မေးခွန်း အကြောင်းအရာ
ပူတာအိုမြို့နှင့် မြစ်ကြီးနားကြား ပြည်ထောင်စု ကားလမ်းမကြီးသည် ခရီးသည် တင်ကားကြီး၊ ကားငယ်များ သွားလာနိုင်ခြင်း မရှိသောကြောင့် ပူတာအို ခရိုင်ရှိ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ခရီးသွားဧည့်သည်များသည် လေကြောင်းနှင့်သာ အဓိကထား သွားလာနေရပါကြောင်း။ သို့သော် မြစ်ကြီးနား-ပူတာအို လေကြောင်းများဖြင့် လိုက်ပါသည့် ခရီးသည်များသည် လေကြောင်းပျံသန်းချိန်အကွာအဝေးနှင့် ညီမျှမှုမရှိသော ကီလိုနှုန်းထားကို ပေးဆောင်နေရပါကြောင်း၊ လေကြောင်းခရီးသည်တစ်ဦး၏ ရပိုင်ခွင့် ၂၀ ကီလိုထက်ပိုသော ပစ္စည်းတင်ခသည် ရန်ကုန်- မြစ်ကြီးနား ပျံသန်းချိန် နှစ်နာရီ ၂၀ မိနစ်တွင် တစ်ကီလို ၂၀၀၀ ကျပ်၊ ရန်ကုန်-မန္တလေး ပျံသန်းချိန် တစ်နာရီ ၁၀ မိနစ်တွင် ခရီးသည်၏ရပိုင်ခွင့်ထက် ပိုသောပစ္စည်းတင်ခသည် တစ်ကီလို ၂၀၀၀ ကျပ်နှင့် မန္တလေး-မြစ်ကြီးနား ပျံသန်းချိန် တစ်နာရီ၊ ခရီးသည်၏ရပိုင်ခွင့်ထက် ပိုသောပစ္စည်းတင်ခသည် တစ်ကီလိုကို ၂၀၀၀ ကျပ်အသီးသီး ပေးဆောင်ရပါကြောင်း၊ မြစ်ကြီးနား-ပူတာအို ပျံသန်းချိန် ၃၅ မိနစ်၊ ခရီးသည်၏ ရပိုင်ခွင့်ထက်ပိုသော ပစ္စည်းတင်ခသည် တစ်ကီလိုကို ၂၀၀၀ ကျပ်ဖြစ်သောကြောင့် ခရီးသည်၏ ရပိုင်ခွင့် ထက်ပိုသောပစ္စည်း တင်ခသည် လေကြောင်းခရီးစဉ်ပျံသန်းချိန်နှင့် မညီမျှဖြစ်နေသကဲ့သို့ ပျံသန်းချိန် အဝေးနှင့်အနီး အတူတူ ဖြစ်နေသည်ကို ယခုဖော်ပြချက်အရ အားလုံးသိပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြစ်ကြီးနား-ပူတာအို မြန်မာ့အမျိုးသားလေကြောင်းနှင့် ပုဂ္ဂလိကလေကြောင်းခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်၏ရပိုင်ခွင့် Kg 20 ထက်ပိုသောပစ္စည်းတင်ခကို လေယာဉ်ပျံသန်းချိန် အကွာအဝေးနှင့် မိနစ် သတ်မှတ်နှုန်းထားအတိုင်း အမြန်ဆုံးပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
မြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲနေသည့် နိုင်ငံတော်ပိုင်လေကြောင်းလိုင်းတစ်လိုင်းနှင့် ပုဂ္ဂလိကလေကြောင်းလိုင်း ကိုးလိုင်း စုစုပေါင်း လေကြောင်းလိုင်း ၁၀ လိုင်း ရှိပါကြောင်း၊ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် စီးပွားရေးဆန်ဆန် ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီလေကြောင်းလိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်ရည်ရွယ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ တောင်းခံခြင်းမပြုတော့ဘဲ မိမိဝင်ငွေဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိရာ Boeing၊ ATR ကဲ့သို့ ခေတ်မီလေယာဉ်များကို ငှားရမ်းခြင်း၊ ဝယ်ယူခြင်းတို့ ပြုလုပ်၍ ယခင်အသုံးပြုခဲ့တဲ့ Fokker လေယာဉ်ဟောင်းများနေရာတွင် အစားထိုးခြင်း၊ ATR လေယာဉ်အကြီးစားပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတည်ဆောက်ခြင်းစသည့် ရင်းနှီးမြှုပ်နှံမှုများကို လေကြောင်းလိုင်း၏ဝင်ငွေအပြင် ထပ်မံလိုအပ်သည့် ရင်းနှီးငွေများကို အမေရိကန်နိုင်ငံ GECAS Co.Ltd ထံမှ ချေးယူပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည့်ကာလဖြစ်သောကြောင့် လေကြောင်းလိုင်း အရှုံးမပေါ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ခရီးသည်တစ်ဦးလျှင် လက်ဆွဲ ခုနစ်ကီလိုနှင့် အပ်နှံပစ္စည်း (ဝန်စည်စလယ်)ကီလီ ၂၀ ကို အခမဲ့ သယ်ဆောင်ခွင့်ပြုထားပြီး ၎င်းသတ်မှတ်ချက်ထက် ကျော်လွန်သည့် အပ်နှံပစ္စည်းများကို လေယာဉ်၏ တင်ဆောင်နိုင်သည့် အလေးချိန်နှင့် နေရာရရှိမှုအပေါ်မူတည်ပြီး ပေါင်ပိုတင်ဆောင်ခကျခံ၍ တင်ဆောင်နိုင်ပါကြောင်း၊ မြန်မာ အမျိုးသားလေကြောင်းအနေဖြင့် ပေါင်ပိုတင်ဆောင်ခ တစ်ကီလို ကျပ် ၂၀၀၀ ပုံသေသတ်မှတ် ကောက်ခံလျက်ရှိပါကြောင်း၊ ကုန်စည်တင်ဆောင်ခ တစ်ကီလို ၃၆၀ ကျပ်ဖြင့် လက်ခံတင်ဆောင်ပါကြောင်း၊ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများအနေဖြင့် ပေါင်ပိုတင်ဆောင်ခကို ခရီးစဉ်ပျံသန်းချိန်အပေါ်မူတည်၍ ပျံသန်းချိန် တစ်နာရီအောက် ခရီးစဉ်အတွက် ပေါင်ပိုတင်ဆောင်ခ တစ်ကီလို ကျပ် ၁၀၀၀၊ ပျံသန်းချိန် တစ်နာရီမှ နှစ်နာရီအတွင်း ခရီးစဉ်အတွက် ပေါင်ပိုတင်ဆောင်ခ တစ်ကီလိုလျှင် ကျပ် ၂၀၀၀ နှင့် ပျံသန်းချိန် နှစ်နာရီနဲ့အထက် ခရီးစဉ်အတွက် ပေါင်ပိုတင်ဆောင်ခ ကျပ် ၃၀၀၀ အသီးသီး ကောက်ခံလျက်ရှိပါကြောင်း၊
ကမ္ဘာ့လေကြောင်းလိုင်းများအနေဖြင့် လေကြောင်းခရီးစဉ်များပျံသန်းဆောင်ရွက်ရာတွင် လိုက်နာ ကျင့်သုံးရမည့်စံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်သည့် အပြည်ပြည်ဆိုင်ရာလေကြောင်း ပို့ဆောင်ရေးအသင်း(International Air Transport Association–IATA)၏ ခရီးသည်နှင့် ဝန်စည် စလယ်ဆိုင်ရာစည်းကမ်းချက်များ၏ ပေါင်ပိုပစ္စည်းနှင့်ပတ်သက်၍ ခရီးသည်တစ်ယောက်သည် သက်ဆိုင်ရာ လေကြောင်းလိုင်း၏ စည်းကမ်းချက်အလိုက် ၎င်း၏ရပိုင်ခွင့်ထက်ပိုသော အပ်နှံပစ္စည်း များကို သယ်ဆောင်ပါက ပေါင်ပိုသယ်ဆောင်ခပေးရမည်ဟု ဖော်ပြထားပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်ရပိုင်ခွင့်ထက်ပိုသောပစ္စည်းအတွက် ပစ္စည်းအလေးချိန်၊ သေတ္တာအလုံးရေ၊ စက်သုံးဆီဈေးနှုန်း၊ ခရီးအကွာအဝေး သို့မဟုတ် ပျံသန်းချိန်တို့အပေါ်မူတည်ပြီး ပေါင်ပိုသယ်ဆောင်ခကို ကောက်ခံလျက်ရှိပြီး လေကြောင်းလိုင်းတစ်လိုင်းနှင့်တစ်လိုင်း တူညီမှု မရှိသည့်အတွက် ပြည်တွင်းရှိ ပေါင်ပိုတင်ဆောင်ခကောက်ခံနေသည့် လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတကာနှင့် ကိုက်ညီမှုရှိပါကြောင်း၊ မိမိအနေဖြင့် ရှင်းလင်းတင်ပြလိုသည်မှာ ပေါင်ပိုတင်ဆောင်ခ သည် ခရီးသည်တစ်ဦး ၏လက်ဆွဲအပြင် ၎င်းအပ်နှံသည့်ပစ္စည်း၊ ကိုယ်နဲ့တစ်ပါတည်းသယ်သွားမည့် ပစ္စည်းများအတွက် မိမိတို့က သတ်မှတ်ထားသော ကီလို ၂၀ ထက်ပိုပါက ပေးဆောင်ရသည့် ပေါင်ပိုတင်ဆောင်ခဖြစ်ပါကြောင်း၊ ၎င်းသည် ကုန်စည်နှင့် မတူပါကြောင်း၊ ကုန်စည်ဆိုသည်မှာ ခရီးသည်က တစ်ပါတည်း သယ်ဆောင်ခြင်းမပြုသည့် ကုန်စည်ဖြစ်ပါကြောင်း၊ ခရီးသည်တစ်ဦးသည် သာမန်အားဖြင့် ကိုယ်နှင့်တစ်ပါတည်း လက်ဆွဲအပြင် အပ်နှံပြီး မိမိ၏ပုဂ္ဂလိကဆိုင်ရာပစ္စည်းများ တင်ဆောင်ခြင်းသည် ကီလို ၂၀ နှင့်အထက် ပေါင်ပိုတင်ရမည် ဖြစ်ပါကြောင်း။ ကုန်စည်ဖြစ်ပါက ကုန်စည်နှုန်းဖြင့် တင်ဆောင်လို့ရပါကြောင်း၊ ကိုယ်ပိုင်ဝန်စည်စလယ်အား မိမိနှင့် တစ်ပါတည်း သယ်သွားမည်ဆိုပါက သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ သို့သော် မိမိနှင့်တစ်ပါတည်း ၎င်းလေယာဉ်ခရီးစဉ်တွင်မဟုတ်ဘဲ နောက်လေယာဉ်ခရီးစဉ်မှ မိမိနှင့်အတူ မပါသည့် ဝန်စည်စလယ်အနေဖြင့် သယ်ဆောင်မည်ဆိုပါက ကုန်စည်နှုန်းထားဖြင့် တင်ဆောင်ခွင့်ရှိပါကြောင်း သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် လေကြောင်းခရီးစဉ်တွင် လေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ခရီးသည်ရပိုင်ခွင့်ထက်ပိုသော ပစ္စည်းတင်ခကို လေယာဉ်ပျံသန်းချိန် အကွာအဝေးနှင့် မိနစ်သတ်မှတ်နှုန်းထားဖြင့် ပြင်ဆင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းချက်နဲ့ စပ်လျဉ်း၍ လောလောဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမိုးရေွှ(ပူတာအို) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပျံသန်းချိန် အဝေး၊ အနီးမတူညီသောကြောင့် ပေါင်ပို၊ ခရီးသည်တစ်ဦး၏ ကီလိုပို ဆိုသည်မှာ မြစ်ကြီးနား-ပူတာအို ခရီးသည်များသည် ၂၀ ကီလို သပ်သပ်ယူသွားလို့မရပါကြောင်း၊ ထို့ကြောင့် ၂၀ ကီလိုထက်ပိုသည့်အရာများကို တစ်ကီလို ၂၀၀၀ ကျပ်ဆောင်ရသောကြောင့် လောလောဆယ် ပြင်ဆင်ရန် မရှိသော်လည်း ပြန်လည်စိစစ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
ခရီးသွားပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ကောင်းစွာသဘောပေါက် နားလည် ပါကြောင်း၊ အဓိကအားဖြင့် ပုဂ္ဂလိကလေကြောင်းလိုင်းများသည် ပျံသန်းချိန် အကွာအဝေး အပေါ် မူတည်ပြီး နှုန်းထားခွဲခြားသတ်မှတ်ခြင်းများ ရှိပါကြောင်း၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာအဆင့်မီလေကြောင်းလိုင်းတစ်လိုင်းဖြစ်ရန် ပြည်တွင်းသာမက ပြည်ပအထိ ကြိုးစားဆောင်ရွက် နေသည့်အချိန်တွင် လက်မှတ်ဝယ်သည့် အွန်လိုင်းစနစ်၊ အလေးချိန်များ၊ ကုန်စည်များ၊ ဝန်စည်စလယ်များကို အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားကုမ္ပဏီမှ အခကြေးငွေများစွာဖြင့် မိမိတို့ရယူပြီး ဆောင်ရွက်နေပါကြောင်း၊့ မြန်မာ့အမျိုးသားလေကြောင်းအနေဖြင့် ခရီးအကွာအဝေး သို့မဟုတ် ပျံသန်းချိန်အလိုက် စနစ်ထဲတွင် အမျိုးမျိုး နှုန်းထားများကိုထည့်သွင်းပြီး ဆောင်ရွက်မည်ဆိုပါက ၎င်းစနစ်ကို ပံ့ပိုးပေးသည့် ကုမ္ပဏီကို၊ ပြန်ပြင်ရန်အတွက် မိမိတို့က အခကြေးငွေတော်တော်များများပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လောလောဆယ်တွင် ပြင်ရန် အစီအစဉ်မရှိသေးသော်လည်း ရေရှည်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် မည်သို့သော်နည်းများဖြင့် ပြောင်းလဲပြုပြင်ပေးနိုင်ခြင်း ရှိမရှိကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
