(ခ)-အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်အတွင်း ရွှေ တူးဖော်ထုတ်လုပ်နေမှုကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက် ပေးနိုင်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၁.၅.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

san san eiအင်းတော်ကြီးအိုင်သည် မိုးညှင်းမြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်တွင် တည်ရှိပြီး မိုင်းတောင်ကြိုးဝိုင်း၊ နမ့်ခင်းခကြိုးဝိုင်း အပါအဝင် ကြိုးဝိုင်းငါး၏ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်တောင်ဘက်များတွင် ဝိုင်းရံတည်ရှိပါကြောင်း၊ အဆိုပါ သစ်တောတောင်တန်းများက မြစ်ဖျားခံလာသည့် ချောင်းများသည် အင်းတော်ကြီးကန် အတွင်းသို့ စီးဝင်ကြပါကြောင်း၊ မြောက်ဘက်တွင် တစ်ခုတည်းရှိသည့် ‌ရေထွက်ပေါက်မှာ အင်းတော်ချောင်းမှ တစ်ဆင့် မိုးခေါင်းချောင်းကိုစီးဝင်ပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းခြင်း ဖြစ်ပါကြောင်း၊ ရေဝေရေလဲ များပြားသည့်အလျှောက် ချောင်းများတွင် တရားမဝင်ရွှေလုပ်ငန်းများကို စက်ယန္တရားများနှင့် တူးဖော်ထုတ်လုပ်ကြသည့်အနက် မိုင်းတောင်ရွာသည် အကြီးဆုံးဖြစ်ပါကြောင်း၊ ထိုရွာမှ ဖြတ်သန်းစီးဆင်းလာသည့် ခေါင်းတုံးချောင်း တစ်လျှောက်တွင် ရေဆိုးစွန့်ပစ်မှုများကြောင့် ဒေသခံ များသည် ဓာတုအဆိပ်သင့်မှုများ၊ ရေနေသတ္တဝါများ ရှားပါးလာခြင်း၊ အင်းအတွင်း နုန်းအနယ် ကျမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်းခိုငှက်များ ခိုလှုံသားပေါက်ရန်အတွက် နေရာများလည်း လျော့နည်းလာခြင်းများသည် သဘာဝ၏ ဂေဟစနစ်ကို ပျက်စီးလာစေသည့် ခြိမ်းခြောက်မှုများဖြစ်ပါကြောင်း၊ ၂၀၀၅ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဆောင်းခိုငှက်များ ပျံသန်းရန် အရေးကြီးရေဝပ် ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရန်ဆာ ရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို အောင်မြင်စွာ ဆွဲဆောင်နိုင်ရန်အတွက် မူဝါဒများချမှတ် ဆောင်ရွက်နေသည့် နေရာများတွင် အာဆီယံခရီးသွားလုပ်ငန်း၊ မဟာမဲခေါင် ခရီးသွားလုပ်ငန်း၊ ဖွံ့ဖြိုးမှုမဟာဗျူဟာများနှင်‌့ ချိတ်ဆက်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက်ကြောင့် တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေကို ရှာဖွေသည့်နေရာတွင် မီးခိုးမထွက်သည့် စက်ရုံများအဖြစ် သတ်မှတ်ခံရသော သဘာဝအခြေခံခရီး သွားလုပ်ငန်းဖြစ်သည့် အင်းတော်ကြီးအိုင်ကို ရေရှည်ထိန်းသိမ်းနိုင်စေရန်နှင့် ဂေဟစနစ်ဖျက်ဆီးစေသော တရားမဝင်ရွှေလုပ်ငန်း တူးဖော် ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ မိုင်းနောင်ရွာ မှထွက်လာသည့် ခေါင်းတုံချောင်းမှ အင်းတော်ကြီးထဲကို စီးဝင်သည့် လမ်းကြောင်းသည် အင်းတော်ကြီးအိုင်၏ ကမ်းနားပတ်ဝန်းကျင်များတွင် နုန်းအနယ်ကျလာခြင်းမှာ အပြာရောင် အရင့်သည် အင်း၏ရေအနက်ပိုင်း ဖြစ်သည့်အတွက် ဆောင်းခိုငှက်များ၊ သားများပေါက်ရန်၊ ငါးများ ရေနေသတ္တဝါများ၏ အသက်ရှင်သန်မှုများအတွက်ကို ၎င်းထက်ဆိုးရွားစွာ ခြိမ်းခြောက်လာခြင်း ဖြစ်သည့်အတွက် မည်ကဲ့သို့ တရားမဝင်‌ရွှေတူးဖော် ထုတ်လုပ်နေမှုများကို မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winအင်းတော်ကြီးအိုင်ပတ်ဝန်းကျင်တွင် ရွှေသတ္တုတူးဖော်ရေး တရားဝင်ခွင့်ပြုမိန့်ကို ယခုနှစ်ထိကို ထုတ်ပေးထားခြင်း လုံးဝမရှိသေးပါကြောင်း၊ တရားမဝင်ရွှေသတ္တု တူးဖော်ခြင်းလုပ်ငန်းများကို ဖယ်ရှားအရေးယူနိုင်ရန်အတွက် သတ္တုတွင်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမည့် စီမံချက်ရေးဆွဲပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုံးခြုံရေးဆောင်ရွက်ပေးနိုင်မှုအပေါ် ဒေသဆိုင်ရာအုပ်ချုပ်မှု အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေပါကြောင်း၊

ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်အတွင်း ရွှေသတ္တု တူးဖော်ရန် အတွက် တရားဝင်ခွင်‌့ပြုထားခြင်း မရှိကြောင်းနှင့် ရွှေသတ္တုတူးဖော်ခြင်းကို  သတင်းရရှိပါက လုံခြုံရေးအခြေအနေအရ ဘေးမဲ့တောဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လိုအပ်ပါက နယ်မြေခံတပ်ရင်းတပ်ဖွဲ့အင်အားများပါသည့် ပူးပေါင်းအဖွဲ့များနှင့် သွားရောက်စစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်းတော်ကြီးဒေသအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင် ရွှေတူးဖော်ခြင်း ငါးကြိမ်၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၂၆ မျိုးနှင့် တရားခံခြောက်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်နှင့် အခြားဒေသများတွင် တရားမဝင်ရွှေတူးဖော်နေမှုများကို သတင်းရယူအတည်ပြုပြီး နယ်မြေဒေသ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေး ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊

သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် အင်းတော်ကြီးအိုင် ဒေသပတ်ဝန်းကျင်တွင် တရားမဝင် ရွှေတူးဖော်မှုများကို ထိရောက်စွာတားဆီးကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးမည့် စီမံချက်များကိုရေးဆွဲပြီး နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကချင်ပြည်နယ် အစိုးရအဖွဲ့၏လုံခြုံရေး အစီအမံကိုရယူပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ထို့အပြင် ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်ဌာန ပတ်ဝန်းကျင်ဒေသတွင် ရွှေတူးဖော်မှုများ ပြုလုပ်ခြင်းကြောင့် အင်းတော်ကြီးကန်အတွင်း ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ လျှော့ချနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို သစ်တောဦးစီးဌာနနှင့် Fauna and Flora International – Myanmar Programme  တို့ပူးပေါင်းပြီး ကျင်းပခဲ့ပါကြောင်း၊ ဆွေးနွေးပွဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အပါအဝင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နော်ဝေနိုင်ငံသံရုံး၊ INGO များ၊ ပုဂ္ဂလိကအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦးတက်ရောက်ကြပြီး ဆွေးနွေး အကြံပြုချက် ၁၄ ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ အကြံပြုချက်များ ဆွေးနွေးဖော်ထုတ်ချက်များ သည် အင်းတော်ကြီးကန်ပတ်လည် ပတ်ဝန်းကျင်တွင် တရားမဝင် ရွှေတူးဖော်မှုကို ဒေသခံပြည်သူ လူထုနှင့်ပူးပေါင်းပြီး ကာကွယ်နိုင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ဒေသခံများနှင့် NGO များ အားလုံးစုပေါင်းပြီး ဆောင်ရွက်မှသာလျှင် မိမိတို့ ခုနက တရားမဝင်ရွှေတူး ဖော်မှုလုပ်ငန်းအား တားမြစ်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်စန်းစန်းအိ (မိုးညှင်းမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တရားမဝင် ရွှေတူးဖော်ထုတ်လုပ်နေသည် ဆိုသည်မှာ နိုင်ငံတော်ကို အခွန်မဆောင်သည်မှာလည်း မှန်ကန်ပါကြောင်း၊ တူးဖော်ထုတ်လုပ်ခြင်းသည် ရိုးရိုးတူးဖော်ထုတ်လုပ်ခြင်း မဟုတ်ဘဲ စက်ယန္တရား အစီးပေါင်း ၅၀ အထိ ရှိသည်ဆိုသည်မှာလည်း အတိအကျသိရှိထားပါကြောင်း၊ ယခုလို သိရှိထားခြင်းသည် ၎င်းယန္တရားများကို မည်သည့်နည်းလမ်းမျိုးနှင့် ခွင့်ပြုပေးထားသည်ဆိုသည် သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း  ယန္တရားတော်တော်များများသည်  မိမိတို့တွေ့ရှိချက်အရ တရားမဝင် လမ်းကြောင်းမှသွားရခြင်း ဖြစ်ပါကြောင်း၊ တရားဝင်လမ်းကြောင်းမှ တစ်ဆင့်သွားသော်လည်း စက်ယန္တရားဆိုလျှင် စာရင်းအရမရှိပါကြောင်း၊ အထူးသဖြင့် မိမိတို့ လွန်ခဲ့သည့် သုံးလခန့်က တရားမဝင်ယန္တရား သုံးစီးဖမ်းမိခဲ့ပါကြောင်း၊ အထူးသဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်လာသည့် ယာဉ်ယန္တရားများဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။