မေးခွန်း အကြောင်းအရာ
မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲနှင့် လူထုတွေ့ဆုံပွဲကို ၂၅-၂-၂၀၁၆ ရက်နေ့ မိုင်းကိုင်မြို့နယ်၊ ခမ်းနားကျေးရွာအုပ်စု၊ ဝမ်ယက် ကျေးရွာတွင်ပြုလုပ်ရာ ကျေးရွာလူထု ၇၀၀ ခန့်တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ ၎င်းတို့ဒေသအတွင်း ဟိန်းမေတ္တာသတ္တု တူးဖော်ရေးကုမ္ပဏီ လီမိတက်က ကျောက်မီးသွေးတူးဖော်နေခြင်းအား ရပ်ဆိုင်းပေးပါရန် တင်ပြတောင်းဆိုခဲ့ကြပြီး ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊
ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သည် သတ္တုတူးဖော် ထုတ်လုပ်ခွင့်ကို ၁၀-၁၂-၂၀၁၅ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ်(၀၃၈/၂၀၁၅)ဖြင့် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ယက်/ခမ်းနားကျေးရွာအုပ်စု၊ ဝမ်လွေးဒေသအကျယ်အဝန်း ၄၉.၅၀ ဧကတွင် အသေးစားထုတ် လုပ်ခွင့်ရရှိပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပြီး ကျောက်မီးသွေး တူးဖော်ခြင်းကြောင့် မိုင်းကိုင်မြို့နယ်ရှိ ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၅၀၀ ခန့်ရှိ လယ်ယာမြေများ၏ ရေအရင်းအမြစ်များ ပျက်စီးဆုံးရှုံးရမည်ဖြစ်ကာ မိုင်းကိုင်မြို့နယ်မှအစပြု၍ လဲချား၊ နမ့်ဆန်၊ ကျိုင်းတောင်း၊ လင်းခေးမြို့များကို ဖြတ်သန်း၍ သံလွင်မြစ်အတွင်းသို့စီးဝင်သော တိန်းချောင်း၏ မြစ်ဖျားခံရာ ဒေသလည်းဖြစ်ပါသဖြင့် တိန်းချောင်း တစ်လျှောက်ကိုလည်း ဆိုးကျိုးများ ဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊ ရေဝေရေလဲဒေသ သစ်တောများ ပျက်စီးပြုန်းတီးခြင်း၊ စိုက်ပျိုး ရေများခမ်း ခြောက်စေခြင်း၊ လယ်ယာမြေများ ပျက်စီးစေခြင်း၊ နုန်းမြေများ ပို့ချခြင်းဖြင့် လယ်ယာ ချောင်းမြောင်းကောခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုရှိစေခြင်းတို့ကြောင့် ကျောက် မီးသွေးသတ္တု တူးဖော်ထုတ်လုပ်ခြင်းကို ဒေသခံပြည်သူများမှ အစဉ်ကန့်ကွက်ခဲ့ပါကြောင်း ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်အနေဖြင့် သတ္တုတူးဖော်ခွင့် လျှောက်ထားရာတွင် ဒေသခံပြည်သူများ၏ သဘောထားအား ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းအပေါ် ဒေသခံ ပြည်သူလူထုနှင့် သံဃာတော်များ အပါအဝင် အပြင်းအထန်ကန့်ကွက်ခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ယတ်/ခမ်းနားကျေးရွာအုပ်စု၊ ဝမ်လွေးဒေသတွင် ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်အား ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား ရယူခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့် သတ္တုတူးဖော် ထုတ်လုပ်ခွင့်ပြုမိန့် ထုတ်ပေးသည်ကို သိရှိလိုပါကြောင်း၊ ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်က ဝမ်လွေးဒေသတွင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်နေမှုကို ဒေသခံပြည်သူလူထုနှင့် သံဃာတော်တို့က အပြင်း အထန်ကန့် ကွက်ကြောင်းနှင့် တူးဖော်ထုတ်လုပ်နေမှုအား အမြန်ဆုံး ရပ်ဆိုင်းပေးရန် တောင်းဆိုမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးမည်၊ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်နေခြင်း လုပ်ငန်းများကြောင့် လယ်ယာစိုက်ပျိုးရေးအတွက် အားထားရသော ရေထွက်ဦးချောင်းများ၊ ရေပေးမြောင်းများ ပျက်စီးခြင်းအား မည်ကဲ့သို့ ပြန်လည်ပြုပြင်ပေးမည်နှင့် ပျက်စီးဆုံးရှုံးသွားသော ရေဝေရေလဲ သစ်တောများအား မည်ကဲ့သို့ပြန်လည် အစားထိုး ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းနှင့်စပ်လျဉ်း၍ မိုင်းကိုင်မြို့နယ်၊ ဝမ်ယတ်/ခမ်းနားကျေးရွာအုပ်စု၊ ဝမ်လွေးဒေသ အတွင်းတွင် မြေဧက ၄၅.၅ ဧကစီရှိသည့် လုပ်ကွက်နှစ်ကွက်တွင် ဟိန်းမေတ္တာသတ္တု တူးဖော်ရေး ကုမ္ပဏီကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာမှုဆောင်ရွက်ဖို့အတွက် ခွင့်ပြုမိန့်အမှတ်၊ ၀၃၂/၂၀၁၄ နှင့် ၀၃၃/၂၀၁၄ တို့ကို ၂၄-၇-၂၀၁၄ မှ ၂၃-၇-၂၀၁၅ အထိ တစ်နှစ်သက်တမ်းနှင့် ခွင့်ပြုခဲ့ပါကြောင်၊ ထိုသို့ခွင့်ပြုမှုသည် စမ်းသပ် တိုင်းတာမှု ဖြစ်ပါကြောင်း၊
ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်တွင် စမ်းသပ်တိုင်းတာမှုအတွက် လျှောက်ထားရာ ခမ်းနားရွာ၊ ဝမ်တီးရွာ၊ ကုန်းလုံးရွာ(တောင်)၊ ကုန်းလုံးရွာ (မြောက်)၊ ပုံးယမ်းရွာ၊ ဟွေ့မွန်ရွာ(ဝမ်လွေး)၊ လုတ်မောင်းရွာ၊ ပါကော်ရွာ၊ ကုန်စုံရွာမှ ဒေသခံပြည်သူ ၁၅ ဦး၏ ထောက်ခံချက်ဖြင့် ဝမ်ယတ်/နန်းယန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ ကျောက်မီးသွေး တူးဖော်မှု မြေနေရာသည် တောင်သူစိုက်ပျိုးမြေများ၊ စီမံကိန်းလုပ်ငန်းများ၊ သာသနာမြေများ၊ သုသာန်မြေများနှင့် ကင်းလွတ်သည့်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အိမ်ထောင်စုများမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ ဌာနများက သစ်တောကြိုးဝိုင်းမြေဧရိယာအတွင်း ပါဝင်ပေါက်ရောက်မှု မရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ရာသီဥတုနှင့် ကောက်ပဲသီးနှံနှစ်ချုပ် အစီရင်ခံစာ စာရင်း-၂ အရ မြေလွတ်/မြေရိုင်း အမျိုးအစား ဖြစ်ပြီး သစ်တောကြိုးဝိုင်းအတွင်း ကျရောက်မှု မရှိသည့်အတွက် ကန့်ကွက်ရန်မရှိကြောင်း၊ မြေလွတ်/ မြေရိုင်းဖြစ်ပြီး နိုင်ငံတော်က အလိုရှိသည့်အတိုင်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဖြစ်သည့်အတွက် ကန့်ကွက်ရန် မရှိကြောင်းနှင့် ဝန်ကြီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပါက ကန့်ကွက်ရန် မရှိကြောင်းကို ရှမ်းပြည်နယ်အစိုးရက ထောက်ခံတင်ပြခဲ့ခြင်းကြောင့် စမ်းသပ်တိုင်းတာခွင့်ကို ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊
ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ ယခင်အစိုးရလက်ထက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး အပါအဝင် ကျေးရွာသား ၁၁၈ ဦးက လက်မှတ်များ ပူးတွဲပြီး ပြည်သူ့လွှတ်တော်သို့ ၂၀၁၅ ခုနှစ်၊ မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ပြည့်အောင်ဟိန်းသတ္တု တူးဖော် ရေးကုမ္ပဏီလီမိတက်နှင့် ဟိန်းမေတ္တာ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့သည် မိုင်းကိုင် မြို့နယ်အတွင်းတွင် ကျောက်မီးသွေး တူးဖော်မှုကို ကန့်ကွက်ကြောင်း တင်ပြစာနှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ သတ္တုတွင်းဦးစီးဌာနကဦးဆောင်ပြီး ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့ ပါဝင်သည့် အဖွဲ့ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊
အဆိုပါ အစီရင်ခံစာများအရ တိုင်ကြားသည့်ပုဂ္ဂိုလ်များသည် လုပ်ကွက်အနီးတွင် နေထိုင်သော ဒေသခံလူများ မဟုတ်ခြင်း၊ လုပ်ကွက်များသည် မိုင်းကိုင်မြို့နှင့် ၃ မိုင်၊ ၄ မိုင်ခန့်ကွာဝေးခြင်း၊ လုပ်ကွက်နှင့် နှစ်မိုင်ခန့်သာ ကွာဝေးခြင်းကြောင့် ဝမ်ယက်ကျေးရွာ ရွာသားများက ထောက်ခံတင်ပြထားခြင်း၊ လွတ်တူး စမ်းသပ်တိုင်းတာခြင်းများသည် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်မှုမရှိခြင်း၊ နမ့်တိန်းချောင်းသည် လုပ်ကွက်နှင့် တစ်မိုင်ခွဲခန့်သာ ကွာဝေးခြင်း၊ ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ၁၈၀ မိုင်ကွာဝေးခြင်းတို့ကြောင့် ရေအရင်း အမြစ် ပျောက်ဆုံးနိုင်မှု မရှိခြင်း၊ ထင်းရှူးတောနေရာတွင် ထင်းရှူးအနည်းငယ်သာပေါက်ပြီး အလေ့ကျ ခြုံနွယ်များသာ ပေါက်ရောက်ခြင်း၊ ဒေသခံလူငယ်များ လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း အားဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲမှုကို လျော့ပါးနိုင်ခြင်းစသည့် နိုင်ငံတော်အကျိုးစီးပွားနှင့် ဒေသခံအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ကိုင်ခွင့် ပြုသင့်ပါကြောင်း ထောက်ခံတင်ပြသည်ကို တွေ့ရှိရပါကြောင်း၊
၂၀၁၅ ခုနှစ် သြဂုတ်လတွင် စစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြချက်နှင့်အတူ ကုမ္ပဏီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဘူမိဗေဒ အစီရင်ခံစာရေးဆွဲပြီး ထုတ်လုပ်မှု ကူးပြောင်းဆောင်ရွက်မှုကို တင်ပြခဲ့ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများ၊ သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကိုက်ညီသည့်အတွက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသော သတ္တုတွင်းဝန်ကြီးဌာန၊ EC ၏ (၄၈/၂၀၁၅)အရ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ရန်ကို သဘောတူခွင့်ပြုခဲ့ပါကြေင်း၊ ဓာတ်သတ္တုအသေးစားထုတ်လုပ်ခွင့်အရ ၁၀-၁၂-၂၀၁၅ မှ ၉-၁၂-၂၀၂၀ အထိ ငါးနှစ် သက်တမ်းကိုခွင့်ပြုပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီတို့သည် လုပ်ငန်းသဘောတူ စာချုပ်ကို ချုပ်ဆိုလုပ်ကိုင်ခဲ့ပါကြောင်း၊
အဆိုပါကုမ္ပဏီအနေဖြင့် ဌာနကို ဓာတ်သတ္တု ၂၇၃၀၀၀ နဲ့ အမှတ်(၁) သတ္တုတွင်းဌာနတို့ ခွဲဝေမှု အချိုးကျပ် ၂၈၈၈၁၀၀ ကို ပေးသွင်းခဲ့ပါကြောင်း၊ အဆိုပါလုပ်ကွက်နှင့်ပတ်သက်ပြီး (Environmental Management Plan-EMP)ကို ရေးဆွဲကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနသို့ ပေးပို့ပြီး ဦးစီးဌာနမှ လိုက်နာမှုသက်သေခံထုတ်ပေးရန်အတွက် စိစစ်နေဆဲဖြစ်ပါကြောင်း၊
ဒေသခံများနှင့် သံဃာတော်များက အပြင်းအထန် ကန့်ကွက်နေမှုနှင့် ထုတ်လုပ်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပေးရန်ကို တောင်းဆိုမှုအပေါ် စစ်ဆေးရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းက ဒုတိယညွှန်ကြားရေးမှူး ဦးအောင် မြတ်သူ ဦးဆောင်ပြီး သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိုင်းကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ပါဝင်သော ကွင်းဆင်းအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝမ်ယက်/ယန်းနန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ယန်းနန်းကျေးရွာဆယ်အိမ်မှူး၊ လွိုင်ရှို့ကျေးရွာ ဆယ်အိမ်မှူးများနှင့် ကုံးလုံးကျေးရွာ ဆယ်အိမ်မှူး၊ ခမ်းနားကျေးရွာဆယ်အိမ်မှူးနှင့် ကျေးရွာသူ/ ကျေးရွာသား ၄၀ ဦးကို တွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် လုပ်ကွက်အတွင်း ရေထွက်မှ ရှိသည့်ရေသည် ကျောက်မီးသွေး တူးသည့်နေရာကို ဖြတ်သန်းစီးဆင်းခြင်းကြောင့် လယ်ယာမြေများ ထိခိုက် မည်ကိုစိုးရိမ်ခြင်း၊ မိုင်းကိုင်မြို့၊ လွယ်ရှို့ကျေးရွာ၏ တောင်ရွာရှိ အိမ်များကို တိုးချဲ့ရာတွင် ကျောက် မီးသွေးတူးဖော်သည့်လုပ်ငန်းနှင့် မလွတ်ကင်းမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်လက်မှတ် ရေးထိုးရသည်ကြောင်းကို ဆွေးနွေးပြောကြားလိုပါကြောင်း၊ ၁၁-၄-၂၀၁၇ ရက်နေ့တွင် ကျောက် မီးသွေးတူးဖော်မှုကို ဒေသခံများကနေ ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် ၂၄-၄-၂၀၁၇ ရက်နေ့တွင် ကျောက်မီးသွေးထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းရန် ညွှန်ကြားခဲ့ပြီး အမှတ်(၁)သတ္တုတွင်း ဦးစီးဌာနကို အမြန်ဆုံးစစ်ဆေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ကျောက်မီးသွေး ထုတ်လုပ်မှု လုပ်ငန်း များ ဆောင်ရွက်ရန် သင့်/မသင့်ကို ရှမ်းပြည်နယ်အစိုးရ၏ သဘောထားရယူပြီး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
တတိယမေးခွန်းနှင့် စပ်လျဉ်း၍ ရေစိမ့်ထွက်ပေါက် တစ်ခုရှိပြီး နွေရာသီတွင် ရေစီးဆင်းမှုနည်းပါးပြီး မိုးရာသီမှာသာ ရေစီးမှုရှိကြောင်း၊ ရေစီးဆင်းရာ တစ်လျှောက် တစ်မိုင် အကွာတွင် လူနေထိုင်မှုမရှိသည့်အတွက် အနည်စစ်ကန်များ ပြုလုပ်ပြီး ရေစီးဆင်းရာ လမ်းကြောင်းကို လွှဲပြောင်းပေးခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်ရန် ဆောင်ရွက် ပေးနိုင်ခြင်း အကြံပြုချက်တို့ကို ကုမ္ပဏီအား လိုက်နာစေဆောင်ရွက်ပြီး ကတိကဝတ် ရယူသွားမည် ဖြစ်ပါကြောင်း၊ လုပ်ကွက်အတွင်း မလွတ်ကင်းသည့်ထင်းရှူး ပင်များကို သက်ဆိုင်ရာ သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ကြိုတင်ခွင့်ပြုချက် ရယူပြီးမှ ခုတ်လှဲပြီးသော သစ်ပင်များအတွက် အစားထိုး စိုက်ပျိုးရန် လုပ်ကွက်အတွင်း ပျိုးထောင်ပြီးဖြစ်သော ပျိုးပင် ၅၀၀၀ ကျော်ကို လွတ်ကင်းသည့် နေရာတွင် နှစ်ဆတိုးပြန်လည် စိုက်ပျိုးခြင်းဖြင့် ရေဝေရေလဲ သစ်တောများကို ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးစိုင်းဆိုင်မိုင်း(မိုင်းကိုင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၅-၂-၂၀၁၇ ရက်နေ့တွင် မိုင်းကိုင်မြို့ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ၌ ပြညသူလူထု ၅၈၀ ဦးမှ လက်မှတ်ရေးထိုးကာ ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းကို ရပ်ဆိုင်းပေးနိုင်ရေး ဆောင်ရွက်ပေးရန် တင်ပြတောင်းဆို လာခဲ့ပြီး ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းအတွက် သဘောတူ ထောက်ခံခြင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ လက်မှတ်ရေးထိုးပေးခဲ့ကြခြင်း မရှိခဲ့ကြောင်းလည်း တင်ပြပြောဆိုခဲ့ကြပါကြောင်း၊ အမှန်တကယ် လူထုသဘောထားကို ရယူခဲ့မည်ဆိုပါက ပြည်သူလူထုအနေဖြင့် ကန့်ကွက်စရာရန် မရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု သဘောမတူသော ကျေးရွာ အိမ်ခြေများနှင့် လယ်ယာ၊ ချောင်းမြောင်း ရေစီးရေလာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသော ကျောက်မီးသွေးတူးဖော်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဆက်လက် စုံစမ်းစစ်ဆေးဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးအုန်းဝင်း
ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းကို ယာယီပိတ်သိမ်းရန် ညွှန်ကြားပြီးဖြစ်ပါကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကိုလည်း ရရှိပြီးဖြစ်သည့်အတွက် မိမိတို့ သုံးသပ်နေပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ် အစိုးရနှင့် ညှိနှိုင်းပြီး သဘောထားရယူကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
