မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၏ အနောက်မြောက်ဘက်တွင်ရှိသော ထီးရိုးကျေးရွာမှ စမ်းလယ်ကျေးရွာအထိ ၁၀ မိုင် ဝေးသောရွာများအတွင်း ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေပေါင်း ၄၂၀၀ ခန့်၊ လူဦးရေပေါင်း ၁၆၈၀၀ ခန့်ရှိပြီး တစ်ရွာနှင့်တစ်ရွာ ကျေးရွာချင်းဆက်လမ်း များသည် မိုးတွင်းကာလအတွင်း ဆက်သွယ်သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ရာသီကာလတွင်လည်း ခယောင်းလမ်းများ အဖုအထစ်ချိုင့်ဝှမ်းများ၊ ချိုင့်ခွက်များ၊ တောင်စောင်း များဖြင့် သွားလာရန် ခက်ခဲသည့်အတွက် မော်တော်ယာဉ်များ အသုံးပြုသွားလာနိုင်ခြင်းမရှိပါကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံများ သယ်ယူပို့ဆောင်ရန်ခက်ခဲခြင်း၊ ပညာသင်ကြားရန်ခက်ခဲခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ မီးဖွားလူနာ၊ မြွေကိုက်လူနာများအား စောင်၊ ပုခက်များဖြင့် ထမ်းယူ၍ သယ်ယူရခြင်းတို့ကြောင့် လမ်းခုလတ်အတွင်း အသက်ဆုံးရှုံးရခြင်း များကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် သရက်မြို့နယ် ထီးရိုးကျေးရွာမှ စမ်းလယ်ကျေးရွာအထိ ရာသီမရွေးသွားလာနိုင်သော ကျောက်ချော လမ်းဖောက်လုပ်ပေးရန်နှင့်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ထီးရို-စမ်းလယ်ကျေးရွာအထိ ကျေးရွာ ချင်းဆက် လမ်းဖောက်လုပ်မည်ဆိုပါက စမ်းလယ်-ကညစ်ကျ-ချင်းကုန်း-အကြီးစား-ပွန်းကြီး-ဖောင်းက အိုင့် မြေသားလမ်းအရှည် ၈ မိုင် ၄ ဖာလုံရှိပြီး ဖောင်းကတောကျေးရွာနှင့် ဖောင်းကအိုင့်ကျေးရွာကြား၌ ပွန်းချောင်းဖြတ်သန်းစီးဆင်းလျက်ရှိသဖြင့် လမ်းဖောက်လုပ်ရန် အခက်အခဲရှိပါကြောင်း၊
ဖောင်းက အိုင့်ကျေးရွာမှ ထီးရိုး-ဖောင်းကတော-မကျီးရုံကျေးရွာချင်းဆက်လမ်း ၆ မိုင် ၄ ဖာလုံပေါ်သို့ မြေသာလမ်း ၃ မိုင် စုစုပေါင်းလမ်းအရှည် ၁၈ မိုင်ဖောက်လုပ်ရမည်ဖြစ်ပြီး ထီးရိုး-စမ်းလယ်ကျေးရွာ အထိ အရှည် ၁၈ မိုင်ရှိကာ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၂၄၅ အိမ် ရှိ လူဦးရေပေါင်း ၄၈၄၄ တို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ အရှည် ၈ မိုင် ၄ ဖာလုံကို ကျောက်ချောလမ်းအဆင့်မြှင့်တင်ပါက ငွေကျပ် ၅၆၃.၅၅ သန်း၊ ကျန် ၉ မိုင် ၄ ဖာလုံကို မြေသားလမ်းအဖြစ်ဆောင်ရွက်ပါက ငွေကျပ် ၁၇၁.၀၉၅ သန်းနှင့် ကျောက်ချောလမ်းအဆင့်မြှင့်တင်ပါက ငွေကျပ် ၆၂၉.၈၅ သန်းစုစုပေါင်း ကုန်ကျငွေကျပ် ၁၃၆၄.၄၉၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
သရက်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး ခွင့်ပြုရန်ပုံငွေကျပ် ၃၃၈.၀၀ သန်းဖြင့် သစ်သားတံတား တစ်စင်း၊ ရေကျော် ၁၀ စင်းနှင့် ရေပြွန် ရှစ် စင်းတို့အား လျာထားဆောင်ရွက်ပြီးဖြစ်သည့်အပြင် ထီးရိုး-စမ်းလယ်ကျေးရွာချင်းဆက်လမ်းကို ဆောင်ရွက်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက် သရက်မြို့နယ်အတွင်း ပါးပွတ်တုံပုဏ္ဏားလမ်းပေါ်ရှိ ရေကျော်တိုးချဲ့ခြင်း တစ်စင်း ၈၀ ပေ x ၃၀ ပေအတွက် ကျပ်သန်းပေါင်း ၂၈ သန်း၊ ဒုတိယအနေဖြင့် ပါးပွတ်တုံပုဏ္ဏားလမ်းပေါ်မှာရှိ ကွန်ကရစ်တံတား ငါး စင်း ၁၀ ပေ x ၁၄ ပေ x ၁၂ ပေ တံတား တစ်စင်း တန်ဖိုးအားဖြင့် ၇၅ သန်းသာ ပါဝင်ပါကြောင်း၊
သို့ဖြစ်ပါ၍ ထီးရိုး-စမ်းလယ်ကျေးရွာချင်းဆက်လမ်းကို ဆောင်ရွက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ပါဝင်မှုမရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများမှာ ဦးစားပေးလျာထားမှု ပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
