မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်-အလယ်ကုန်း-ကျစွာ ရန်အောင်မြင် ဘုရားလမ်းသည် မြို့အရှေ့ဘက်၏ တစ်ခုတည်းသော လမ်းမကြီးဖြစ်သည့်အပြင် ခရိုင်ချင်းဆက် လမ်းနှင့် ဆက်စပ်နေသည့် လမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ အကွာအဝေး မိုင်ပေါင်း ၁၂ မိုင် ရှည်လျားပြီး ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဟံသီရိကုမ္ပဏီနှင့် Famous Traid ကုမ္ပဏီ ကုမ္ပဏီနှစ်ခုတို့မှ ရန်ပုံငွေ ၈၃၆၄ သိန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊
၎င်းလမ်းမကြီးအား ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်းကိုဆောင်ရွက်ပြီး တစ်နှစ်အတွင်း၌ပင် အရည်အသွေး ပြည့်မီခြင်း မရှိသည့်အတွက် ကျောက်ကြမ်း လမ်းမကြီးအဖြစ်သို့ ပြောင်းလဲလာ ပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသမှ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ဒေသခံများ အနေဖြင့် ခရီးသွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရခြင်း၊ မကြာမီကာလတွင်ပင် လမ်းအခြေအနေသည့် ပျက်စီးနိုင်မည့် အခြေအနေ ဖြစ်ပေါ်နေခြင်းတို့ကြောင့် မိမိထံသို့ တိုင်ကြားစာ၊ ကန့်ကွက်စာများ တင်ပြလာခဲ့ပါကြောင်း၊
ထို့ကြောင့် ၎င်းလမ်းမကြီးကို တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအနေဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်ကောက်-အလယ်ကုန်း-ကျစွာရန် အောင်မြင်ဘုရား လမ်းမကြီး ကျောက်ချောလမ်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဟံသီရိ ကုမ္ပဏီမှ ၆ မိုင်နှင့် Famous Traid ကုမ္ပဏီမှ ၆ မိုင် စုစုပေါင်း ၁၂ မိုင်တို့အား ကုမ္ပဏီနှစ်ခုကို အပိုင်းလိုက် ဆောင်ရွက်ပေးရန် တာဝန်ပေးခဲ့ပါကြောင်း၊
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးခံသည့်အချိန်ကစတင်ပြီး ကြို့ပင်ကောက်မြို့၏ မြို့အရှေ့ဘက်ခြမ်းရှိ ရွာ ၄၁ ရွာတို့က သံဘီးတပ် လှည်းတွေ၊ တန်ပိုယာဉ်များ ဖြတ်သန်းမောင်းနှင်ခြင်းကြောင့် ၂၀၁၅ ခုနှစ် မိုးရာသီတွင် လမ်းများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကုမ္ပဏီများညှိနှိုင်းပြီး လမ်းပျက်စီးမှု မဖြစ်ပေါ်စေရေးနှင့် တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိစေရေးအတွက် အတားအဆီး ဆိုင်းဘုတ်များ စိုက်ထူအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ဒေသခံပြည်သူများမှ ထိုဆိုင်းဘုတ်များကို ဖယ်ရှား ပစ်ခြင်းကြောင့် လမ်း၊ တံတားများ ထိန်းသိမ်းရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ကို စိစစ်သိရှိ ခဲ့ရပါကြောင်း၊
၂၀၁၆ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် (ဝ/၄)မိုင်မှ (၂/၄)မိုင် အတွင်း ၁ မိုင်ခန့် လမ်းမပေါ် ရေကျော်၊ ရေလွှမ်း သဘာဝ ဘေးအန္တရာယ်များကြောင့် အပေါ်ယံလွှာ (အပွန်းခံလွှာ) တချို့ပျက်စီး ဖြစ်ပေါ်ခဲ့သည့်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြင်ဆင်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
ကျန်လမ်းအပိုင်း၏ အပေါ်ယံလွှာ ပျက်စီးမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေး သဘောတူညီချက်အရ ဟံသီရိကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ၆ မိုင်အတွင်းရှိ (၄/ဝ)မိုင်ကနေ (၆/ဝ)မိုင်ကြား အပေါ်ယံလွှာ ပျက်စီးခဲ့သည့်လမ်း (၂/ဝ) မိုင်ပြုပြင်ရန်နှင့် Famous Traid ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ၆ မိုင်အတွင်း အပေါ်ယံ ပျက်စီးသွားသော လမ်း (၂/ဝ)မိုင် ပြုပြင်ခြင်းများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ညှိနှိုင်းပြုပြင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
အဆိုပါလမ်းပေါ်တွင် တန်ပိုယာဉ်များ နေ့စဉ် ဖြတ်သန်း သွားလာလျက်ရှိသည့်အတွက် လမ်းအား ပြင်ဆင်ပြီးပါက ဒေသခံပြည်သူများ အနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာပြီး ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
