မေးခွန်း အကြောင်းအရာ
ဝန်ထမ်းတွေ၏ လစာနှုန်းထား၊ ယာယီရှားပါးစရိတ်နှင့် အပိုထောက်ပံ့ကြေး ပေးမည့်သူကို ၁၉၈၇ ခုနှစ် န.ဝ.တ ခေတ် သမ္မတကြီး ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရ လက်ထက်ထိ စုစုပေါင်း ကိုးကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းကို လေ့လာတွေ့ ရှိရပါကြောင်း၊ န.ဝ.တ၊ န.ရ.တ ခေတ် ၂၂ နှစ် ကာလအတွင်း လစာတိုးခြင်းကို ငါးကြိမ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရ လက်ထက်တွင် လေးကြိမ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ၎င်းတို့မှာ ၂၀၁၂ ခုနှစ်က ဝန်ထမ်းတိုင်းကို အပိုထောက်ပံ့ကြေး ၃၀၀၀၀၊ ၂၀၁၃ ခုနှစ်တွင် လစာနှုန်းထား ၃၅၀၀၀-၁၀၀၀-၄၀၀၀၀ မှ ၅၅၀၀၀-၁၀၀၀-၆၀၀၀၀ အထိ တိုးပေးခဲ့ပါကြောင်း၊ ကျန်အဆင့်များကိုလည်း အချိုးကျတိုးပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စာရေးဝန်ထမ်းအဆင့်ကို လစာနှုန်း ၇၅၀၀၀-၁၀၀၀-၈၀၀၀၀၊ ၂၀၁၅ ခုနှစ်တွင် စာရေးဝန်ထမ်း အဆင့်ကို ၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀ အထိ တိုးပေးခဲ့ပါကြောင်း၊ နေ့စားခလည်း တစ်ရက်ကို ၃၆၀၀ အထိ တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဦးသိန်းစိန်၊ အစိုးရလက်ထက် ငါးနှစ် အုပ်ချုပ်ရာတွင် လစာများတိုးမြင့်လာအောင် လွှတ်တော်၏ ဆွေးနွေးမှုများ၊ ဆုံးဖြတ်မှုများ၊ တိုက်တွန်းမှုများကိုလည်း မိမိတို့ လေ့လာတွေ့ရှိရပါကြောင်း၊ လက်ရှိသမ္မတကြီး အစိုးရ လက်ထက်တွင် Inflection တက်ခြင်း၊ ကုန်ဈေးနှုန်းလည်း တက်ခြင်း၊ အခြေခံစားကုန်ဖြစ်သည့် ဆန်ဈေး၊ ဆီဈေးများလည်းတက်ခြင်း၊ ရန်ကုန်မြို့တွင်လည်း YBS ကားစီးရသည့် ဝန်ထမ်းများက ယခင်ထက်နှစ်ဆ အချိန်ပိုကုန်သည့်အပြင် ငွေလည်းနှစ်ဆ ပိုကုန်လာပါကြောင်း၊ ယခင် အစိုးရကာလမှစ၍ Corruption ကို တိုက်ဖျက်နေခြင်းကို မိမိတို့ကလည်း အားပေးပါကြောင်း။ သို့မှသာ Clean Government ဖြစ်လာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများက အောက်ဆိုဒ်မရသည့်အပြင် လစာလည်းမတိုး၊ Living Cost နှင့် Inflection တို့ တက်နေသည့်အတွက် ရသည့်လစာနှင့် မလုံလောက်သဖြင့် ငွေတိုးချေးခြင်း၊ ၎င်း ငွေတိုးချေးခြင်းကြောင့် အတိုးပေါ်အတိုးဆင့်ခြင်း အကြွေးနွံနစ်ခြင်း၊ တစ်နည်းက မဟုတ်တာကိုလုပ်ခြင်း မဟုတ်တာ လုပ်ခြင်းဆိုသည်မှာ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ပြည်သူများက ရွေးချယ်ထားသည့် အစိုးရဖြစ်စေရန်အတွက် လိုအပ်ချက်ကို ပြည်သူပြောသည်အထိ စောင့်စရာ မလိုပါကြောင်း။ ပြည်သူကို ဗဟိုပြုပြီး လုပ်သင့်သည်ကို မဖြစ်မနေ လုပ်ပေးရမည်ဖြစ်ကြောင်း၊ သို့သော် သမ္မတကြီးဦးထင်ကျော်၏ အစိုးရအဖွဲ့ကတိုင်းပြည်ကို အုပ်ချုပ်သည်မှာတစ်နှစ် ကျော်လာသော်လည်း ဝန်ထမ်းများအတွက် မည်သည်ကိုမျှပြုလုပ် မပေးနိုင်သေးပါကြောင်း၊ အစိုးရဝန်ကြီးများ၊ ဆင်းရဲသား လူတန်းစား၊ စာရေးဝန်ထမ်းအဆင့်နှင့် ထမင်းအတူစားဖူးခြင်း မရှိသည့်အပြင် ၎င်းတို့၏ ထမင်းချိုင့်တွင် မည်သည့်ဟင်း ထည့်ခဲ့သည်ကို ဖွင့်ကြည့်ဖူးခြင်း မရှိသဖြင့် ဆင်းရဲသားများ၏ မွဲတေမှုကို Sympathy နှင့် Empathy လည်း မရှိနိုင်ကြောင်း၊ သို့သော် ဝန်ထမ်းများ၊ ပြည်သူများက အဆိုပါဝန်ကြီးများကို မလိုချင်သည်ကို သိစေချင်ပါကြောင်း၊ လက်ရှိဝန်ထမ်းငယ်များအတွက် သက်သာထမင်းဟင်း စီစဉ်ထားမှုကို ဝန်ကြီးဌာန များတွင် ဖျက်သိမ်းလိုက်သည်ကို ကြားရသဖြင့် ဝန်ထမ်းများအတွက် မိမိတို့ဘက်မှ စိတ်မကောင်းပါကြောင်း၊ နိုင်ငံ၏ GDP၊ GDP Group၊ Budget Deposit၊ IMF နှင့် World Bank ၏ GDP နှင့် Budget Deposit ၏ Ratio 5 percent မကျော်စေရန် စသည့် Regulation များကို အကြောင်းမပြသင့်ကြောင်း၊ ဆင်းရဲသား ပြည်သူများက စိတ်မဝင်စားကြောင်း၊ ၎င်းတို့ စိတ်ဝင်စားသည်က လစာတိုးပြီး ရရှိရေးသာဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ကတိကဝတ်ကို ရိုးသားစွာလက်ခံကျင့်သုံးရမည် ဖြစ်ကြောင်း၊ အစိုးရကပြည်သူကို ပြန်မကြည့်နိုင်သဖြင့် လစာတိုးပေးခြင်းမရှိသေးပါသဖြင့် မိမိက ဝန်ထမ်းများအားလုံး၏ကိုယ်စား တင်ပြရခြင်းဖြစ်ပါကြောင်း၊ အစိုးရ ဝန်ထမ်းများ၏ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးကျပ်တည်းမှုကို စာနာထောက်ထားသဖြင့် လစာတိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးကို ဦးတည်၍ နိုင်ငံ့ဝန်ထမ်းများ လစာ တိုးမြှင့်မှုနှင့် စပ်လျဉ်းပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာ တိုးမြှင့်ပေးခြင်း၊ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်စီ ခွင့်ပြုခြင်း၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့နှင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လစာနှုန်းထား အားလုံးအတွက် ကျပ် ၂၀၀၀၀ စီ တစ်ပြေးညီ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခြင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ရာထူးအဆင့်အလိုက် အခြေခံလစာနှုန်းထားများ တိုးမြှင့်သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သော် လည်း မိမိတို့ ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်မှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး နိုင်ငံတော်လည်း ကြွေးမြီ ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
လက်ရှိအချိန်တွင် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန်အတွက် ကြိုးပမ်းတည်ဆောက် နေသည့် အချိန်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုး၏ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှု သွက်လက်စေရန် နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခန့်အပ်ထား သည့် နိုင်ငံ့ဝန်ထမ်းများအပေါ် များစွာမူတည်နေရသဖြင့် နိုင်ငံ့ဝန်ထမ်းများကို ခံစားခွင့်ပြုသည့် လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအတွက် ကုန်ကျမည့် အသုံးစရိတ်များ ခန့်အပ်သင့်သည့် ဝန်ထမ်းဦးရေ စသည်တို့ကို နိုင်ငံတော် အစိုးရက မျက်ခြည်မပြတ် သုံးသပ် ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်ပါကြောင်း၊
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်း လစာအပြင်၊ နိုင်ငံ့ဝန်ထမ်း ပင်စင်လစာ အသုံးစရိတ်များကိုလည်း ကျခံသုံးစွဲ ရပါကြောင်း။ လစာနှင့်ပင်စင်အသုံးစရိတ်ဟာ စုစုပေါင်းသာမန်အသုံးစရိတ်၏ ၂၃.၆၆ ရာခိုင်နှုန်းထိ ရှိသဖြင့် စုစုပေါင်း အသုံးစရိတ်၏ ၁၇.၈၅ ရာခိုင်နှုန်းထိ ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အခြေခံ၍ နိုင်ငံတော် အတွင်း လှည့်လည်သုံးစွဲနေသည့် ငွေကြေးအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်ဈေးနှုန်းအခြေအနေ၊ တစ်မျိုးသားလုံး၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများကို အဘက်ဘက်က စဉ်းစား၍ သင့်လျော်သည့် အချိန်ကာလတွင် တိုးမြှင့်ဆောင်ရွက်ပေးသည့်ကိစ္စ ဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံတော်၏ ငွေကြေး အခြေအနေ၊ ပြည်တွင်းပြည်ပကြွေးမြီ၊ ဘတ်ဂျက်လိုငွေဖြစ်ပေါ်မှုစသည့် မက်ခရိုစီးပွားရေး အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်၍ အစိုး၏ အသုံးစရိတ်များကို စဉ်ဆက်မပြတ် သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် လိုငွေပြနေသည့် ဘတ်ဂျက်ကို လိုငွေ ကြီးထွားလာမှု မရှိစေရန်အတွက် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်မှု မရှိအောင် စဉ်ဆက် မပြတ် မိမိတို့ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရငွေအရင်းအမြစ်များကို တိုးပွားလာစေရန် ဆောင်ရွက်ခြင်းနဲ့ အသုံးစရိတ်များကို အထူးစိစစ်ကြပ်မတ်၍ သုံးစွဲစေခြင်းများကို ဆောင်ရွက်နေရသည်ကို လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးပဲအသိဖြစ်ပါကြောင်း၊
အခွန်အကောက် ရငွေများအပါအဝင် နိုင်ငံတော်၏ရငွေများ တိုးတက်လာတာနှင့်အမျှ နိုင်ငံ့ ဝန်ထမ်းများကို လစာနှုန်းထားများ တိုးမြှင့်ပေးရန်အတွက် မိမိတို့ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အခွန်အကောက် ရငွေများကို တိုးတက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ သတ္တုစသည့် သဘာဝသယံဇာတ ထုတ်လုပ်ရောင်းချမှုရငွေများ များစွာကျဆင်း သွားခဲ့ပါကြောင်း၊ နိုင်ငံတော်ကရယူခဲ့သည့် ကြွေးမြီများကိုလည်း ယခုအခါတွင် ပေးဆပ်ရန်အချိန်စေ့ ရောက်လာမှုများရှိသဖြင့် ပေးဆပ်နေရပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေးနှင့် မလိုလားအပ်သည့် သွင်းကုန်များကို လျှော့ချနိုင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေး ဦးမော့လာစေရန်အတွက် အဖက်ဖက်က အထူးကြိုးပမ်း ဆောင်ရွက်နေရသည့် ကာလ ဖြစ်ပါကြောင်း၊
ထို့ကြောင့် လစာတိုးပေးခြင်းထက် နိုင်ငံတော်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အဖက်ဖက်က ကြိုးပမ်း ဆောင်ရွက်စေပြီးမှ တိုးပေးရန်စဉ်းစားသင့်ပါသဖြင့် လျင်လျင်မြန်မြန် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် မိမိတို့ဦးစွာ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်နေသည့် ကာလအတွင်း နိုင်ငံ့ဝန်ထမ်း များအတွက် ခေတ်ကာလအခြေအနေနှင့် မကိုက်ညီသည့် စရိတ်များကို သုံးသပ်တိုးမြှင့်ပေးခြင်း၊ ရှေးယခင်က ရှိခဲ့ပြီး ပျောက်ကွယ့်နေသည့် အချိန်ပိုလုပ်ခစနစ်၊ ဆုကြေး(Bonus)ချီးမြှင့်သည့် စနစ်များကိုပြန်လည် ကျင့်သုံးနိုင်ရန် သုံးသပ်ဆောင်ရွက်ခြင်း၊ အိမ်ရာများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ် မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် လစာတိုးပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းဖြစ်သည့်အတွက် လစာတိုးပေးရန် အစီအစဉ် ရှိ/မရှိ ရှင်းလင်းစွာ သိရှိလိုပါကြောင်း ထပ်မံမေးမြန်းပါသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
မိမိ တင်ပြခဲ့သည့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး လစာနှုန်းထားများကို တိုးမြှင့်ပေးရန်နှင့် မည်၍ မည်မျှ တိုးမြှင့်ပေးရန်တို့ကို သုံးသပ်ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ယခုအချိန်တွင် တိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ အခြားနည်းလမ်းများဖြင့် ဝန်ထမ်းများ သက်သာချောင်ချိမှု ရရှိစေရန် ဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
