မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်တိုက်နယ်ကျေးရွာအုပ်စုမှ နားယမ်း ကျေးရွာအုပ်စု တောင်ကြီးဖေးရွာသို့သွားသည့်လမ်းပေါ်တွင်ရှိသည့် တိဟေးကျေးရွာအနီးရှိ ဟွေတောက်ချောင်းကူး အလျား ၆၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၃ ပေရှိ သစ်သားတံတားသည် ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ ထော်လာဂျီများ၊ မော်တော်ဆိုင်ကယ်များ၊ နွားလှည်းများ အသုံးပြုမှုများပြားသောကြောင့် အောက်ခြေကြမ်းခင်းများ၊ ဘေးနံရံများယိုယွင်းပျက်စီးနေပြီး ပြိုကျပျက်စီးရန် အန္တရာယ်ရှိနေပါ၍ အချိန်မီပြုပြင်အသစ် တည်ဆောက်ပေးနိုင်ပါရန်နှင့် မိုင်းပွန်တိုက်နယ်ကျေးရွာ အုပ်စုမှ နားယမ်းကျေးရွာအုပ်စု တောင်ကြီးဖေးရွာလမ်းသို့သွားသည့် မြေသားလမ်းအား ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထေက်အကူပြုနိုင်ရန်ရည်ရွယ်လျက် လက်ရှိမြေသားလမ်းမှ ကျောက်ချောလမ်း၊ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် ဒေသခံများက တင်ပြလာကြပါကြောင်း၊ ထို့ကြောင့် လွိုင်လင်မြို့နယ်၊ ဟွေတောက်ချောင်းကူ အလျား ၆၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၃ ပေရှိ အန္တရာယ်ရှိ သစ်သားတံတားနေရာတွင် သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန်နှင့် မိုင်းပွန် တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေးရွာအထိမြေသားလမ်းအား ကျောက်ချောလမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည့်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာအုပ်စုနှင့် နားယမ်းကျေးရွာအုပ်စုတို့ကို ဆက်သွယ် သွားလာနိုင်သည့် တောင်ကြီးဖေးရွာလမ်း၊ တိဟေးကျေးရွာအနီးရှိ ဟွေတောင်ချောင်းကူးသစ် သားတံတား ၆၀ ပေ x ၁၃ ပေ၏ လက်ရှိအခြေအနေသည် ဟောင်းနွမ်းဆွေးမြေ့နေပြီး အဆိုပါ သစ်သားတံတားကို သံကူကွန်ကရစ်တံတားအသစ်တစ်စင်းနဲ့ တည်ဆောက်မည်ဆိုပါက ငွေကျပ်သန်း ၆၀ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊
မိုင်းပွန်နှင့် နားယမ်းကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့် တောင်ကြီးဖေးရွာလမ်း အရှည် လေးမိုင်၏ လက်ရှိအခြေအနေမှာ ၁၈ ပေအကျယ် မြေသားလမ်းဖြစ်ပြီး အဆိုပါကျေးရွာချင်းဆက် လမ်းအရှည်လေးမိုင်ကို ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းဆောင်ရွက်ပါက စုစုပေါင်း ငွေကျပ် ၂၉၁.၃၆ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ တောင်ကြီးဖေးရွာလမ်းနှင့် ဟွေတောက် ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း များအတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေကျပ် သန်းပေါင်း ၃၅၁.၃၆ သန်းကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၃၉၂ ရှိ လူဦးရေ ၁၉၆၀ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊
လွိုင်လင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၂၉.၉၃၀ သန်းနှင့် ကျောက်ချောလမ်းတစ်မိုင်၊ မြေသားလမ်း၁ မိုင် ၄ ဖာလုံနှင့် ကွန်ကရစ်တံတား ၃၁ ပေတို့ကို လျာထားဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့်မှ လမ်းအမျိုးအစားနှင့် လမ်းအဆင့်သတ်မှတ်ခြင်း၊ လမ်း၊ တံတားစံချိန်စံညွှန်း များသတ်မှတ်ခြင်း၊ လမ်းနယ်နိမိတ်သတ်မှတ်ခြင်းနှင့် လမ်းပိုင်ဆိုင်မှုနယ်နိမိတ်သတ်မှတ်ခြင်းတို့ကို ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး ဖြစ်ပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး လမ်း၊ တံတားလုပ်ငန်းများအတွက် ဘဏ္ဍာငွေလျာထား ရာမှာ ဗဟိုကော်မတီမှ အတည်ပြုထားသည့် စံချိန်စံညွှန်းများ၏ စံနှုန်းများအတိုင်း စတင်ဆောင်ရွက် လျက်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊
National Strategy for Rural Roads and Access ပါ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်းများအတွက် ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစားပေးရေးဆွဲတင်ပြလာသည့် လုပ်ငန်းများအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် သွားရခြင်းဖြစ်ပါကြောင်း၊
လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာအုပ်စုနှင့် နားယမ်းကျေးရွာအုပ်စုကို ဆက်သွယ်သွားလာနိုင်သည့် တောင်ကြီးဖေးရွာလမ်းနှင့် ဟွေတောက်ချောင်းကူးကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်း များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပေသော်လည်း ယမန်နှစ်က ကျောက်ချောလမ်း ၁ မိုင်၊ မြေသားလမ်း ၁ မိုင် ၄ ဖာလုံနှင့် ကွန်ကရစ်တံတား ၃၁ ပေ တို့ကို ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသော်လည်း နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစားပေးလျာထားမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
