(ဂ)-မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာရှိ ဝဲကလိချောင်း တံတားအားသံကူကွန်ကရစ်တံတားအဖြစ် အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃၀.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u saw tunဝဲကလိကျေးရွာသည် မုဒုံမြို့နယ်၊ တွင်းပိုင်းရွာများအနက် ပင်လယ်နှင့်နီးကပ်စွာ တည်ရှိနေပြီး သံဃာနှင့် လယ်သမားအများစုနေထိုင်သည့် ရှေးဟောင်းရွာဖြစ်ပါကြောင်း၊ တွင်းပိုင်းရွာချင်း ဆက် အနေဖြင့် သမားအိုးကျေးရွာ၊ ပိတောက်ညောင်ကိုင်းကျေးရွာ၊ ကတုံးပေါ်ကျေးရွာ၊ ကော့ပလန် ကျေးရွာကြီးများနှင့် ကူးလူးဆက်ဆံနေရသောရွာဖြစ်ပြီး မုဒုံမြို့နှင့် ရှစ်မိုင်ကွာဝေးသည့် အစွန်းအဖျား ကျသောရွာလည်းဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်က သစ်သားတံတားတစ်ခု တည်ဆောက်ပေးခဲ့ သော်လည်း ၁၉၉၉ ခုနှစ်တွင် အဆိုပါတံတားမှာစတင်ပျက်စီးလာပြီး အကြိမ်ကြိမ် ပြုပြင်လာရာမှ ၂၀၀၀ ခုနှစ်တွင် လုံးဝပြိုလဲပျက်စီးသွားချိန်မှစ၍ ယနေ့အထိ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပေ ၃၀၀ ခန့်ကျယ်သောချောင်းကို လှေဖြင့် တစ်ဖက်ကမ်းကူးပြီး မုဒုံမြို့သို့ ၁၆ မိုင်ကျော်ခရီးကွာဝေးစွာအချိန်ကုန်ခံ၍ သွားလာရပါကြောင်း၊ အကယ်၍ နိုင်ငံတော်မှ ဝဲကလိ ချောင်းတံတားအား ခေတ်မီသံကူကွန်ကရစ်တံတားသစ် တစ်စင်းတည်ဆောက်ပေးနိုင်မည်ဆိုပါက ရွာနှင့် ပတ်ဝန်းကျင်ကူးလူးဆက်ဆံနေရသော အင်းပိုင်းရွာများအားလုံးအတွက် ပညာသင်ကြားရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊

 သို့ဖြစ်ပါ၍ ကျေးရွာချင်း ဆက်နွယ်နေသော အင်းပိုင်း၊ ဝဲကလိချောင်းတံတားသစ်အား နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအတွင်းရှိ ဝဲကလိချောင်းကူးတံတား ၃၀၀ ပေ၏ လက်ရှိအခြေအနေသည် ပြိုလဲပျက်စီးနေသော သစ်သားချောင်းကူး တံတားဖြစ်ပါကြောင်း၊ အဆိုပါသစ်သားတံတားကို သံကူကွန်ကရစ်တံတား တည်ဆောက်ပါက ငွေကျပ် သန်း ၆၀၀ ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၉၂၆ အိမ်နှင့် လူဦးရေပေါင်း ၁၀၃၇၇ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၄၀၀.၉၃ သန်းနှင့် ကွန်ကရစ်လမ်း ၆ မိုင် ၄ ဖာလုံကို ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်က လျာထားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်မှ လမ်းအမျိုး အစားနှင့် လမ်းအဆင့်သတ်မှတ်ခြင်း၊ လမ်း၊ တံတားစံချိန်စံညွှန်းသတ်မှတ်ခြင်း၊ လမ်းနယ်သတ်မှတ် ခြင်းနှင့် လမ်းပိုင်ဆိုင်မှုနယ်နိမိတ်သတ်မှတ်ခြင်းများအား ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီသို့ တင်ပြပြီး အတည်ပြုချက်ရယူပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်မှ စတင်၍ လမ်း၊ တံတားလုပ်ငန်းများအတွက် ဘဏ္ဍာငွေလျာထားရာတွင် ဗဟိုကော်မတီမှ အတည်ပြုထားသည့် စံချိန်စံညွှန်းများ၏ စံနှုန်းများအတိုင်း စတင်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ National Strategy for Rural Roads and Access ပါ ရင်းနှီးမြှုပ်နှံအစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်းများအတွက် ပြည်နယ်/ တိုင်းဒေသကြီးများမှ ဦးစားပေးရေးဆွဲတင်ပြလာသည့် လုပ်ငန်းများအပေါ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စိစစ်၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားနေခြင်းဖြစ်ပါကြောင်း၊

 မုဒုံမြို့နယ်အတွင်းရှိ ဝဲကလိချောင်းကူးတံတားတည်ဆောက်ခြင်းကို မိမိ၏ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင် ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်ပါဝင်ခဲ့ ခြင်းမရှိသော်လည်းပဲ မုဒုံမြို့နယ်တွင် ကွန်ကရစ်လမ်း ၆ မိုင် ၄ ဖာလုံကို ယခင်ဘဏ္ဍာရေးနှစ်က ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လျာထားမှုတွင်လည်း ဆက်လက်ပါဝင်လာခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု အချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသော်လည်း နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစားပေးလျာထားမှုအပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။