မေးခွန်း အကြောင်းအရာ
မြန်မာပြည်အနှံ့အပြားကို ကိစ္စအမျိုးမျိုးဖြင့် ခရီးသွားလာနေသူများသည် အဝေးပြေးမော်တော်ယာဉ် များကိုသာ မှီခိုအားထားနေရသူများဖြစ်ကြပါကြောင်း၊ မော်တော်ယာဉ်တိမ်းမှောက်ခြင်းများသည် မော်တော်ယာဉ် ကြံ့ခိုင်မှုမကောင်းခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ ယာဉ်မောင်း၏ ပေါ့ဆမှုများ၊ လမ်းအားနည်းချက်များကြောင့်လည်း ဖြစ်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ယာဉ်မတော်တဆမှုဖြစ်ပွားစဉ်များကို လေ့လာရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှာ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံတွင် နေ့စဉ် ယာဉ်မတော်တဆမှုများကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၁၁ ဦးခန့် သေဆုံးနေသည်ဟု သိရှိရပါကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် ခရီးသွားပြည်သူ များအတွက် ဒုက္ခမျိုးစုံ ကြုံတွေ့ရပြီး ဒုက္ခိတများဖြစ်ခြင်း၊ အသက်အန္တရာယ်ဆုံးရှုံးခြင်းများသည် တိုင်းပြည်အတွက် များစွာနစ်နာဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် အဝေးပြေးမော်တော်ယာဉ်လိုင်းများအား ကြံ့ခိုင်မှုကောင်း စေရန် မည်သူများက စစ်ဆေးသည်၊ မော်တော်ယာဉ်လိုင်စင်များကို ကညန ရုံးများမှာ သေချာစွာစစ်ဆေးမှုရှိ/မရှိ၊ မော်တော်ယာဉ်လိုင်စင်စစ်သကဲ့သို့ တစ်နှစ်တစ်ခါ စစ်ဆေးရုံမျှဖြင့် လုံလောက်မှုရှိ/ မရှိ၊ အဝေးပေးယာဉ်များကို မောင်းနှင်နေသော ယာဉ်မောင်းသူများအနေဖြင့် အရက်၊ ဘီယာများ အလွန်အကျွံသောက်ပြီးမှ မောင်းနှင်ခြင်း၊ အရေးကြီးကိစ္စများ မဟုတ်ပါဘဲ လက်ကိုင်ဖုန်း ကို ကြာရှည်စွာပြောဆိုပြီး မောင်းနှင်ခြင်းများအပေါ် မည်သို့အရေးယူ ဆောင်ရွက်ပါ မည်လဲ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
အဝေးပြေးမော်တော်ယာဉ်လိုင်းကားများပေါ် လိုက်ပါစီးနင်းသည့် ခရီးသည်များ လုံခြုံစိတ်ချမှုရှိရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သက်တောင့်သက်သာ စီးနင်းနိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် မတော်တဆဖြစ်ပွားမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ခရီးသည်တင် ယာဉ် စတင်ထွက်ခွာသည့်ဂိတ်နှင့်လမ်းခရီးရှိ စစ်ဆေးရေးစခန်းများ၌ ဒေသအလိုက် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ညှိနှိုင်းစီစဉ်မှုဖြင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ရေးဆိုင်ရာ ဒေသအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် အလေးထား စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင်လည်း စတီယာရိန်၊ ဘရိတ်၊ မီးစနစ်၊ ကိုယ်ထည်၊ တာယာ၊ လူစီး ထိုင်ခုံအရေအတွက် သတ်မှတ်ထားသည်ထက်ပိုမို တပ်ဆင်ထားခြင်းရှိ/မရှိ၊ ထိုင်ခုံခါးပတ် ပြည့်စုံခြင်း ရှိ/မရှိ၊ ယာဉ်မထွက်ခွာမီဖြစ် ခရီးသည်နှင့် ယာဉ်မောင်းများ ထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိ/မရှိ၊ ခရီးသည်အရေအတွက်နှင့် ကုန်ပစ္စည်းများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ (Over Load)တင်ဆောင်ထားခြင်းရှိ/မရှိ၊ သတ်မှတ်ချက်အတိုင်း မီးသတ်ဆေးဗူးများ ထားရှိခြင်း ရှိ/မရှိ၊ အရေးပေါ်ထွက်ပေါက် အသုံးပြု၍ ရ/မရ၊ ပါ/မပါ၊ လေကာမှန်၊ ရေသုတ်တံ၊ ရောင်ပြန်ပြားများ တပ်ဆင်ထားခြင်းရှိ/မရှိ၊ အရေးပေါ်အချိန်တွင် မှန်ခွဲနိုင်မည့် ပုဆိန်နှင့် တူများ ပါရှိခြင်းရှိ/မရှိနှင့် အလွယ်တကူရယူနိုင်ခြင်း ရှိ/မရှိ၊ ရှေ့နေကာမှန်နှင့် ဘေးပြတင်း မှန်များ(Safety Glass)ဖြစ်ပြီး ကောင်းမွန်ပြည့်စုံမှု ရှိ/မရှိ၊ မြင်ကွင်းကိုကောင်းစွာ၊ လွယ်ကူရှင်းလင်းစွာ တွေ့မြင်နိုင်မှု ရှိ/မရှိ၊ လုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့်ညီညွတ်မှု ရှိ/မရှိ၊ ယာဉ်မောင်းချိန် (၈)နာရီထက် ကျော်လွန်သည့် ခရီးစဉ်များတွင် ယာဉ်မောင်း ၂ ဦးပါရှိခြင်း ရှိ/မရှိ၊ လိုအပ်သည့်ယာဉ်အကူ ဝန်ထမ်းများပါရှိခြင်း ရှိ/မရှိ၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့်ယာဉ်လုပ်သားများ အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ တို့ိကို ပူးပေါင်းအဖွဲ့နှင့်စစ်ဆေးပါကြောင်း၊ ခရီးစဉ်မထွက်ခွာမီ ပူးပေါင်း အဖွဲ့နှင့် စစ်ဆေးစဉ် စည်းကမ်းလိုက်နာရန်ပျက်ကွက်သော ယာဉ်နှင့်ယာဉ်အသင်းများကို အရေး ယူရာတွင် လုပ်ငန်းလိုင်စင်မရှိခြင်း၊ ယာဉ်မောင်း အရက်သေစာ သောက်စားထားခြင်းများကို စစ်ဆေးတွေ့ရှိလျှင် ယာဉ်ကိုချက်ချင်းရပ်တန့်စေပြီး၊ အခြားပြည့်စုံသည့် ယာဉ်များဖြင့် အစားထိုးပြီးမှ ထွက်ခွာစေပါကြောင်း၊ ယာဉ်မထွက်ခွာမီ သတ်မှတ်ထားတဲ့အချက်များ ပြည့်စုံစေပြီးမှသာ ယာဉ်ကို ထွက်ခွာစေပါကြောင်း၊ စည်းကမ်းနှင့်မညီညွတ်သည့်ယာဉ်များကို မှတ်တမ်းတင်ထားရှိခြင်း၊ မှတ်တမ်း (၃)ကြိမ်တင်ခံရသည့်ယာဉ်များကို ပြေးဆွဲခွင့်ယာယီရပ်ဆိုင်းနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြဆောင်ရွက်ပါခြင်း၊ ယာယီရပ်ဆိုင်းခံရသည့်ယာဉ်(၃)စီးပြည့်သည့် ယာဉ်အသင်းများကို ပြေးဆွဲခွင့် ယာယီရပ်ဆိုင်းနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြဆောင်ရွက်ခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီခွဲများ အနေနှင့် လည်းကောင်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအနေနှင့်လည်းကောင်း၊ ယာဉ်အသင်းများ၏ ဂိတ်မှူး၊ ဂိတ်စာရေး၊ ယာဉ်မောင်းနှင့်ယာဉ်အကူများကို အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်းအသီးသီးတွင် လစဉ် တစ်လ(၂)ကြိမ် ပညာပေးဟောပြောခြင်း စသည်များကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊
အဝေးပြေးမော်တော်ယာဉ်လိုင်းကားများကို မောင်းနှင်နေသည့် ယာဉ်မောင်းများအနေဖြင့် အရက်၊ ဘီယာများသောက်ပြီး မောင်းနှင်ခြင်း၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံးစွဲပြီး မောင်းနှင် ခြင်း၊ လက်ကိုင်ဖုန်းများပြောဆိုမောင်းနှင်ခြင်းများ မရှိစေရန်အတွက် စီမံချက်များချမှတ်ပြီး ပူးပေါင်း စစ်ဆေးရေးအဖွဲ့များနှင့် ပညာပေးခြင်း၊ စစ်ဆေးကြပ်မတ် အရေးယူခြင်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခရီးစဉ်ထွက်ခွာမည့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၇ ခုနှစ်၊ ဧပြီလကုန်အထိ ခရီးသည်ပို့ဆောင်ရေးယာဉ် ၁၄၂၄၁၆ စီးကို စစ်ဆေးနိုင်ခဲ့ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် ညွှန်ကြားချက်များနှင့် မညီညွတ်သည့် မော်တော်ယာဉ် ၂၄၄၃ စီးကို ယာဉ်အစားထိုးထွက်ခွာစေခြင်း၊ စစ်ဆေးတွေ့ရှိသည့် ချို့ယွင်းချက်များကို ပြည့်စုံစွာ ပြုပြင် ဆောင်ရွက်စေပြီးမှသာ ယာဉ်ထွက်ခွာစေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်များကြံ့ခိုင်အောင် စစ်ဆေးရာတွင် ကနဦးလိုင်စင်ပြုလုပ်သည့်နှစ်တွင်လည်းကောင်း၊ သက်တမ်းတိုးစစ်ဆေးရာတွင်လည်းကောင်း အထက်တွင်တင်ပြခဲ့သည့်အချက်များအားလုံးနီးပါကို တစ်နှစ်တစ်ခါ လိုင်စင်သက်တမ်းတိုးရာတွင် အမြဲတစေစစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်းကို ဆောင်ရွက်ပါကြောင်း၊
မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသည့်နှုန်းသည် နိုင်ငံတကာ နှုန်းများထက် များနေပါကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ထားပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကောင်စီများ အသီးသီးဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ကုလသမဂ္ဂ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာအဖွဲ့အစည်း၊ စုဖောင်ဒေးရှင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)တို့၏ အကူအညီဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုနှုန်းတွေကျဆင်းရန် အဖက်ဖက်က ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခရီးသည်ပို့ဆောင်ရေး မော်တော် ယာဉ်လိုင်းကားများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအနေဖြင့် ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားရန် လက်အောက်ခံရုံးများသို့လည်းကောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအနေဖြင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများသို့လည်းကောင်း ညွှန်ကြားထားပြီးဖြစ်သည့်နှင့်အညီ အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ခရီးသည်ပို့ဆောင်ရေးယာဉ်များ ခရီးစဉ်မထွက်ခွာမီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
