မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် ကျောက်တန်းမြို့နယ်တွင်ရှိသော သစ်တောဦးစီးဌာနက စီမံခန့်ခွဲသည့် မြေစာရင်းကို သိရှိလိုသည့်အတွက် စုံစမ်းခဲ့ရာတွင် သစ်တောဦးစီးဌာန၏ ဦးစီးအရာရှိက ဘန့်ဘွေးကုန်းကြိုးဝိုင်း ၅၅၃ ဧကအတွင်း ပုဂ္ဂလိက စိုက်ခင်း ၁၀ ဧကအား နှစ် ၃၀ မြေငှားထားပြီး တစ်နှစ်မှခုနစ်နှစ်အထိ တစ်ဧက ၅၀၀ ကျပ်နှုန်း နိုင်ငံတော်သို့အခွန်ပေးသွင်းဆောင်ရွက်စေခဲ့ပါသည်ဟု ဖြေကြားခဲ့ပါ ကြောင်း၊ အဆိုပါ ၁၀ ဧကတွင် ရှေးဟောင်းဘုရားတည်ရှိရာ သွားသည့်လမ်းကို ပိတ်ထားသည့် အတွက် ရွာသူရွာသား ၆၀ ကျော်က လက်မှတ်ရေးထိုးပြီး အကူညီတောင်းခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးကို အကူအညီတောာင်းခံခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးမှ သစ်တောကြိုးဝိုင်းအတွင်းမှာပါဝင်ပြီး မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းက ရော်ဘာ စိုက်ပျိုးထားသော မြေ ၁၀ ဧကကို ဦးမင်းဝိုင်က တစ်ဧကလျှင် သိန်း ၅၀ ဖြင့် စုစုပေါင်း သိန်း ၅၀၀ ပေးလျော်ပြီး သစ်တောဦးစီးဌာနနှင့် လုပ်ကိုင်ခွင့်စာချုပ်ချုပ်ဆိုကာ လိမ္မော်ပင်များ စိုက်ပျိုးခဲ့ ကြောင်း၊ လိမ္မော်ပင်များပျက်စီးမည်စိုးရိမ်သဖြင့် စေတီတော်သို့သွားရာလမ်းကိုပိတ်ထားခဲ့ကြောင်း ၁၀-၁၀-၂၀၁၆ ခုနှစ်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ခေါ်ယူညှိနှိုင်းမှုအရ စေတီတော်သို့သွားရာလမ်းကို ပြန်လည် အသုံးပြုခွင့်ပေးမည်ဟု နှုတ်ကတိပေးခဲ့ပါကြောင်း ပြန်လည်အကြောင်းပြန်ကြားလာပါကြောင်း၊
အဆိုပါ သစ်တောထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်များ၊ ဘုရား စေတီများလည်း တည်ရှိနေပါကြောင်း၊ ထို့ပြင် ကျောက်တန်းမြို့နယ်ပြည်သူလူထုက အားထားရသော ဘန့်ဘွေးကုန်းဆည်ကြီးသည် ပျားလိမ္မော်ခင်းများနှင့် ထိစပ်နေသောကြောင့် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများသုံးစွဲရာမှ ရေထုညစ်ညမ်းခြင်းနှင့် ရှေးဟောင်းအမွေ အနှစ်တွေ ပျောက်ပျက်ခြင်းများကိုလည်း စိုးရိမ်ပူပန်နေရပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာန (၂)မှ ပြန်လည်အကြောင်းပြန်သည့် ဖြေကြားချက်များတွင်လည်း မြေငှားရမ်းခသည် ကွာခြားနေခြင်းပေါ် မြေငှားရမ်းခအမှန်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောကြိုးဝိုင်းအတွင်း ပုဂ္ဂလိကလုပ်ငန်းရှင် ဦးမင်းဝိုင်(မှတ်ပုံတင်အမှတ်-၁၀/မလမ(နိုင်) ၀၁၆၇၂၁)ကို ပုဂ္ဂလိက နှစ်ရှည်ရော်ဘာ စိုက်ခင်း ၁၀ ဧကစိုက်ပျိုးရန်အတွက် စာချုပ်အမှတ်-၂/၂၀၁၂-၁၃ သတ်မှတ် စည်းကမ်း ၁၇ ချက်ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ၁၁-၆-၂၀၁၂ မှ ၁၀-၆-၂၀၄၂ အထိ နှစ်ပေါင်း ၃၀ ခွင့်ပြု ထားပါကြောင်း၊ ငှားရမ်းခအနေဖြင့် စာချုပ်ချုပ်သည့်နေ့မှစတင်၍ ခုနစ်နှစ်အထိကို တစ်နှစ်လျှင် တစ်ဧက ၅၀၀ နှုန်း၊ ခုနစ်နှစ်အထက်ပိုင်းအတွက် တစ်နှစ်လျှင် မြေငှားရမ်းခ တစ်ဧက ၁၀၀၀ နှုန်းဖြင့် ငှားရမ်းပေးထားသည်ကို စာချုပ်တွင် တွေ့မြင်နိုင်ပါကြောင်း၊
ဦးမင်းဝိုင်အနေဖြင့် အဆိုပါရော်ဘာ ၁၀ ဧကကို ယခင် မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီက ငှားရမ်းခဲ့ပြီး ငါးဧကကို ရော်ဘာစိုက်ပျိုး၍ ကျန် ငါးဧကကို သီဟိုသရက် စိုက်ပျိုးခဲ့ပါကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် စိုက်ခင်းများ ပျက်စီးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြန်လည်စိုက်ပျိုးခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဦးမင်းဝိုင်သည် ၎င်း၏ အမည်ဖြင့် မြန်မာ့စိုက်ပျိုးရေးနှစ်ရှည်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး ကော်မတီမှ မိမိတို့ ဝန်ကြီးဌာနကို လွှဲပြောင်းပြီးဖြစ်ပါကြောင်း၊ မိမိတု့ိဝန်ကြီးဌာနမှ ၃၀-၃-၂၀၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၅/၂၀၁၂) အစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်ဧကလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ခွင့်ပြုထားခဲ့ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
