(င)-၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်ထိ Operator များက ရောင်းချခဲ့သော SIM Card နှင့် နယ်စပ် စခန်းမှ တရားမဝင် ဖမ်းဆီးရမိသော လက်ကိုင် ဖုန်းများ အရေအတွက်နှင့်တန်ဖိုး၊ ၎င်းတို့အပေါ် အခွန်စနစ်ကျင့်သုံးခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၅.၂၀၁၇)

(က) ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိOperator များက ဘဏ္ဍာနှစ်အလိုက် ရောင်းချခဲ့သော SIM Card အရေအတွက်နှင့် အဆိုပါ ကာလအတွင်း ကောက်ခံရရှိသော ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်း အရေအတွက်နှင့် တန်ဖိုး

( ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ ရောင်းချ နေသော လက်ကိုင်ဖုန်း အရောင်းဆိုင်များအပေါ် အခွန် ကောက်ခံနိုင်ခြင်း ရှိ၊ မရှိ

( ဂ) ပင်လယ်ရေကြောင်း၊ လေဆိပ်များနှင့် နယ်စပ်စခန်းမှ တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိသော လက်ကိုင်ဖုန်းများ အရေအတွက်နှင့် တန်ဖိုး

(ဃ) နောင်တွင် လက်ကိုင်ဖုန်းများ တရားမဝင် ဝင်ရောက်နေခြင်းကို တားဆီးရန်နှင့် မျှတ၍ လူတိုင်းအလွယ်တကူ ပေးဆောင် နိုင်သော အခွန်စနစ်ကျင့်သုံးခြင်း အစီအစဉ်ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း


မေးခွန်း အကြောင်းအရာ 

khin mg winနိုင်ငံတော်ကို ထူထောင်တည်ဆောက်ရာတွင် သင့်တင့်မျှတသည့် အခွန်အကောက်ရရှိမှုသည် များစွာ အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များသည် စဉ်ဆက်မပြတ်မျှတသည့် အခွန်နှင့် မှန်မှန်ကန်ကန် အခွန်ကောက်ခံရရှိရန် စဉ်ဆက်မပြတ်ဆွေးနွေးနေခြင်းဖြစ်ပါကြောင်း၊ ယခုလို မှန်မှန်ကန်ကန်နှင့် မျှတသည့်အခွန်ကို ရရှိမှသာလျှင် တိုင်းပြည်၏ လူမှုစီးပွားရေးဘဝ ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် မတိုင်မီက မိုဘိုင်းဖုန်း၊ လက်ကိုင်ဖုန်းများ၏ တစ်လုံးချင်းတန်ဖိုး ၅ သိန်းဖြစ်ပြီး ကုမ္ပဏီများကို ဒေါ်လာနှစ်ထောင်ကျော်ဖြင့် ရောင်းချခဲ့ခြင်းအတွက် မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်အထိ ဈေးပေါက်ခဲ့ပါကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော်များ ပေါ်ပေါက်လာပြီး ဆင်းကတ်တစ်ခုကို ၁၅၀၀ ကျပ်အထိလျှော့ပေါ့ ရောင်းချနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့သည် ဒီမိုကရေစီစနစ်၏ အကျိုးဆက်၊ အသီးအပွင့်ကို မျက်မြင်တွေ့ရှိခံစား ရခြင်းဖြစ်ပါကြောင်း၊ ယခင် လက်ကိုင်ဖုန်းများကို ငွေကြေးချမ်းသာသူများ၏ အသုံးအဆောင်ဖြစ်ရာမှ ယခုအခါ လူတန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၎င်းဆက်နွယ်ပြီး တံဆိပ်အမျိုးမျိုး တပ်ထားသော လက်ကိုင်ဖုန်းများသည် ပြည်တွင်းကို ထိုးဖောက်စီးဝင်လာရာမှ တရားဝင်တင်သွင်းမှုထက် တရားမဝင်တင်သွင်းမှုက မြင့်မားလာသည်ကို သတိပြုမိပါကြောင်း၊ ထိုအရာများကို ဆန်းစစ်ကြည့်မည်ဆိုပါက တရားမဝင်တင်သွင်းသည့် လက်ကိုင်ဖုန်းများ၏ ဈေးနှုန်းကို တရားဝင်တင်သွင်း လက်ကိုင်ဖုန်း၏ ဈေးနှုန်းနှင့် မည်ကဲ့သို့မျှ မယှဉ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုကိစ္စများသည် အကောက်ခွန်၏ နှုန်းထားနှင့် အကောက်ခွန်နည်းစနစ်များ၊ အားနည်းချက်များရှိသည်ကို တွေ့မြင်ရပါကြောင်း၊ မိမိတင်ပြလိုသည်မှာ စားသုံးသူများအတွက် ဈေးနှုန်းပိုမိုမြင့်မားလာအောင် အကြံပြုခြင်းမျိုးမဟုတ်ဘဲ မှန်မှန်ကန်ကန် သက်သက်သာသာနှင့် တရားဝင်တင်သွင်းခြင်းဖြင့် နိုင်ငံတော်တွင်လည်း ငွေရပြည်သူများလည်း သက်သက်သာသာ အခွန်ပေးဆောင်စေလိုသည့် စေတနာဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ သန်းပေါင်းဆယ်ဂဏန်းလောက်အထိ တင်သွင်းလာသော လက်ကိုင်ဖုန်းများအတွက် အခွန်မဆောင်ခဲ့လျှင် တိုင်းပြည်မည်မျှနစ်နာ နေသည်ကို ဆန်းစစ်ခြင်းဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း တရားမဝင် တင်သွင်းနေမှုများကို တားဆီးနေခြင်းဖြစ်ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ Operator များက ဘဏ္ဍာရေးနှစ်အလိုက်ရောင်းချခဲ့သည့် ဆင်းကတ်အရေအတွက်နှင့် ယင်းကာလအတွင်း အကောက်ခွန်ဦးစီးဌာနက ကောက်ခံရရှိသည့် ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်းအရေ အတွက်၊ တိုင်းဒေသကြီးနှင်‌့ မြို့နယ်များမှ ဖွင့်လှစ်ရောင်းချနေသော တရားမဝင်တင်သွင်းသည့် လက်ကိုင်ဖုန်းများအပေါ် အခွန်ကောက်ခံနိုင်ခြင်းရှိ/မရှိ၊ ပင်လယ်ရေကြောင်း၊ လေဆိပ်နှင့် နယ်စပ်စခန်းများမှ ဖမ်းဆီးမိသည့် တရားမဝင်လက်ကိုင်ဖုန်းအရေအတွက်နှင့်တန်ဖိုး၊ သက်သာသော အခွန်နှုန်းနှင့် အလွယ်တကူ ပေးဆောင်နိုင်သော အခွန်စနစ်ကို ကျင့်သုံးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u mg mg win၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ မြန့်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ တယ်လီနော မြန်မာလီမိတက်နှင့် အူရီဒူးမြန်မာလီမိတက်တို့မှ ဘဏ္ဍာရေးနှစ်အလိုက် ရောင်းချခဲ့သော SimCard အရေအတွက် စာရင်းသည် အောက်ပါအတိုင်း ဖြစ်ပါကြောင်း၊ စုစုပေါင်း ၆ နှစ်စာ ကုမ္ပဏီ ၃ ခု ပေါင်းလျှင် ၈၇၃၇၇၀၀၀ ကျော်ဖြစ်ပါကြောင်း၊ ထို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ရောင်းချ နိုင်ရေးအတွက် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၀၃) အရ ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့် လိုင်စင်ကို ချထားဆောင်ရွက်ပေးခဲ့ပြီး ရောင်းဝယ်ခွင့်လိုင်စင်အတွက် ကျပ်တစ်သိန်းနှင့် စမ်းသပ်ပြသခွင့်အတွက် ကျပ်တစ်သောင်းကောက်ခံပြီး တစ်နှစ်ကိုတစ်ကြိမ် သက်တမ်းတိုးခွင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ လိုင်စင်သက်တမ်းတိုးခြင်းအတွက် လိုင်စင်ခကျသင့်ငွေကိုလည်း ရောင်းဝယ်ခွင့်လိုင်စင်အတွက် ကျပ်တစ်သိန်းနှင့် စမ်းသပ်ပြသခွင့်အတွက် ကျပ်တစ်သောင်း ဖြစ်ပါကြောင်း၊

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကုန်အထိ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင်‌့ လိုင်စင်သက်တမ်းရှိသည့် ကုမ္ပဏီအရေအတွက် ၁၄၅ ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီများကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မတ်လကုန်အထိ တင်သွင်းထောက်ခံချက်နှင့် ခွင့်ပြုခဲ့သည့် လက်ကိုင်ဖုန်း အရေအတွက်စာရင်းသည် အောက်ပါအတိုင်း ဖြစ်ပါကြောင်း၊ စုစုပေါင်း ၆ နှစ်စာပေါင်းလိုက်လျှင် ၁၇၈၄၉၀၀၀ ကျော် ဖြစ်ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံရရှိခဲ့သည့် ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်းအရေအတွက်နှင့်တန်ဖိုး အောက်ပါအတိုင်း ဖြစ်ပါသည် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း မိုဘိုင်းတယ်လီဖုန်း တင်သွင်းမှု ၆ နှစ်စာစုစုပေါင်း ၁၆၃၂၁၈၇ လုံးဖြစ်ပြီး အကောက်ခွန်ရငွေအဖြစ်နှင့် ၁၇၀၁.၅၇၃ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ရငွေအဖြစ် ၁၇၄၇ သန်းဖြစ်ပါကြောင်း၊ တင်သွင်းခဲ့သော မိုဘိုင်းတယ်လီဖုန်းများ၏ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၄၇၀၀၀၀ ကျော်ဖြစ်ပါကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ရသင့်ရထိုက်သော အခွန် အကောက်များကို လွတ်ကင်းမှု၊ လျှော့နည်းမှုမရှိစေဘဲ တည်ဆဲအခွန်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အပြည့်အဝကောက်ခံရရှိအောင် ဆောင်ရွက်လျက်ရှိရာတွင် လက်ကိုင်ဖုန်းအရောင်း ဆိုင်များသည် တည်ဆဲဝင်ငွေခွန်ဥပဒေအရ စီးပွားရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ဝင်ငွေခွန် ပေးဆောင်ရပါကြောင်း၊ တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ကုန်စည်တင်သွင်းရောင်းချခြင်းအတွက်လည်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းဖုန်းရောင်းချခြင်း လုပ်ငန်းမှ အခွန်ဝန်ထမ်း ဦးရေပေါင်း ၆၂၆ ဦးရှိပြီး ဝင်ငွေခွန် ၆၇၅.၆၂၉ သန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၁၄၈၈.၂၆၈ သန်း ကောက်ခံရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများမဖြစ် စေရေးအတွက် လုပ်ငန်းဆက်စပ်ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပြီး သတင်းစာရင်းများရရှိရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊

တတိယမေးခွန်းဖြစ်သည့် ပင်လယ်ရေကြောင်း၊ လေဆိပ်နှင့်နယ်စပ်စခန်းများက တရားမဝင်ဝင် ရောက်လာသဖြင့် ဖမ်းဆီးရမိသည့် လက်ကိုင်ဖုန်းများအရေအတွက်နှင့် တန်ဖိုးမှာ စုစုပေါင်း ၆ နှစ်တွင် ၁၆၃ မှု၊ အရေအတွက်အားဖြင့် ၁၈၉ လုံး၊ ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ် ၁၂၉၃.၅၆ သန်းဖြစ်ပါကြောင်း၊

စတုတ္ထမေးခွန်းဖြစ်သည့် မိမိတို့ အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၇/၂၀၁၄) တွင် ယခင်တယ်လီဖုန်းများ အပေါ်တွင်ကောက်ခံခဲ့သည့် အကောက်ခွန်နှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်း၊ တင်ပို့ခြင်းများကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုင်စင်/ပါမစ်များ ခွင့်ပြုထုတ်ပေးပါကြောင်း၊ Handset တင်သွင်းရန် လျှောက်ထားမှုများနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ကိုယူပြီး လိုင်စင်ခွင့်ပြုထုတ်ပေးပါကြောင်း၊ သို့ရာတွင် ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့် လိုင်စင်သက်တမ်း ၁ နှစ်အတွင်း အမျိုးအစားတူ တယ်လီဖုန်းများ (အရေအတွက် ကန့်သတ်ချက်မရှိ) တင်သွင်းမည်ဆိုပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံစာထပ်မံ တောင်းခံရန်မလိုအပ်သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက်လျှောက်ထား တင်သွင်းနိုင်ပါကြောင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုခဲ့သည့် လက်ကိုင်ဖုန်းအရေအတွက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ပါလက်ကိုင်ဖုန်း အရေအတွက်နှင့် အကောက်ခွန်ဦးစီးဌာနက အခွန်စည်းကြပ်ကောက်ခံရရှိသည့် လက်ကိုင်ဖုန်း အရေအတွက်များ ကွာခြားနေသည့်အတွက်ကြောင့် စိစစ်ရာတွသ် Handset တင်သွင်းရန် လိုင်စင် ယူထားသော်လည်း အမှန်ယူထားသည့် အရေအတွက်ထက်လျှော့၍ တင်သွင်းခြင်း၊ အကောက်ခွန် ရှောင်လွှဲနိုင်ရန်အတွက် တရားမဝင်သော နည်းလမ်းမျိုးစုံဖြင့် သိုဝှက်သယ်ဆောင်ခြင်းတို့ ဖြစ်နိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လက်ကိုင်ဖုန်းများဖြစ်သည့် အတွက်ကြောင့် သိုဝှက်သယ်ဆောင်ရန်လည်း လွယ်ကူသည့် အခြေအနေရှိပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြသည့်အတိုင်း နစ်နာမှုရှိနေပါကြောင်း၊ သို့ဖြစ်သည့်အတွက်ကြောင့် လက်ရှိ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသော လက်ကိုင်ဖုန်းများနှင့် နောင်တွင် ပြည်ပမှ တင်သွင်းလာမည့် လက်ကိုင်ဖုန်းများကို သုံးစွဲသူပြည်သူများလည်း အခွန်ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အခွန်နှုန်းသက်သာစွာဖြင့် တင်သွင်းရန်အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ လက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအတွက် လက်ကိုင်တယ်လီဖုန်း ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် သုံးသပ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေရန် ဆောင်ရွက်ခြင်းတို့ကို ချိန်ဆပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။