(ခ)-မီးလင်းရေးကော်မတီများအတွက် စည်းမျဉ်း များ ပြောင်းလဲပေးခြင်း၊ ကျေးရွာနေပြည်သူများ လျှပ်စစ်မီး သုံးစွဲနိုင်ရေးနှင့် ဆင့်ပွားမီး အသုံးပြု ခြင်း ပပျောက်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားမှုကို သိ လိုခြင်း မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၉.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

thant zin tun၂၀၁၄ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားရရှိရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မီးလင်းကော်မတီမှ လိုက်နာရမည့်အချက် ၂၄ ချက်ကို ၁၂ ချက်သို့ဖြေလျှော့ပြောင်းလဲသတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ ဖြေလျှော့ပြောင်းလဲသတ်မှတ်ရာတွင် မူလသတ်မှတ်ချက်များမှ အမှတ်စဉ်(၄)၊ (၅)၊ (၁၂) နှင့် (၁၃)တို့ကို မူလသတ်မှတ်ချက်များအတိုင်းထား၍ အမှတ်စဉ်(၁)၊ (၂)၊ (၃)၊ (၁၁)၊ (၁၅)၊ (၁၆)၊ (၁၇)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၃)နှင့် (၂၄)တို့ကိုပယ်ဖျက်ပြီး အမှတ်စဉ်(၆)နှင့် (၇)ကိုပေါင်းကာ အမှတ်စဉ်(၈)၊ (၉)၊ (၁၀)၊ (၁၄)၊ (၁၈)နှင့် (၂၂)တို့ကို ပြင်ဆင်ဖြည့်စွက်ထားပြီး လိုက်နာရမယ့် အချက်တစ်ချက်အား အသစ်ရေးဆွဲသတ်မှတ် ထပ်မံဖြည်‌့ခဲ့ပါကြောင်း၊ ယခုအခါ မီးလင်းရေးကော်မတီ မှ လိုက်နာရမည့် အချက် ၂၄ ချက်အား ဝန်ခံကတိပြုသိရှိသဘောတူညီကြောင်းစာချုပ်ကို ချုပ်ဆိုခဲ့ရသည့် ကျေးရွာများတွင် မီးလင်းနိုင်ရန်အတွက် ကျေးရွာနေအိမ်ထောင်စုများမှ တစ်အိမ်ထောင်လျှင် ရန်ပုံငွေမြောက်မြားစွာထည့်ဝင်နေရသောကြောင့် ကျေးရွာ၏ သုံးပုံတစ်ပုံခန့်သာ မီးလင်းနိုင်ကြပြီး ကျန်အိမ်ထောင်စုများမှာ လျှပ်စစ်မီး မသုံးစွဲနိုင်ခြင်းနှင့်  တရားမဝင်ဆင့်ပွားမီးများ တပ်ဆင်အသုံးပြုခြင်းများ ရှိနေပါကြောင်း၊

          မီးလင်းရေးကော်မတီများမှ ရန်ပုံငွေအပိုမြောက်မြားစွာ အပ်နှံထားကြသော်လည်း ပယ်ဖျက်ပြီး အချက် ၁၂ ချက်အားသဘောတူလက်မှတ်ရေးထိုးထားရသဖြင်‌့ မီးလင်းလိုသည့်အိမ်ထောင်စုမှာ တိုးတက်လာခြင်း မရှိဘဲ ကျေးလက်နေပြည်သူတို့၏ လူမှုဘဝနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးမြှင့်တင်ရေးတို့သည် အဟန့်အတားဖြစ်နေပါကြောင်း၊ မီးလင်းရေးကော်မတီမှ ဖြေလျှော့ပြောင်းလဲ သတ်မှတ်သည့် အမှတ်စဉ် ၁၂ ပါပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည်‌့ခါတွင်လည်း မီးလင်းလိုသည့် အခြားကျေးရွာများ၏ မီးကော်မတီများနှင့် လျှပ်စစ်နှင့် ပတ်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရန်ပုံငွေ မြောက်မြားစွာ တောင်းခံမှုများလည်း ရှိနေပါကြောင်း၊

          မီးလင်းရေးကော်မတီများနှင့် ပတ်သက်၍လည်း ကော်မတီဖွဲ့စည်းပုံ၊ စည်းမျဉ်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်တိကျသောသတ်မှတ်ချက်မရှိခြင်း၊ ကော်မတီသက်တမ်းသတ်မှတ်ချက်မရှိခြင်း၊ ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်မဟုတ်ဘဲ ကော်မတီဝင်တစ်ဦးစ နှစ်ဦးစမှ လွှမ်းမိုးလုပ်ဆောင်နေခြင်း၊ ငွေစာရင်းရှင်းတမ်းများစာရင်းအင်္ဂါရပ်နှင့်မညီညွတ်ခြင်း၊ ငွေစာရင်းရှင်းတမ်းများကို ကျေးရွာအတွင်း ပွင့်လင်းမြင်သာစွာအသိပေးကြေညာမှုမရှိခြင်း၊ ကော်မတီနှင့်ရပ်ရွာလူထုကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှုမရှိခြင်း၊ အိမ်ထောင်စုအများစု မီးလင်းရေးဦးတည်ဆောင်ရွက်မှုမရှိခြင်း၊ ငွေကြေးချို့တဲ့သော အိမ်ထောင်စုများ မီးရယူနိုင်ရန်ညှိနှိုင်းဆောင်ရွက်မှုအားနည်းခြင်း၊ မီးလင်းပြီး နောက် လက်ကျန်ရန်ပုံငွေများကို မည်သို့စီမံခန့်ခွဲမည်ဟူသော စီမံချက်မရှိခြင်း၊ ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်ပြီးနောက် နှစ်မည်မျှကြာလျှင် လျှပ်စစ်ဌာနမှ လွှဲပြောင်းတာဝန်ယူမည်ဟူသော သတ်မှတ်ကာလမရှိခြင်းစသည့် အားနည်းချက်များလည်းတွေ့ရှိနေရပါကြောင်း၊

          သို့ဖြစ်ပါသောကြောင့် (က)ဖြေလျှော့ပြောင်းလဲသတ်မှတ်သည့်အချက် ၁၂ ချက်ကို မီးလင်းရေးကော်မတီမှ လိုက်နာရမည့်အချက် ၂၄ ချက်အား ဝန်ခံကတိပြု သိရှိသဘောတူညီကြောင်း စာချုပ်ချုပ်ဆိုထားသော မီးလင်းရေးကော်မတီများအပေါ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြန်လည်ပြင်ဆင်ချုပ်ဆိုပေးရန် အစီအစဉ်ရှိ/မရှိ၊ (ခ) လျှပ်စစ်နှင့် ပတ်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာနေအိမ်ထောင်စုအားလုံးနီးပါး လျှပ်စစ် မီးလင်းနိုင်ရေးနှင်‌့ မီးဘေးအန္တရာယ်စိုးရိမ်ရသော တရားမဝင်ဆင့်ပွားမီးများ တပ်ဆင်အသုံးပြုခြင်း ပပျောက်ရေးတို့ အတွက် ခိုင်မာတိကျသော မူဝါဒချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်များ၊ ပြည်ပချေးငွေများကို အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတွင် သတ်မှတ်ကာလထက်ဆောလျင်စွာ ဓာတ်အားရရှိလိုသော အချို့သော ကျေးရွာများအနေဖြင့် ကျေးရွာအတွင်းမီးလင်းရေးကော်မတီများဖွဲ့စည်းကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရန် ကျေးလက်မီးလင်း ရေး ကော်မတီများက လိုအပ်သော လုပ်ငန်းများဆောင်ရွက်ခွင်‌့ပြုပါရန် လျှောက်ထားလာပါက အဆိုပါကော်မတီများကလိုက်နာရမယ့် ကတိခံဝန်ချက် ၂၄ ချက်ကို ၂၀၀၇ ခုနှစ်မှစတင်ကာချမှတ်ပြီး စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စိစစ် ခွင့်ပြုပေးရာမှာလည်း မီးလင်းရေးကော်မတီများက လိုက်နာရမည့်အချက်များအား ဝန်ခံကတိပြု၍ သိရှိသဘောတူကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုး စေခြင်းသာဖြစ်ပြီး ဝန်ကြီးဌာနနှင့် မီးလင်းရေး ကော်မတီတို့အကြား စာချုပ်ချုပ်ဆိုထားခြင်း မရှိပါကြောင်း၊

ဤဝန်ကြီးဌာနအနေဖြင့် ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းကာ ပိုမို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရေးကိုရည်ရွယ်ပြီး ခေတ်စနစ်နှင့်လိုက်လျောညီထွေမယ့် သတ်မှတ်ချက်များဖြစ်ပေါ်စေရန်အတွက် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် မီးလင်းရေး ကော်မတီများလိုက်နာရမယ့်အချက် ၂၄ ချက်မှ ၁၂ ချက်သို့ ဖြေလျှော့သတ်မှတ်ပေးခဲ့ပြီး ထိုသို့ ဖြေလျှော့သတ်မှတ်ပေးမှုသည် ယခင်သတ်မှတ်ချက် ၂၄ ချက်ဖြင့် ကတိဝန်ခံချက်ရေးထိုး ဆောင်ရွက်ခဲ့သော မီးလင်းရေးကော်မတီများနှင့် အကျုံးဝင် သက်ဆိုင်ပါသဖြင့် ‌ဖြေလျှော့ ပေးထား သည့် အချက် ၁၂ ချက်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

တရားမဝင်ဆင့်ပွားမီးတပ်ဆင်အသုံးပြုခြင်းပပျောက်ရေးနှင့် စပ်လျဉ်း၍တိကျခိုင်မာစွာ ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုဋ္ဌာန်းပေးးခဲ့သည်‌့ လျှပ်စစ်ဥပဒေ အခန်း(၁၂) ပုဒ်မ ၅၂ အရ ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက် မရရှိဘဲ မည်သူမျှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်း မပြုရဟု တားမြစ်ထုတ်ပြန်ထားပြီး အခန်း(၁၃) ပုဒ်မ ၆၂ အရ မည်သူမဆို အဆိုပါပုဒ်မ ၅၂ ပါတားမြစ်ချက်ကို ဖောက်ဖျက်ခြင်း၊ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရန်နှင့် ယင်းပြစ်မှုကို ထပ်မံ ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆင့်ပွားဓာတ်အားပေးနေမှုဖြစ်စဉ်များကို စိစစ်တွေ့ရှိပါက ဓာတ်အား ဖြတ်တောက်ခြင်း၊ ၎င်း၏တပ်ဆင်ဝန်အားအလိုက် ဒဏ်ငွေပေးဆောင်စေခြင်းနှင့် နောင်တွင် အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပေါ်လာပါက ချိုးဖောက်သူအား ရာသက်ပန်ဓာတ်အားဖြတ်တောက် မည်ဖြစ်ကြောင်း၊ မီးသုံးသူကို ဝန်ခံကတိများရေးထိုးခြင်းတို့ကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် စီမံချက်များချမှတ်ကာ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကြောင့် တစ်နိုင်ငံလုံးမှာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်းမှာ စိစစ်ခဲ့ရာ အမှုပေါင်း ၆၀၉ မှုကို ဖော်ထုတ်နိုင်ပြီး ဒဏ်ငွေစုစုပေါင်း ၆၁၆ သန်း ကျော်သတ်မှတ် ပေးဆောင်စေခဲ့ရပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ ပပျောက်စေရေးကိုရည်ရွယ်၍ ဌာနက စိစစ်ဖော်ထုတ်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေပြီး တာဝန်သိပြည်သူများကလည်း တရားမဝင် ဆင့်ပွားမီးသုံးစွဲနေမှုများကို တွေ့ရှိနေကြောင်း  တိုင်ကြားလာပါက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။