မေးခွန်း အကြောင်းအရာ
ယခုမေးခွန်းကို မေးမြန်းရခြင်းအကြောင်းအရင်းမှာ လျှပ်စစ်ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍကပါဝင်နေခြင်း၊ ထိုနည်းတူစွာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်ရေးသည် အရေးပါခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။ မြန်မာ့လျှပ်စစ်ဌာနတွင် စွမ်းအားထုတ်လုပ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင် နိုင်ငံတော်၏ အရင်းအနှီးဖြင့်ဆောင်ရွက်ပြီး ဖြန့်ဖြူးရေးကဏ္ဍကိုသာ ပုဂ္ဂလိကဖြင့်ဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း။ 11 KV ကြိုးမှ နှစ်မိုင်ပတ်လည်ကို မိမိဈေးဖြင့် ၄၀၀ ဗို့ကြိုးသွယ်မည် ဖြစ်ပါကြောင်း။ ထရန်စဖော်မာထိုင်နိုင်မည်ဆိုပါက မူ ၁၂ ချက်ဖြင့် မီးပေးဝေသောကြောင့် မီးလင်းရေးကော်မတီများ ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း။ မူ အမှတ်(၁၂)အရ မီးချိတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးလင်းရေးကော်မတီရှိပစ္စည်းများကို စီမံခန့်ခွဲမှုပါ ဝန်ကြီးဌာနလက်အောက်ကို ရောက်ရှိသွားပါကြောင်း။ သို့သော် မူ အမှတ်(၉)အရ ပစ္စည်းများထိန်းသိမ်း စောင့်ရှောက်မှုသည် ကျေးရွာကော်မတီတွင်သာ ရှိသည့်အတွက် မီးလင်းရေးကော်မတီကို လျှပ်စစ်မီးထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီဟု ပြောင်းလဲဖွဲ့စည်းလိုက်ရခြင်းဖြစ်ပါကြောင်း။ ထို့ကြောင့် မူအမှတ် (၉)အရ သတ်မှတ် လိုက်သည့်အတွက်ကြောင့် တစ်ယူနစ်ကို ၃၅ ကျပ်ဖြင့် ယူပြီး လျှပ်စစ်မီးထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီများက ၇၀ ကျပ်၊ ၁၀၀ ကျပ်တို့ဖြင့် ရောင်းချလာသောကြောင့် တစ်ပြည်လုံးအတိုင်းအတာနှင့် ကျေးရွာ၊ ရပ်ကွက် မီးလင်းသောဒေသများမှာ အချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်လာပါကြောင်း။ မီးမရရှိသေးသူများက မီးရရှိရေးအလိုရှိကာ အစိုးရနှုန်းအတိုင်း ပေးချင်ကြပါကြောင်း။ အစိုးရနှုန်း ၃၅ ကျပ်နှင့်ယူပြီး ၇၀ ကျပ်ဖြင့် ရောင်းချသည်ကို မကျေနပ်ကြပါကြောင်း။ ၎င်းတို့တင်ပြသည်မှာ အစိုးရနှုန်း ၁၀၀ ကျပ်ဖြစ်ပါကလည်း ပေးနိုင်ပါကြောင်း။ သို့သော် ကော်မတီက အမြတ်တင်ရောင်းချနေသည်ကို မကျေနပ်သည့်အတွက် တိုင်ကြားခြင်း ဖြစ်ပါကြောင်း။ နောက်တစ်ချက်မှာ မိမိမြို့နယ်ရှိ ဝါးကတူကျေးရွာတွင် စာရင်းရှင်းတမ်း မထုတ်သည်မှာ ၁၂ နှစ်ခန့်ရှိပြီ ဖြစ်ပါကြောင်း။ ထိုကဲ့သို့ပြဿနာများ တိုင်ကြားသည့်အခါ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာကို ဥက္ကဋ္ဌတင်ပြီး ဝန်ကြီးဌာနအရာရှိများနှင့် စစ်စီဘုတ်ဖွဲ့ပါကြောင်း။ စစ်ဆေးပြီး သုံးသပ်သောအစီရင်ခံစာများနှင့် အထက်အဖွဲ့ အစည်းများကို ဆက်လက်တင်ပြပါကြောင်း။ အနည်းငယ်ကြာမှ စာရင်းကွာသည့်ကိစ္စများကို အစိုးရအသိအမှတ်ပြု စာရင်းကိုင်ဖြင့် စစ်ဆေးရန် ပြန်ကြားပါကြောင်း။ တောသူတောင်သားများက အားကိုးတကြီးတိုင်ကြားခြင်းဖြစ်သည့် အတွက် မူလစစ်စီအဖွဲ့တွင် မြို့နယ်စာရင်းရုံးက အရာရှိများပါ ထည့်သွင်းဖွဲ့စည်းပေးမည်ဆိုပါက ပိုမိုမြန်ဆန် လွယ်ကူမည်ဟု အကြံပြုလိုပါကြောင်း။
မိမိဆန်းစစ်ကြည့်သည့်အခါ ထိုကော်မတီများ၏ပြဿနာများသည် အစိုးရဝန်ကြီးဌာန လက်အောက်သို့ အပ်ပြီးချိန်တွင် အကုန်လုံးကင်းစင်သွားပါကြောင်း။ မိမိ မြို့နယ်အင်ဂျင်နီယာကို စုံစမ်းရာတွင် ဝန်ထမ်းမခန့်အပ် နိုင်ခြင်း၊ အသုံးပြုပစ္စည်းများက အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် အခက်အခဲရှိနေသည်ကို တွေ့ရှိရ ပါကြောင်း။ မိမိအကြံပေးလိုသည်မှာ မီတာ Box တစ်လုံးကို ၉၀၀၀၀ နှုန်းဖြင့် အစိုးရထံမှ ပြည်သူလူထုက ဝယ်ယူရပါကြောင်း။ ထို့ကြောင့် အိမ် ၁၀၀၀ ရှိမည်ဆိုပါက သိန်း ၉၀ ရရှိမည်ဖြစ်ပါကြောင်း။ တစ်လလျှင် မီတာဝန်ဆောင်ခ ၅၀၀ ကျပ်နှုန်းဖြင့် ကောက်ခံသည့်အတွက် ၅၀၀၀၀၀ ရရှိမည်ဖြစ်ပါကြောင်း။ အစိုးရ ဘတ်ဂျက်ကိုအသုံးမပြုဘဲ Aliment ၃ ယောက်ထိ မိမိတို့ ခန့်အပ်လိုက်မည်ဖြစ်ပါကြောင်း။ နောက် မိမိ အကြံပြုလိုသည်မှာ စတင်စဉ် ကာလကတည်းက မူ ၁၂ ချက်တွင် အရည်အသွေးပြည့်မီသော ပစ္စည်းကိရိယာ အသုံးပြုမည်ဟ ပါရှိပါကြောင်း။ မီးချိတ်ပေးစဉ်ကလည်း အင်ဂျင်နီယာများကိုယ်တိုင် စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း။ စစ်ဆေးစဉ်က မှန်ကန်၍သာ ၎င်းတို့ချိတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ ယခုအချိန်မှ စစ်ဆေးခဲ့သည်မှာ မကောင်းမွန်ပါဟုဆိုသည်ကို ကြည့်၍ မည်သူ့တွင်အပြစ်ရှိသည်ကို တွေးကြည့်၍ရပါကြောင်း။ ထို့ကြောင့် လျှပ်စစ်မီးကုမ္ပဏီ၏ပြဿနာကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြေလည်အောင် မူဝါဒကောင်းချမှတ်ပြီး ဖြေရှင်းပေးရန် မေးမြန်းရခြင်းဖြစ်ပါကြောင်းဖြင့် မေးမြန်းပါသည်။
တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံစီမံကိန်းများအား ၅၀၀ ကေဗွီ၊ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းနှင့် ခွဲရုံကြီးများ၊ ကေဗွီဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ခွဲရုံကြီးများ မြောက်မြားစွာကို နှစ်စဉ်တိုးချဲ့ တည်ဆောက်ပေးရပါကြောင်း။ ထိုသို့ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေခွဲဝေရရှိမှုအရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ကျေးလက်ဒေသများ ဓာတ်အားရရှိရေးအတွက် လိုအပ်သည့် 11 KV ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဌာနက အမြောက်အမြား ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။ ထို့ကြောင့် နိုင်ငံ့ရန်ပုံငွေဖြင့် ၂၀၀၉ ခုနှစ်မတိုင်မီ နှစ်များကာလတွင် ပျမ်းမျှအားဖြင့် ကျေးရွာပေါင်း ၁၀ ရွာခန့်ကိုသာ နှစ်စဉ် ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရှိရပါကြောင်း။ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ကျေးရွာပေါင်း ၅၀ ခန့်ကိုသာ ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှကျေးရွာပေါင်း ၄၄၀ ခန့်အထိသာ ဆောင်ရွက် ပေးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။ အဆိုပါအနေအထားများအရ ကျေးရွာများ၏ လျှပ်စစ်လိုင်း လျင်လျင်မြန်မြန်ရရှိရေးသည် အနည်းငယ် နှောင့်နှေး နေပါကြောင်း။ ထို့ကြောင့် ကျေးလက်ဒေသများ မီးလင်းရေးအတွက် နိုင်ငံတော်က ဆောင်ရွက်မပေးခင် ကာလအတွင်း လျှပ်စစ်ဓာတ်အားကို မြန်မြန်ဆန်ဆန်အသုံးပြုလိုကြသော၊စိတ်ဆန္ဒပြင်းပြသော ကျေးရွာများက ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ဆောင်ရွက်ခွင့် လျှောက်ထားတင်ပြလာသည်ကို ဝန်ကြီးဌာနက လိုက်လျော ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါကြောင်း။ ထိုကဲ့သို့ခွင့်ပြုပေးရာတွင်လည်း ကျေးရွာတိုင်းတွင် ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်ရန်အတွက် တည်ဆောက်မှုပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာနှင့် မီးလင်းရေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကျေးရွာကိုယ်စားပြု စနစ်တကျဆောင်ရွက်ရမည့် အဖွဲ့အစည်းလိုအပ်သည့်အတွက်ကြောင့် ကျေးရွာမီးလင်းရေးကော်မတီများကို ဖွဲ့စည်းဆောင်ရွက် လာခဲ့ကြခြင်း ဖြစ်ပါကြောင်း။ အဆိုပါမီးလင်းရေး ကော်မတီများကို မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသဆိုင်ရာအာဏာပိုင်များက ကြီးမှူးဖွဲ့စည်းပေးရခြင်း ဖြစ်ပါကြောင်း။ ထိုအဖွဲ့အစည်းအတွင်း မိမိတို့ ဝန်ကြီးဌာန၏ဝန်ထမ်းများပါဝင်ဖွဲ့စည်းလုပ်ကိုင်ခွင့် မရှိပါကြောင်း။ ထိုသို့ မီးလင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်ကျနရေးအတွက်သာ ဝန်ကြီးဌာနက မီးလင်းရေး ကော်မတီများ လိုက်နာရမည့်အချက် ၂၄ ချက်ကို မူလကချမှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် တင်းကြပ်မှု များပြားလွန်းသည်ဟု တင်ပြသည့်အတွက် လျှော့ပေါ့ပြီး ၁၂ချက်သို့ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
မီးလင်းရေးကုန်ကျစရိတ်များဆောင်ရွက်သည့်အခါ ထည့်ဝင်ကြေးများကောက်ခံကြခြင်း ဖြစ်ပါကြောင်း။ ထိုကဲ့သို့ကောက်ခံရာတွင် ကျေးရွာတွင် ငွေကြေးစုဆောင်းခြင်းကိစ္စရပ်များကို မီးလင်းရေးကော်မတီများနှင့် ကျေးရွာနေပြည်သူများ၏ ညှိနှိုင်းချက်အရသာ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။ ဌာနအနေဖြင့် လုပ်ငန်း တည်ဆောက်ခွင့်ကို ခွင့်ပြုပေးခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာကြီးကြပ်ခြင်း၊ ထိန်းကျောင်းခြင်းကိုသာ ဆောင်ရွက်ခွင့် ရှိပါကြောင်း။ မီးလင်းရေးအတွက် စတင်ဆောင်ရွက်စဉ်က အချိုးကျရင်းနှီးထည့်ဝင်ငွေများကို ထည့်ဝင်သူက ထည့်ဝင်ခဲ့ပြီး ထည့်ဝင်မှုမပြုခဲ့သည့် ကျေးရွာသားများက ကျေးရွာကြီးတစ်ခုလုံး မီးလင်းလာခဲ့သည့်အချိန်ကျမှ အစိုးရသို့ပေးသွင်းရမည့် မီတာခငွေကိုသာ ပေးသွင်းလိုပြီး ဓာတ်အားရယူခြင်းကိစ္စများ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါကြောင်း။ ထိုအခါ ယခင်ကထည့်ဝင်ခဲ့ရသူနှင့် နောက်မှ မီတာ Box ဖိုးလေးသာ ပေးသွင်းလိုသူများအကြား မကျေလည်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း။ မီးလင်းရေးကော်မတီကလည်း မူလကသတ်မှတ်ထားသည့် ထည့်ဝင်ကြေးများကို ထည့်ဝင်ပါမှ ဓာတ်အားပေးမည့်ကိစ္စသည် ကျေးရွာမီးလင်းရေးကော်မတီနှင့် ၎င်းကျေးရွာ တွင် နေထိုင်ကြသူများအကြား မူလသဘောတူဆုံးဖြတ်ချက်နှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်ပါကြောင်း။ ကျေးရွာ တွင် လျှပ်စစ်ဓာတ်အားရရှိပြီး ရန်ပုံငွေထည့်ဝင်ကြေးမပေးလိုဘဲ ဓာတ်အားရယူလိုခြင်းအပေါ် ရန်ပုံငွေ ထည့်ဝင်ပေးခဲ့ကြသည့် ကျေးရွာသူ၊ကျေးရွာသားများက လက်ခံ သဘောတူခြင်းရှိ/မရှိကိုလည်း စဉ်းစားရမည် ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ကိုယ့်အားကိုယ်ကိုးမီးလင်းပြီး ကျေးရွာများက ထပ်မံလျှောက်ထားလာသည့် မီးသုံးစွဲသူများကို မီတာတပ်ဆင်ခွင့် ထောက်ခံချက်များ ပေးပို့လာပါက မိမိတို့မီတာ Box များ ခွင့်ပြုပေးလျက် ရှိပါကြောင်း။
မီးလင်းရေးကော်မတီများက ကိုယ်ထူကိုယ်ထမီးလင်းရေးအတွက် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အဆိုပါကျေးရွာများအတွင်း မီးသုံးစွဲမှုတိုးတက်လာပါက ထရန်စဖော်မာ တိုးချဲ့တပ်ဆင်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့က ရန်ပုံငွေများကို ဆက်လက် စုဆောင်းကြသည့် သဘောရှိပါကြောင်း။ ဌာန၏မီတာခနှုန်းထား ၃၅ ကျပ်ကို ကျေးရွာသို့ မတန်တဆ ဈေးတင်ဖြန့်ဖြူးမှုအခြေအနေကို မိမိတို့ ခွင့်ပြုထားခြင်းမရှိပါကြောင်း။ အကယ်၍ သက်သေ အထောက်အထားအခိုင်အမာဖြင့် တင်ပြဆောင်ရွက်လာပါက တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းစိစစ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
မီးလင်းရေးကော်မတီဝင်များက ငွေအလွဲသုံးစားပြုလုပ်ခြင်း၊ စာရင်းရှင်းတမ်း မထုတ်ပြန်ခြင်း နှင့်ပတ်သက်ပြီး ကျေးရွာမီးလင်းရေးကော်မတီများကို ရပ်မိရပ်ဖများ၊ အများအကျိုးဦးဆောင် လိုသူများက ကျေးရွာနေပြည်သူတို့၏ကိုယ်စား ဒီမိုကရေစီနည်းလမ်းနှင့် အများဆန္ဒအရ ပြန်လည် ရွေးချယ်ပြီး ဖွဲ့စည်းနိုင် ပါကြောင်း။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဒေသအုပ်ချုပ်ရေးမှူးများက ကြီးမှူးဖွဲ့စည်းပေးထားခြင်းဖြစ်သည့်အတွက် ဥပဒေရေးရာအရသာ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနသည် တာဝန်အရ နည်းပညာဆိုင်ရာနှင့် ပတ်သက်ပြီးသာ ဖြေရှင်းဆောင်ရွက် ပေးနိုင်သည့်အဆင့်ရှိပါကြောင်း။ ၎င်းတို့လိုက်နာရမည့်အချက် ၁၂ ချက်မှာ ဓာတ်အားလိုင်းတိုင်များ၊ လိုင်းကြိုးများ၊ ထရန်စဖော်မာများကို အရည်အသွေးမီပစ္စည်းများသုံးစွဲရန် သတ်မှတ် ပေးထားခြင်း ဖြစ်ပါကြောင်း။ တည်ဆောက်ထားမှုများ အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏လုပ်ပိုင်ခွင့်မဟုတ်ဘဲ စက်မှုဝန်ကြီးဌာန၏လုပ်ပိုင်ခွင့်ဖြစ်ပြီး ၎င်းတို့က စစ်ဆေး အတည်ပြု ထားပါက မိမိတို့က ဓာတ်အားလွှတ်ပေးရခြင်းဖြစ်ပါကြောင်း။
အကယ်၍ ကျေးရွာများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေစဉ်ကာလအတွင်း နည်းပညာ ပိုင်းဆိုင်ရာကိုလည်း ဌာန၏ကြီးကြပ်စစ်ဆေးမှုကို ခံယူခဲ့ပြီး သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်ဆိုပါက အရည်အသွေးမပြည့်မီသည့်ကိစ္စများ လျော့နည်းသွားမည် ဖြစ်ပါကြောင်း။ ကိုယ်စားလှယ်ကြီးမေးမြန်းထားသော မီးလင်းရေးကော်မတီနှင့် လျှပ်စစ်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီများ၏ပြဿနာကို ပိုမိုပြည့်စုံ ကောင်းမွန်သော မူဘောင်စနစ်ချမှတ်ပြီး ဖြေရှင်းပေးရန် အစီအစဉ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။ ဒေသဆိုင်ရာအာဏာပိုင်များက အုပ်ချုပ်ရေးနည်းလမ်းများနှင့် ကြပ်မတ် ဆောင်ရွက်ပေးပါက ပိုမိုသင့်တော်လာမည် ဖြစ်ပါကြောင်း။ ကျေးရွာ မီးလင်းရေးကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ၏ စည်းလုံးညီညွတ်မှု ကိုလည်း အထူးလိုအပ်လျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း သက်ဆိုင်ရာဒေသနေ ပြည်သူများ ကို နားလည်သဘောပေါက်စေရေး စည်းရုံးရေးနည်းလမ်းများဖြင့် ကူညီဖြေရှင်းပေးပါက မီးလင်းရေး လုပ်ငန်းများ အား ယခုထက်ပိုမိုအောင်မြင်လာမည်ဟု ယုံကြည်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကော်မတီများဖွဲ့စည်းရာတွင် အဖွဲ့အစည်းခိုင်မာရေးအတွက် ပြည်သူများက ရွေးချယ် တင်မြှောက်သည့် အဖွဲ့အစည်းဖြစ်စေရန်နှင့် အဆိုပါဖွဲ့စည်းပြီး ကော်မတီများအားလုံးကို မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အတည်ပြုချက်ရယူပြီး ဖွဲ့စည်းပေးရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များထံ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးဉာဏ်ဟိန်း(သံဖြူဇရပ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အစိုးရဝန်ကြီးဌာန အပိုင်အဖြစ် မီးရရှိထားသူအများစု၏ဆန္ဒနှင့် အပ်ပေးခဲ့မည်ဆိုပါက ပြဿနာများ ရှင်းသွားသည်ဟု မိမိတင်ပြခဲ့ပါကြောင်း။ ထိုကဲ့သို့ အပ်ပေးခဲ့မည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် လက်ခံပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည် ။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ကျေးရွာတစ်ခုတွင် တစ်ရွာလုံးအိမ်ခြေအားလုံးအတွက် တစ်ခါတည်းအပ်သည့်စနစ်နှင့် တည်ဆောက် သည်ဆိုပါက ရှင်းပါကြောင်း။ ယခုတည်ဆောက်ကြသည့်အခါ ကျေးရွာရှိ ဥပမာ-ရွာသူရွာသားက အိမ်ခြေပေါင်း ၂၀၀ ရှိပါက ပထမ ၅၀ ခန့်က ရန်ပုံငွေထည့်ဝင်ပြီး တည်ဆောက်ကြသည့်သဘောမျိုး ဖြစ်နေကြပါကြောင်း။ ထိုအခါ ကျန်အိမ်ခြေ ၁၅၀ က ထည့်ဝင်ငွေမပါရှိလာသော အနေအထားမျိုး ဖြစ်ပေါ်ပါကြောင်း။ ထို့ကြောင့် ယခုလိုအပ်လိုက်ပြီး မိမိတို့ကိုတည်ဆောက်ခိုင်းပါက တည်ဆောက်ပြီး သွားသည့်ကာလတွင် ကျန်အိမ်ခြေ ၁၅၀ က ၎င်းတို့အနေဖြင့် ထည့်ဝင်ငွေမထည့်ဘဲ ချိတ်လာမည် ဆိုပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူလကထည့်ဝင် ငွေထည့်ပြီးသော ပြည်သူများက ၎င်းတို့ ထည့်ဝင်ငွေများ ပြန်လည်အမ်းပေးပါဟု တောင်းဆိုမှုများကိုလည်း မိမိတို့ရရှိပါကြောင်း။ ထိုကဲ့သို့ မိမိတို့က အမ်းပေး၍မရပါကြောင်း။ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းကိစ္စရပ်ကို ဖြေရှင်း ဆောင်ရွက်ရန် တစ်ရွာလုံးကအပြည့်ထည့်ဝင်ခဲ့ကြပြီး ဆောင်ရွက်ခဲ့သည့်အနေအထားဆိုလျှင် ဆောင်ရွက်ပေးမည့် အနေအထားရှိပြီးတော့ တစ်ဝက်တစ်ပြတ်ထည့်ဝင်ကြပြီး၊ တစ်ဝက်တစ်ပြတ်က မထည့်ဝင်ဘဲ ထားမည်ဆိုပါက ဆောင်ရွက်ပေးရန် အနည်းငယ်အခက်အခဲရှိပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။
