မေးခွန်း အကြောင်းအရာ
ယခုမေးခွန်းသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက မေးမြန်းခဲ့သော မေးခွန်းဖြစ်ပါကြောင်း၊ လေရှီးမြို့နယ်သည် ဝေးလံခေါင်းပါးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြို့နယ်ဖြစ်သည့် အားလျော်စွာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များ ထုတ်ယူရာတွင်လည်းကောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူများ ငွေအလွှဲအပြောင်းပြုလုပ်ရာတွင်လည်းကောင်း၊ ပြည်ပတွင် ပညာ သင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် ပညာသင်စရိတ်ပို့ပေးရာတွင်လည်းကောင်း၊ နိုင်ငံတော်မှ နှစ်စဉ် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေလွှဲငွေရင်းခွင့်ပြုငွေ ထုတ်ယူရာတွင် လည်းကောင်း ဟုမ္မလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကို သွားပြီးထုတ်ယူနေရသည့်အတွက် မလိုအပ်ဘဲ ခရီးစရိတ်ကုန်ကျနေခြင်း၊ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းထုတ်ယူရန် ခက်ခဲခြင်း၊ ငွေထုတ်ယူပြီးအခါတွင်လည်း လမ်းခရီး၌ ဝန်ထုပ်ဝန်ပိုးဖြစ်နေခြင်း စသည့် အခက်အခဲများ ရှိပါကြောင်း၊ သို့ရာတွင် မေးခွန်းကို တင်ပြပြီး နောက်ပိုင်း နှစ်လဝန်းကျင်ခန့်ကစပြီး ငွေလွှဲ၍ရပြီဟု သိရှိရသော်လည်း ငွေလွှဲလက်မှတ် တစ်စောင်တွင် အများဆုံးသိန်း ၂၀ ထက်ပိုပြီး လွှဲ၍မရသေးပါကြောင်း၊ လက်ရှိအခြေအနေတွင် မြို့နယ်ဘဏ်ခွဲစာရင်း ထိန်းသိမ်းမှုအဆင့် တိုးမြှင့်ခြင်းသာဖြစ်ပြီး ဘဏ်ခွဲအဆင့် တိုးမြှင့်ပေးခြင်း မရှိသေးပါကြောင်း၊ လေရှီးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်မှလွဲ၍ နယ်မြေဒေသအေးချမ်းပြီး လုံခြုံသည့် အဖြူရောင် နယ်မြေဒေသဖြစ်ပါကြောင်း၊ ထို့အပြင် မြို့နယ်အတွင်း၌ တပ်ရင်းတပ်ဖွဲ့စခန်းများ၊ မြို့နယ်အဆင့် ဖွဲ့စည်းပုံနှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့စစ်တမ်းစခန်းများ ချထားပြီး လုံခြုံမှုရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ လိုအပ်ချက်ကိုထောက်ရှု၍ ဘဏ်ခွဲအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်သည် ရုံးချုပ်ဌာနကြီး ခြောက်ခု၊ တိုင်းဒေသကြီးပြည်နယ်ရုံး ၁၄ ခု၊ ခရိုင်အဆင့်ဘဏ်ခွဲ ၇၅ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၅ ခု၊ ဘဏ်ငွေတိုက်ခွဲ အဆင့် ၁၈ ခုနှင့် ကိုယ်စားလှယ်ရုံးခွဲ ငါးခု စုစုပေါင်း နိုင်ငံတစ်ဝှမ်းလုံးတွင် ဌာန/ဘဏ်ခွဲပေါင်း ၃၄၃ ခုဖွင့်လှစ်ပြီး နိုင်ငံတော်ပိုင်ဘဏ်အဖြစ် အစိုးရ၏ ဘဏ်လုပ်ငန်းများနှင့် အများပြည်သူအတွက် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ အဓိက ကွာခြားချက်မှာ ပုဂ္ဂလိကဘဏ်များသည် ဘဏ်ခွဲမည်မျှပင်များပြားပါစေ နယ်စွန်နယ်ဖျား မြို့နယ် အသေးများပါမကျန် ဖွင့်လှစ်နိုင်ခြင်းမျိုးမဟုတ်ဘဲ စီးပွားရေးတွက်ခြေကိုက်မည့် နေရာတွင်သာ ရွေးချယ်ဖွင့်လှစ်ကြခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရဌာနစာရင်းများရှိသဖြင့် နယ်စွန်နယ်ဖြား ပါမကျန် မြို့နယ်အသေးလေးများအထိ ကုန်ကျစရိတ်အရှုံးခံပြီး ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါကြောင်း၊ လေရှီးဘဏ်နေတိုက်ခွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၌ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါတွင် သက်တမ်းအားဖြင့် သုံးနှစ်ကျော်ရှိပြီး လုပ်ငန်းပမာဏအနေဖြင့် ငွေစုဘဏ် စာရင်းဦးရေ ၁၀၈ ခု၊ ပင်စင်စာရင်းဦးရေ ၁၀၀ ခု၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်းဦးရေ ၂၁ ခုတို့ရှိပြီး လစဉ်သွင်းငွေ ပျမ်းမျှ ၁၀ သန်းခန့်၊ လစဉ်ထုတ်ငွေ ပျမ်းမျှ ၂၅၀ သန်းခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ငွေတိုက်ခွဲ၏ ငွေလက်ကျန်ထားပိုင်ခွင့် ပမာဏသည် ကျန်သန်းသုံးရာဖြစ်ပါကြောင်း၊ လေရှီးဘဏ်ခွဲတွင် ကြီးကြပ်ရေးမှူးတစ်ဦး၊ ဒုတိယကြီးကြပ်ရေးမှူးတစ်ဦး၊ အကြီးတန်းစာရေးတစ်ဦးနှင့် ငွေကိုင်(၃) တစ်ဦး၊ အငယ်တန်းစာရေးတစ်ဦး စုစုပေါင်း ဝန်ထမ်းငါးဦး ထားရှိဆောင်ရွက်ပါကြောင်း၊ ငွေလွှဲလုပ်ငန်း နှင့်ပတ်သက်ပြီး လေရှီးမြို့နယ်သည် အော်တိုတယ်လီဖုန်းလိုင်း အသုံးမပြုနိုင်သေးဘဲ CDMA ဖုန်းလိုင်း တစ်လိုင်းဖြင့်သာ ဆက်သွယ်ဆောင်ရွက်နေရသဖြင့် ငွေလွှဲပို့ခြင်းလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်း၊ မြို့နယ်ဘဏ်ခွဲအဆင့်ကိုတိုးမြှင့်ပါက ဝန်ထမ်းဦးရေတိုးမြှင့်ခန့်ထားရန်လိုအပ်လာပြီး ငွေကြေးသယ်ယူမှု လမ်းကြောင်းနှင့် ငွေသယ်စရိတ်များလည်း တိုးမြှင့်လာမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဘဏ်ခွဲရုံး၊ ငွေတိုက်အဆောက်အအုံ စသည်တို့ကိုလည်း ဆောက်လုပ်ပေးရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ပိုမိုလာပြီး လုပ်ငန်းပမာဏနှင့် ကုန်ကျစရိတ်ကို ချိန်ဆပြီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လေရှီးမြို့နယ်သို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေသည် မုံရွာမြို့မှ ရေကြောင်းဖြင့် ဟုမ္မလင်းမြို့သို့သွားရပြီး ၎င်းမှတစ်ဆင့် ပွင့်လင်းရာသီတွင် ကားဖြင့်လည်းကောင်း၊ မိုးရာသီမှာ မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရသဖြင့် ဘဏ္ဍာငွေသယ်ယူရန် လမ်းပန်း ဆက်သွယ်မှု ခက်ခဲနေသေးခြင်း၊ လေရှီးမြို့နယ်၏လူဦးရေမှာ နှစ်သောင်းကျော်ရှိခြင်း၊ ဆက်သွယ်ရေး အနေဖြင့် CDMA ဖုန်းလိုင်းတစ်လိုင်းဖြင့်သာ ဆောင်ရွက်နေရခြင်းတို့အပြင် ဘဏ်ငွေတိုက်ခွဲအနေ ဖြင့်လည်း လောလောဆယ်တွင် လုပ်ငန်းများ နိုင်နင်းစွာဆောင်ရွက်လျက်ရှိခြင်းကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လေရှီးဘဏ်ငွေတိုက်ခွဲကို လက်ရှိအချိန်တွင် မြို့နယ်ဘဏ်ခွဲအဆင့်ကို တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ကောင်းမွန်လာပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ တိုးတက်ပြီး လုပ်ငန်းပမာဏ များပြားလာသည့်အချိန်တွင် မြို့နယ် ဘဏ်ခွဲအဆင့်ကို တိုးမြှင့်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
