(ဂ)-နိုင်ငံတော်ဘတ်ဂျက်မှ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန် ကုန်ကျသင့်သည်ထက် ချပေးသည့်ငွေက ပိုမိုနေသည့်အတွက် တည့်မတ် ထိန်းညှိရန်နှင့် အရည်အသွေးစစ်ရန် B/Q တွက် ချက်မှု ပုံစံများ ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

daw cho choနိုင်ငံတော်မှ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ နှစ်စဉ်ဘတ်ဂျက်များချပေးကာ ဒေသဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာတွင် အမှန်တကယ်ကုန်ကျသင်‌့သည့် ငွေများထက် ပိုမိုတွက်ချက်ကာ ချပေးနေသည်ကို တွေ့ရှိရပါကြောင်း၊  တိုင်းပြည်၏ ဘဏ္ဍာငွေများသည် လေလွင့်ဆုံးရှုံးမှုများစွာ ရှိနေပြီး အရည်အသွေးများသည်လည်း ပြည့်မီခိုင်ခံံ့ခြင်းများမရှိဖြစ်နေပါကြောင်း၊

တည်ဆောက်ရေးလုပ်ငန်းများအတွက် ကုန်ကျမည့်ငွေကို ခန့်မှန်းတွက်ချက်ရာတွင် မြေပြင် အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာဒေသ ပေါက်ဈေးနှုန်းများအတိုင်း အင်ဂျင်နီ ယာများ၏ တွက်ချက်မှုအရ သတ်မှတ်ကာ အဆင်‌့ဆင့်တင်ပြတောင်းဆိုခြင်းများ ပြုလုပ်ကြရပါကြောင်း၊  ထိုသို့ တင်ပြတောင်းရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်လုပ်ငန်းတန်ဖိုးများ တင်ပြတောင်းခံထားမှုများမှာ ယခင်နှစ်များထက် လွန်စွာများပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်သည် နည်းပါးနေသည့်အတွက် ဘတ်ဂျက်များကို အမှန်တကယ်သာ စိစစ်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် ဘဏ္ဍာငွေများ ပိုလျှံလာမည်ဖြစ်ပြီး ပိုလျှံသည့် ဘဏ္ဍာငွေများနှင့် လိုအပ်သောဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်နိုင်မည်ဖြစ်ရာ သက်ဆိုင်ရာဒေသအသီးသီး၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊  လုပ်ငန်းခန့်မှန်းတွက်ချက်မှုကြီးကို တောင်းခံရာတွင် အလွယ်တကူမရရှိနိုင်ဖြစ်နေပါကြောင်း၊ အကယ်၍ လုပ်ငန်းခန့်မှန်း တွက်ချက်မှုများကို အလွယ်တကူရရှိနိုင်ပါက စစ်ဆေးမှုများကို မှန်ကန်စွာစစ်ဆေးနိုင်ပြီး အရည် အသွေးပြည့်မီသော လုပ်ငန်းများအကောင်အထည်ဖော်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အလိုက် အမှန်တကယ်ကုန်ကျသင်‌့သည့် ဘတ်ဂျက်ငွေဖြင့် လုပ်ငန်းများပိုမိုလုပ်ကိုင်နိုင်စေရန်နှင့် အရည်အသွေးမြင့်မားစေရန် နိုင်ငံတော်ဘတ်ဂျက်မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် အမှန်တကယ်ကုန်ကျသင့် သည်ထက်ချပေးသည့်ငွေက ပိုမိုနေသည့်အတွက် တည့်မတ် ထိန်းညှိဆောင်ရွက်ရန်နှင်‌့ စီမံကိန်း လုပ်ငန်းများ၏ အရည်အသွေးစစ်ရန် B/Q တွက်ချက် ပုံစံများအား ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင်‌့ စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u mg mg winနိုင်ငံတော်ဘတ်ဂျက်မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ အမှန်တကယ်ကုန်ကျ သင်‌့သည်ထက် ချပေးသည့်ငွေ(ဘတ်ဂျက်)က ပိုမိုနေသည့်အတွက် တည့်မတ်ထိန်းညှိဆောင်ရွက်ရန် နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးမူဝါဒကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘတ်ဂျက်ကို နှစ်စဉ်သမားရိုးကျ တိုးမြှင်‌့ လျာထားခဲ့သည့် ပုံစံမှ (Incremental Base Budgeting)  မူဝါဒကိုအခြေခံသည့် ပုံစံဖြစ်သော (Policy Base Budgeting) ဖြစ်စေရန် ကမ္ဘာ့ဘဏ်အကူအညီဖြင့်  ဆောင်ရွက်လျက်နေပါကြောင်း၊

နှစ်လတ်ဘဏ္ဍာရေးမူဘောင်ရေးဆွဲပြီးနောက် အများဆုံးထားနိုင်မည့် လိုငွေကို လိုငွေနှင်‌့ဂျီဒီပီအချိုး ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ပမာဏအတွင်း စတင် ရည်မှန်းပါကြောင်း၊ ထို့နောက် ရငွေများကို ခန့်မှန်းတွက်ချက်ခြင်း၊ ရငွေများနှင့် လိုငွေမှန်းထားသည့်အပေါ် မူတည်ပြီး အသုံးစရိတ်များကို ခန့်မှန်းတွက်ချက်ခြင်း၊ အဆိုပါ ခန့်မှန်းတွက်ချက်ထားသည့် အခြေအနေအရ ဌာနအဖွဲ့အစည်းများ အလိုက် အမြင့်ဆုံးသုံးစွဲနိုင်မည့် အသုံးစရိတ်ဘောင်များကို သတ်မှတ်ပေးခြင်း၊  အသုံးစရိတ် ဘောင်များကို သတ်မှတ်ရာတွင်လည်း သာမန်အသုံး စရိတ်ဘောင်၊ ငွေလုံးငွေရင်းအသုံးစရိတ် ဘောင်ဟူ၍   ခွဲခြားသတ်မှတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက သတ်မှတ်သည့်ဘောင်အတွင်း ရေးဆွဲတင်ပြလာသည့် အသုံးစရိတ်လျာထားချက်များအနက် သာမန်အသုံးစရိတ်များကို ရသုံးခန့်မှန်းခြေငွေစာရင်း ဦးစီးဌာနကလည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်များအနက် စက်ပစ္စည်းဝယ်ယူမှု အသုံးစရိတ် များကို စက်ပစ္စည်းကြီးကြပ်မှုကော်မတီကလည်းကောင်း၊  ဆောက်လုပ်ရေးလုပ်ငန်းများကို  ဆောက် လုပ်ရေး လုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက လည်း ကောင်း အခြားငွေလုံးငွေရင်းအသုံးစရိတ်များကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနကလည်းကောင်း စိစစ်ပါကြောင်း၊  ဌာနများကနေ အဲ့လိုစိစစ်ပြီးတဲ့နောက်မှာ ဌာနအသီးသီးကို ပြန်လည်ပေးပို့ပြီးတော့ ဌာနများက ပြန်လည်ပေးပို့တင်ပြလာသည့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနက စုစည်းပေါင်းချုပ်ပြီး ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲတင်ပြခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနကလည်း အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းကို ရေးဆွဲတင်ပြပါကြောင်း၊

အမျိုးသားစီမံကိန်းဥပဒေတွင် ပါဝင်သော လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်း များက အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ၎င်းတို့လျာထားသည့် စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် ဘတ်ဂျက်ကို တင်ပြလျာထားခဲ့ကြသော်လည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ ပစ္စည်းဝယ်ယူမှုများဟာ ပစ္စည်းများအချိန်မီရောက်ရှိ မလာခြင်းများကြောင်‌့ အချိန်မီငွေပေးချေနိုင်မှုမရှိခြင်း၊ ရရှိမည်ဟုမှန်းထားသည့် ပြည်ပအကူအညီ ရငွေနှင်‌့ ချေးငွေများအချိန်မီရရှိမလာခြင်း စသည်တို့ကြောင့် မူလလျာထားသည်‌့ အတိုင်း သုံးစွဲနိုင်မှု မရှိဘဲ ပိုလျှံငွေအပ်နှံရခြင်းများတွေ့ရှိရပါကြောင်း၊  တစ်ဖန်ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် လည်း တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်ရာတွင် ပညာရှင်များပါဝင်သော ဆောက်လုပ် ရေး လုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့က စိစစ်ပြီးမှသာ ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ ခွဲဝေရရှိသော ရန်ပုံငွေ အလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီများဖွဲ့စည်းပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူစေသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေးနှစ် အသစ်အတွက် ငွေလုံးငွေရင်းလျာထားချက်ကို ယခင်ဘဏ္ဍာနှစ်၏ ပစ္စည်းတင်ဒါဈေးနှုန်းများ၊ ဒေသပေါက်ဈေးနှုန်းအရ လုပ်အားခများအပေါ် အခြေခံ ခန့်မှန်းလျာထားရေးဆွဲကြခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့်ကာလအတွင်း လျာထားစဉ်အချိန်ကထက် ပစ္စည်းတင်ဒါ ဈေးနှုန်းများဟာ မြင့်တက်လာခြင်း သို့မဟုတ် လျော့ကျသွားခြင်း၊ လုပ်အားခဈေးနှုန်းများ မြင့်တက်ခြင်း၊ စက်ယန္တရားလိုအပ်ချက်အပေါ် မူတည်ပြီး ပြင်ပမှ စက်/ယာဉ်များ ငှားရမ်း သုံးစွဲရခြင်း (Material, Men, Machine) စသည်တို့မှာ အချိန်ကာလနှင့် အခြေအနေအရ အပြောင်းအလဲများ ဖြစ်ပေါ်တက်ခြင်းကြောင့် မူလလျာထားသည့် လုပ်ငန်းပမာဏနှင့် လျာထားသည့် ကုန်ကျငွေများ လည်း အနည်းငယ်ကွာဟချက် ဖြစ်ပေါ်လာတတ်ပါကြောင်း၊

 အမှန်တကယ် ကုန်ကျသည့်ငွေထက်ချပေးသည့် ဘတ်ဂျက်က ပိုမိုမှုမရှိစေရန် (၁) ဘတ်ဂျက် မရေးဆွဲမီ အသုံးစရိတ်ဘောင်ကို သတ်မှတ်ပေးခြင်း၊ (၂) အဆင်‌့ဆင်‌့စိစစ်ခြင်း၊ (၃) လွှတ်တော်မှ ထပ်မံစိစစ်ခြင်း၊(၄) လိုအပ်ပါက ပြုပြင်ပြီးခန့်မှန်းခြေတွင် ပြင်ဆင်ရေးဆွဲခြင်း၊ (၅) ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း၊ (၆) ပိုလျှံငွေပြန်လည်အပ်နှံစေခြင်းစသည်နည်းလမ်းများဖြင့်  တည့်မတ်ထိန်းညှိပေးလျက် ရှိပါကြောင်း၊

စီမံကိန်းလုပ်ငန်းများ၏ အရည်အသွေးစစ်ရန် အရည်အသွေးစစ် B/Q တွက်ချက်မှုပုံစံများကို အလွယ်တကူထုတ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်သည့် ငွေလုံးငွေရင်းလုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းများကို တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေနှင့် ဆောင်ရွက်သည့်လုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီကိုလည်းကောင်း တင်ပြ အတည်ပြုချက် တောင်းခံရပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီအသီးသီးက သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးပြီး ကော်မတီများ၏ အတည်ပြုချက်ရရှိပြီးမှသာ ဘဏ္ဍာရေးနှစ်အလိုက် သုံးစွဲမည့် ရန်ပုံငွေများကို ပြည်ထောင်စုစာရင်းစစ်ရုံးက စာရင်းစစ်ဆေးခြင်းနှင်‌့ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  ငွေလုံးငွေရင်း လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုမီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေး၍  အသေးစိတ်တိုင်းတာပုံထုတ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ချိန်တွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအလိုက် အရည်အသွေးထိန်းသိမ်း‌ရေးအဖွဲ့များက သတ်မှတ် ဒီဇိုင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို B/Q များနှင့် တိုင်းတာစစ်ဆေးကြပ်မတ်ခြင်း၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတို့မှ တာဝန်ရှိသူအဆင်‌့ဆင်‌့က အခါအားလျော်စွာကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြပါကြောင်း၊

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာန၏ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်ဆေးရေးအဖွဲ့များကိုလည်းကောင်း၊ အရည်အသွေးစစ်ပုံစံ B/Q များကို ဌာနကအစီအစဉ်ဖြင့် ဖွင့်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးရန် စီမံကိန်းနှင်‌့ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီမံကိန်းစိစစ်ဆေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနကိုလည်း ပြန်လည်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ခွဲဝေသုံးစွဲရာတွင်  ပြည်သူအတွက်ထိရောက်အကျိုးရှိစေသည့် သုံးစွဲမှုများ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများကလည်း မြေပြင်တွေ့ရှိချက်များကို မိမိတို့ထံ အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်၊