇ မှာ လျော့နည်းသွားပါကြောင်း၊ ကမ္ဘာမှာရှိသည့် ရေနံဈေးနှုန်း ကျသည့် အတွက်ကြောင့် ရေနံသဘာဝဓာတ်ငွေ့နှင့်ပတ်သက်၍ အကုန်လုံးဈေးများ ကျသည့်အတွက်ကြောင့် လျော့နည်းသွားပါကြောင်း၊

ပြည်တွင်းအခွန်မှ တင်ပြလာသည့် ဝင်ငွေခွန်ကိုကြည့်သည့်အခါတွင် (၁) ရေနံရှာဖွေတူးဖော်ထုတ်လုပ်မှု ရောင်းချခြင်းနှင့် ပတ်သက်၍ ကျပ်သန်းပေါင်းအားဖြင့် ၃၆၀၀၀ ကျော်ရရှိသည့် အတွက်ကြောင့် တိုးပွားလာသည်ဟု မှတ်ချက်ပြုရမည် ဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းမှာ ၁၅၀၀၀၀ ခန့်ရရှိသည့်အတွက်ကြောင့် ယခင်နှစ်ထက်စာလျှင် လျော့ပါးသွားပါကြောင်း၊ သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ရောင်းချခြင်းနှင့် ပတ်သက်ပြီး၍ ၆၀၀၀ ကျော် ရရှိသည့်အတွက်ကြောင့် လျော့ပါးသွားကြောင်းကို တွေ့ရှိရပါကြောင်း၊ ကျောက်မျက်ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ၃၀၀၀၀ ကျော် ရရှိသည့်အတွက်ကြောင့် လျော့ပါးသွားပါကြောင်း၊ သစ်တောနှင့်သစ်တောထွက် ပစ္စည်းများထုတ်လုပ်မှု ရောင်းချခြင်းကလည်း သန်းပေါင်းအားဖြင့် ၂၀၀၀၀ ကျော်ရရှိခဲ့ပါကြောင်းနှင့် ၂၀၁၆-၁၇ တွင် သစ်ထုတ်လုပ်မှုကာလကို တစ်နှစ် ပိတ်ထားသည့်အတွက် နည်းပါးသွားခြင်းဖြစ်ပါကြောင်း၊ ရေအား လျှပ်စစ်ထုတ်လုပ်မှု ရောင်းချခြင်းတွင်လည်း ၂၄၀၀၀ ကျော်ရသည့် အတွက်ကြောင့် လျော့ပါးသွားခြင်း ဖြစ်ပါကြောင်း၊

          ကုန်သွယ်ခွန်နှင့်ပတ်သက်ပြီး ခေါင်းစဉ်ခြောက်ခုအရ ကြည့်မည်ဆိုလျှင် ပထမခေါင်းစဉ်အနေဖြင့် ရေနံရှာဖွေ တူးဖော်ထုတ်လုပ်မှုမှာလည်း ကျပ်သန်းပေါင်းအားဖြင့် ၄၀၀၀ ကျော် လျော့နည်းသွားပါကြောင်း၊ သဘာဝဓာတ်ငွေ့ တူးဖော်ရပ်တန့်မှုသည်လည်း ကျပ်သန်းပေါင်းအားဖြင့် တစ်သိန်းကျော် ရသည့်အတွက်ကြောင့် လျော့ပါးသွားပါကြောင်း၊ သတ္တုရှာဖွေထုတ်လုပ်ရောင်းချမှုသည်လည်း ကျပ်သန်းပေါင်းအားဖြင့် ၃၈၅ သန်း လျော့နည်းသွားပါကြောင်း၊ ကျောက်မျက်ရှာဖွေ ထုတ်လုပ်ရောင်းချခြင်းသည်လည်း ကျပ်သန်းပေါင်းအားဖြင့် ၆၉၀၀ သာရသည့်အတွက် လျော့နည်းသွားပါကြောင်း၊ သစ်တောနှင့်သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းမှလည်း သစ်ထုတ်လုပ်မှုကာလာကို တစ်နှစ်ပိတ်သည့်အတွက်ကြောင်‌့ ၂၂၀၀၀ ကျော်သာရရှိပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုသည် ၁၂၀၀၀ ကျော်ခန့် ရသည့်အတွက်ကြောင်‌့ ၎င်းသည်လည်း လျော့ပါးသွားကြောင်း၊

ကုန်သွယ်ခွန်နှင့် ပတ်သက်ပြီး အထူးကုန်စည်မှာ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ မရဘဲ ရေနံရှာဖွေတူးဖော် ထုတ်လုပ်မှု လုပ်ငန်းသည် ၅၉၀၀ ဖြစ်သည့်အတွက် တိုးတက်လာသည်ဟု ယူဆ၍ရပါကြောင်း၊ သဘာဝဓာတ်ငွေ့ တူးဖော်ရောင်းချရေး လုပ်ငန်းကနေပြီး ကျပ်သန်းပေါင်း တစ်သိန်းကျော် ရသည့်အတွက်ကြောင့် တိုးတက်လာသည်ဟုလည်း ပြောလို့ရပါကြောင်း၊ အထူးကုန်စည်ခွန်ကို ၂၀၁၆-၁၇ တွင် သတ်မှတ်ထားသည့် အတွက်ကြောင့် ၂၀၁၄-၁၅ တွင် မပါခြင်းဖြစ်ပါကြောင်း၊ သစ်တောနှင့်သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းမှ သန်းပေါင်း ၅၀၀၀၀ ကျော်ရရှိပါကြောင်း၊ စုစုပေါင်းအားလုံး ကျပ်သန်းပေါင်း ၃၈၉၄၃၇.၅၅၈ သည် အထူးကုန်စည်ခွန်က ရရှိနိုင်မှုဖြစ်ပါကြောင်း၊

          တွင်းထွက်ပစ္စည်းများ၏ နှစ်စဉ်အလိုက်ဝင်ငွေသည် နိုင်ငံ့ဝင်ငွေ၏ GDP ၌ မည်မျှရရှိပါသနည်းဆိုသည့် မေးခွန်းအပေါ်၂၀၁၄-၁၅ အမှန်ပါဝင်မှုအချိုး၏ ၁.၂ ၂၀၁၅-၁၆ ရှေးပြေးအမှန်မှာ  ၁.၁ နှင့် ၂၀၁၆-၁၇ နှစ်ကုန်မှာ ၀၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ GDP ၏ ပါဝင်မှုအချိုးသည် ၂၀၁၄-၁၅ မှာ သတ္တုနှင့် တွင်းထွက်ပစ္စည်း ကဏ္ဍ၏ ၁.၂ ၂၀၁၅-၂၀၁၆ တွင် ၁.၁၊ ၂၀၁၆-၁၇ တွင် နှစ်ကုန်ခန့်မှန်းခြေက ဝ.၉ ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖြေကြားချက်အရ GDP နှင့် စွမ်းအင်ကဏ္ဍ၏ အသားတင်ထုတ်လုပ်မှု နှစ်အလိုက်က ၂၀၁၄-၁၅ အမှန် ၆.၁၊ ၂၀၁၅-၁၆ တွင် ရှေးပြေးအမှန် ၅.၁၊ နှစ်ကုန်ခန့်မှန်းခြေက ၃.၈ ဖြစ်ပါကြောင်း၊ GDP နှင့် လျှပ်စစ်ဓာတ်အား ကဏ္ဍ၏အသားတင် ထုတ်လုပ်မှုတန်ဖိုး နှစ်အလိုက်ကို ၂၀၁၄-၁၅ တွင် ၁.၄၊ ၂၀၁၅-၁၆ တွင် ၁.၄၊ ၂၀၁၆-၁၇ တွင် ၁.၅ အထိ ပါဝင်မှုတိုးတက်လာကြောင်းတွေ့ရှိရပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် သတ္တုတွင်းဦးစီးဌာနသည် ခွင့်ပြုရသည့် လုပ်ကွက်များ၏ ပုံသေငှားရမ်းခနှုန်းကို ကောက်ခံလျက်ရှိရာ ခုနက ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မိမိတို့အားလုံး အကြီးစားခွင့်ပြုမိန့်ပေါင်း ၁၅၀ အနက်မှ ကုမ္ပဏီလေးခုကနေပြီး ပုံသေငှားရမ်းခ အကြွေးကျန် ကျပ်သန်းပေါင်း ၅၆၁.၃၂၇ နှင့် ဓာတ်သတ္တုမှ ၉၀၀ ခွင့်ပြုထားသည့် ၉၁၅ ကနေပြီး ကုမ္ပဏီခြောက်ခု၏ အကြွေးကျန်က ၅.၉၃၆ သန်းပေါင်းကျန်ကြောင်းကို တင်ပြလိုပါကြောင်း၊ ၎င်းကုမ္ပဏီများ၏ ပုံသေငှားရမ်းခကို ဆက်သွယ်ချိတ်ဆက် အကြောင်းကြားခြင်း၊ သက်ဆိုင်ရာဝန်ထမ်းများကို ကုမ္ပဏီများက ပုံသေငှားရမ်းခများပေးသွင်းရန် အတွက်ညှိနှိုင်းအကြောင်းကြားခြင်း၊ ကျန်ရှိသည့် ကုမ္ပဏီများကို အစည်းအဝေးခေါ်ပြီး ပုံသေငှားရမ်းခပေးသွင်းစေခြင်းအားဖြင့် မိမိတို့ ဆွေနွေးခြင်းကို ကျန်ရှိသည့် အကြွေးများကို ဆက်လက်ကောက်ခံလျက်ရှိပါကြောင်း၊

အကြွေးကျန်နှင့်ပတ်သက်ပြီး အမှတ်(၁)သတ္တုတွင်းအကြွေးကျန် မရှိပါကြောင်း၊ ပြည်ပရောင်းဝယ်လိုအားမရှိသည့် အတွက်ကြောင့်လည်းကောင်း၊ နိုင်ငံတကာသတ္တုပေါက်ဈေးကလည်း ကျဆင်းခြင်းကြောင့် သတ္တုလုပ်ငန်းရှင်များသည် ရောင်းလိုခြင်းမရှိပါကြောင်း၊ ရောင်းချခြင်းလည်းမရှိသည့် အတွက်ကြောင့် ဓာတ်သတ္တုခွန်နှင်‌့ ထုတ်လုပ်မှုခွန်ခွဲဝေအချိုးများကိုလည်း မိမိတို့ဝန်ကြီးဌာနကို ပေးသွင်းမှုလည်း မရှိသေးပါကြောင်းနှင့် ယခုလိုကျန်ခဲ့သည့် ကုမ္ပဏီများကို သတိပေးအကြောင်းကြားစာများ ပေးပို့ခြင်း၊ စီမံခန့်ခွဲရေး EC များ ကျင်းပပြီး ပေးသွင်းရက်များကိုလည်း ဌာနအစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၂)က တင်ပြသည့်အတိုင်း ရွှေစင်အားဖြင့် အကြွေးကျန် ကျပ်သန်းပေါင်း ၁၄၅၂၁.၂၄ လေးကျန်ရှိကြောင်းကိုလည်း တွေ့ရှိရပါမည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း တင်ပြပြီး စာရင်းပယ်ဖျက်ပေးခြင်း တာဝန်ရှိသည့် ကြွေးကျန်များကို ကောက်ခံခြင်းနှင့် ကုမ္ပဏီများအား တရားစွဲဆိုခြင်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောက်မျက်နှင်‌့ ပတ်သက်ပြီး ကြွေးကျန်မရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဖြေကြားချက်မှာ စက်မှုလုပ်ငန်းများကို သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချသည့် နေရာတွင် ချည်မျှင်နှင့် အထည်စက်ရုံ (ပလိပ်)၊ စက္ကူစက်ရုံ (ပလိပ်)နှင့် ဖိနပ်စက်ရုံ (ဖော့ကန်)တို့မှာ အကြွေးက ၃၁-၃-၂၀၁၇ ထိ ၅၁၂.၃၂၁ သန်း ကျန်ရှိပါကြောင်း၊ ၎င်းကြွေးကျန်များ အပြည့်အဝထောက်ခံပေးနိုင်ရေးအတွက်လည်း လစဉ်ကိုယ်စားလှယ်များကို စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၃၁-၃-၂၀၁၇ အတွက် အကြွေးကျန်မှာ ကျပ်သန်းပေါင်းအားဖြင့် ရေနံရှာဖွေမှုက ၈.၈၁ ၊ သတ္တုရှာဖွေရောင်းချမှုက ၄.၆၄၈၊ ကျောက်မျက်ရှာဖွေမှုက ၁.၉၀၅၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းများ ရောင်းချမှုက ဝ.၂၂ ဖြစ်ပါကြောင်း၊

တရားမဝင် သယ်ဆောင်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၁၇ တွင် တွင်းထွက်ကျောက်မျက် ရတနာများ၊ ကျောက်စိမ်းနှင့်ရွှေကဲ့သို့ တန်ဖိုးရှိသည့် တွင်းထွက်ပစ္စည်းများ တရားမဝင်သယ်ဆောင်မှုများကို ဖမ်းဆီး ဖော်ထုတ်မှု အားလုံးပေါင်းဆိုလျှင် ဖမ်းဆီးမရမိသည့် သတ္တုပေါင်းသည် ၂၀.၉၄၅ တန်ဖြစ်ပါကြောင်း၊ နှစ်အလိုက် ဖမ်းဆီးရမိမှုကို ခန့်မှန်းမည်ဆိုပါက ဆင့်လိုက်သတ္တုဆိုလျှင် ၄၁.၃၄၄၊ ခဲမဖြူ၊ အဖြိုက်နက်ရောရန် အဆင့်(၂)က ၁၁၇.၅၇၄၊ ခဲမဖြူ၊ အဖြိုက်နက်ရှိသည့် ရောရာက ၆၄.၈၁၃ အားလုံးစုစုပေါင်း ၂၃၃.၉၁၁ သန်း တန်ဖိုးအားဖြင့် ရရှိထားသည်ကိုတွေ့ရှိရပါကြောင်း၊ ကျောက်မျက်အားဖြင့်လည်း ဖမ်းမိသည့် ကျောက်မျက်နှင့်ပတ်သက်၍ အမှုပေါင်းက ၆၈ မှု ဖြစ်ပါကြောင်း၊ ကျပ်တန်ဖိုးအားဖြင့် ၃.၄ ဘီလီယံရှိပါကြောင်း၊

၂၀၁၆-၁၇ တွင် ကျောက်စိမ်း၊ ကျောက်မျက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုခြင်း၊ အမှုဆိုင်ခြင်း၊ နိုင်ငံတော်က သိမ်းခြင်းတို့ကို လယ်ဂျာစာရင်းသွင်းကာ ကျောက်မျက်ရတနာပြပွဲများတွင် နိုင်ငံခြားငွေနှင့် မြန်မာငွေများ ရရှိရန် တင်ပြရောင်းချလျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးရမိမှုများ၏ အမှုပေါင်းသည် စုစုပေါင်းရေနံ၊ ကျောက်စိမ်းက ၁၁၂၊ ခနောက်စိမ်း ၃၊ ယူရေနီယမ် ၁၊ ရွှေ ၁၊ ရေနံစိမ်း ၁၆ အားလုံး ရှိပြီး ၎င်း၏ ကျပ်တန်ဖိုးများကို တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ထိုနည်းတူ စီမံကိန်းနှင်‌့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာသွားမည့်ခရီးသည်က ရွှေဟုယူဆရသည့် အဝါရောင်အတုံး ၁၃ တုံး၊ ၆၀ ကျပ်သား မိမိတို့ခန့်မှန်းချေအားဖြင့် သိန်းပေါင်း ၅၁ သိန်း ခန့် တွေ့ရှိရပါကြောင်း၊ ရန်ကုန်လေဆိပ်မှ ဖမ်းဆီးရပြီးခဲ့နောက် မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ လွှဲပြောင်းပေးထားသည်ကို သိရှိရကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အလိုက် ကျောက်စိမ်းဖမ်းဆီးမှုကိုလည်း အသေးစိတ်တင်ပြချင်ပါကြောင်း၊ အထူးသဖြင့် မြို့နယ်ရုံးများတွင် မြစ်ကြီးနားမြို့နယ်ရုံးတွင် ၇ မှု၊ မူဆယ်တွင် ခြောက်မှု၊ မန္တလေးတွင် ၁၀ မှု၊ တာချီလိတ်တွင် တစ်မှု၊ မူဆယ်(OSS)တွင် တစ်မှု၊  ရေပူအမြဲတမ်းစခန်းတွင် ရှစ်မှု အသီးသီးရှိပါကြောင်း၊ ၊ နိုင်ငံတော်၏ဝင်ငွေအဖြစ် အားထားရသော မြေအောက်သယံဇာတများထုတ်ယူမှုများ အခြေအနေနှင့် နိုင်ငံတစ်ဝန်း နှစ်စဉ်ရရှိသည့် ဝင်ငွေအခြေအနေနှင့် ပတ်သက်ပြီး ၂၀၁၄-၁၅၊ ၂၀၁၅-၁၆၊ ၂၀၁၆-၁၇ ဘဏ္ဍာသုံးနှစ်၏ အခြေအနေများကို စာရင်း ဇယားများနှင်‌့ တင်ပြရှင်းလင်းခြင်းဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။