မေးခွန်း အကြောင်းအရာ
ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားတင်ပြခဲ့သည့် လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး လျာထားချက်တွင် ပါဝင်ခြင်း မရှိပါသဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာရေး လျာထားချက် ပိုလျှံရန်ပုံငွေ သို့မဟုတ် ဖြည့်စွက် ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး ရန်ပုံငွေမှဖြစ်စေ ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပျော်ဘွယ်မြို့နယ်သည် ဧရိယာ ၆၃၇.၈၂ စတုရန်းမိုင်နှင့် ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာပေါင်း ၃၁၇ ရွာရှိပြီး ဆက်သွယ်သွားလာမှု ခက်ခဲသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နိုင်ငံတော်အစိုးရများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကြောင့် သွားလာဆက်သွယ်မှု တိုးတက်လာခဲ့ပါသော်လည်း ကျေးလက်လမ်း၊ တံတားလိုအပ်ချက်များ ရှိနေသည့်အတွက် အခက်အခဲ ဖြစ်နေဆဲဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးလက်လမ်း အခြေအနေ တင်ပြပါစာရင်းတွင် မြေသားလမ်း ၇၈ မိုင် ၆.၆၀၇ ဖာလုံနှင့် နောက်ထပ် ဆက်လက် ဆောင်ရွက်ပေးရမည့် မိုင် ၁၁၂ မိုင်ကျော်ရှိသည့်အတွက် စုစုပေါင်း ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်ပေးရမည့် လမ်းမိုင်သည် ၁၉၀ မိုင်နှင့် ၆ ဖာလုံခန့်ရှိပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လဆန်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၁၇-၁၈ မှ ၂၀၂၀-၂၁ ခုနှစ်အထိ ဆောင်ရွက်ရမည့် လမ်းတံတား စာရင်းကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးဆွဲပြီး ညွှန်ကြားလာခဲ့ပါကြောင်း၊ ထို့ကြောင့် ဦးစားပေးဆောင်ရွက်သင့်သည့် လမ်း၊ တံတားစာရင်းများကို လေးနှစ်စာ ညှိနှိုင်းရေးဆွဲ တင်ပြခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လ တတိယပတ်တွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (ရုံးချုပ်) မှ ၂၀၁၇-၁၈ မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ လမ်း၊ တံတားနှစ်တို၊ နှစ်ရှည် ၁၅ နှစ် စီမံကိန်းကို ကာလတို ငါးနှစ်စီမံကိန်း သုံးခုနှင့် ရေးဆွဲတင်ပြရန်လည်း ညွှန်ကြားလာခဲ့ပါကြောင်း၊ ၎င်း ညွှန်ကြားချက်တွင် ပထမငါးနှစ်၏ နှစ်အလိုက် ဦးစားပေးလျာထားခြင်းကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါဝင်သင့်သူများနှင့်ဖွဲ့ပြီး ရွေးချယ်ပေးရန် ညွှန်ကြားချက်အရ မိမိတို့အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ထပ်မံရေးဆွဲတင်ပြခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်သည် စီမံကိန်းနောက်ဆုံးနှစ်ဖြစ်သည့် ၂၀၃၀-၃၁ ခုနှစ်ကုန်တွင် လက်ရှိ ကျေးလက်ဒေသလမ်းအားလုံး ရာသီမရွေး သွားလာနိုင်သည့်လမ်း ၁၀၀ ရာခိုင်နှုန်းဖြစ်ရန် ရည်မှန်းထားသည့်အတွက် ကျေးလက်နေပြည်သူများ လွန်စွာဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ရပါကြောင်း၊
ထို့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ လယ်ခန့်တွင် ကျေးလက်လမ်း၊ တံတားများကို ပြည်ပမိတ်ဖက်အဖွဲ့အစည်း အကူအညီနှင့် ဆောင်ရွက်ရန် ၂၀၁၇-၁၈ မှ ၂၀၂၀-၂၁ အထိ လေးနှစ်စာ ထပ်မံလျာထားပေးရန် ညွှန်ကြားလာပါကြောင်း၊ ညွှန်ကြားချက်အရလည်း မိမိတို့ ထပ်မံညှိနှိုင်း ပေးပို့ခဲ့ပြီး ယခုလို ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်ပြီး အထက်ဌာနများက တောင်းခံလာတိုင်း မဆိုင်းမတွ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆွေးနွေးပြီး ရေးဆွဲ တင်ပြခဲ့သည်မှာလည်း အကြိမ်ကြိမ် ဖြစ်ပါကြောင်း၊ မိမိတို့ ကြိုးစားဆောင်ရွက် တင်ပြခဲ့ပါသော်လည်း ပြည်ထောင်စုအစိုးရ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးလျာထားချက်တွင် ပျော်ဘွယ်မြို့နယ်၏ ကျေးလက်ဒေသများအတွက် လမ်း၊ တံတားများ တည်ဆောက်ရန် ရန်ပုံငွေပါဝင်ခြင်း မရှိသေးပါကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရက ဆင်းရဲ့မွဲတေမှု လျှော့ချရေးကို ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေး မြှင့်တင်ရေးကို အလေးထားကြောင်း ပြောကြားနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုး၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် လျာထားချက်တွင် မပါဝင်ခဲ့သည့် ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ အခြေခံအကျဆုံးဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်လျာထားချက် ပိုလျှံငွေ သို့မဟုတ် ဖြည့်စွက်ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး၏ ရန်ပုံငွေမှဖြစ်စေ ခွဲဝေချထား ဆောင်ရွက်ပေး စေလိုပါကြောင်း ကျေးလက်နေ ပြည်သူများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး လူထုဗဟိုပြုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ လူထုဗဟိုပြု စီမံကိန်းဟု ခေါ်ဆိုရမည့် CDD Community ဒရာဗန့် Development Project အရလည်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေနှင့် ဒေသဖွံ့ဖြိုးရေးများကို ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ကန့်သတ်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွက် လျာထားမှုမရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ပျော်ဘွယ်မြို့နယ်သည် CDD စီမံကိန်းဝင် မြို့နယ်ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေးနှစ်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စီမံကိန်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၂၆၇၄ သန်းဖြင့် ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာ ၃၁၇ ရွာအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျော်ဘွယ်မြို့နယ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ယခင်နှစ် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၈၄.၅၁၅ သန်းဖြင့် ကတ္တရာလမ်း ၁ မိုင်၊ ကျောက်ချော လမ်း ၅ မိုင်၊ ဂဝံ/မြေနီလမ်း ၁ ဖာလုံ၊ ကွန်ကရစ်တံတား ၅ စင်း၊ သစ်သားတံတား ၂ စင်း၊ ရေပြွန် ၅ စင်းတို့ကို လျာထားဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၈၅.၂၃ သန်း ရရှိခဲ့သည့်အလျောက် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့်မှ လမ်း၊ တံတားလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လမ်းအမျိုးအစားနှင့် လမ်းအဆင့်သတ်မှတ်ခြင်း၊ လမ်း၊ တံတားစံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ လမ်းနယ်နိမိတ်သတ်မှတ်ခြင်း၊ လမ်းပိုင်းဆိုင်ရာနယ်နိမိတ် သတ်မှတ်ခြင်းနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ နှစ်တို၊ နှစ်ရှည် စီမံကိန်း (Master Plan) များအရ ဦးစားပေး ရေးဆွဲတင်ပြလာသော လုပ်ငန်းများအပေါ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နှစ်စဉ်စိစစ်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာရေး လျာထားချက် ရန်ပုံငွေဖြင့် တိုင်းဒေသကြီးရန်ပုံငွေများတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသော်လည်း နှစ်အလိုက် ဦးစားပေးလျာထားတင်ပြမှုအပေါ် မူတည်ပြီး လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးခွန်းမေးမြန်ပါသည်။
လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဆောင်ရွက်နေသည်မှာ အင်မတန် ကျေးဇူးတင် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်ဖြစ်သည့်အတွက် ပြည်ထောင်စု ဘတ်ဂျက် ချထားပေးမှု မရှိဘူးဆိုသည့် မူဝါဒကို ပြန်လည်ဆန်းစစ်ရန် သင့်ပါကြောင်း၊ ၎င်းစီမံကိန်းအရ မြို့နယ်များကို ရွေးချယ်သည့်အခါတွင် အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုကို အဓိကအခြေခံထားပြီး ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ မြို့နယ်ပေါင်းများစွာထဲမှ အဆင်းရဲဆုံး မြို့နယ်များကို ဦးစားပေးရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ အဆင်းရဲဆုံး မြို့နယ်များနှင့် ကျန်ရှိသည့် မြို့နယ်များကို အဆင်းရဲဆုံး မြို့နယ်က CDD ရန်ပုံငွေရသည့်အတွက် ကျန်သည့်မြို့နယ်များက ပြည်ထောင်စုဘတ်ဂျက်နှင့် လုပ်မယ်ဆိုလျှင် ဆင်းရဲမှုနှင့် ချမ်းသာမှု ကွာဟချက်က ပြေလည်လာမည် မဟုတ်ပါကြောင်း၊ နောက်တစ်ချက်ကလည်း CDD ခွင့်ပြုငွေသည် လူဦးရေ ၃၀၀၀ အတွင်းတွင်မှ ကျေးရွာအုပ်စုတစ်စုမှာ ကျပ် သိန်း ၂၀၀ ရခြင်းဖြစ်ပါကြောင်း၊ ၎င်းကျေးရွာအုပ်စုက လူနည်းပြီး ၁၀ ရွာမှာ တစ်အုပ်စု ဖြစ်နေမည်ဆိုပါက ရွာ၏ ခွဲတမ်းသည် ကျပ် ၁၀ သိန်းခန့်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ပြခဲ့သည့် လမ်းများကို ထိုငွေနှင့် မည်သို့မျှ မလောက်ငှသဖြင့် အပြီးသတ် မဆောင်ရွက်နိုင်ပါကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းအရ ဝန်ကြီးအမိန့် ရှိသည် ဆိုသည်မှာ မှန်သော်လည်း ငွေကျပ်ချပေးထားပါကြောင်း၊ ဒီနှစ်လုပ်သည့် လုပ်ငန်းများအားလုံးသည် လုပ်ငန်းသစ်များ မပါရပါကြောင်း၊ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများ လျာထားဆောင်ရွက်ရပါကြောင်း၊ ဒါကလည်း စီမံကိန်း၏ မူဝါဒဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ပြည်ထောင်စု ဘတ်ဂျက်မှာ တင်ပြထားတဲ့ဟာက ရွာတွင်းလမ်းတွေ မဟုတ်ပါဘူး။ ရွာချင်းဆက်လမ်းတွေ၊ မြို့နယ်၊ လမ်းမများကို ဆက်သွယ်သည့် လမ်းများဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ မန္တလေးတိုင်းဒေသကြီးမှ ခွဲဝေ လျာထားသည့်စာရင်း မိမိတွင် ရရှိထားပါကြောင်း၊ ၎င်းအထဲတွင် တိုင်းဒေသကြီးကနေပြီး အခုနက ဝန်ကြီးက မပါဝင်ကြောင်း ပြောပါသည်။ မိမိထံတွင်လည်း စာရင်းများ ရှိပါကြောင်း၊ ထိုစာရင်းထဲတွင် ပါဝင်သည်မှာ ရေကန်နှစ်ကန်၊ လမ်းတစ်လမ်း၊ Box Culvert ခုနှစ်စင်း၊ တံတားတစ်စင်း၊ မြေသားလမ်း ၁.၅ မိုင်နှင့် ကျောက်ချောလမ်း ၁.၃ မိုင်ပါရှိပါကြောင်း၊ ထို့ကြောင့် ရာသီမရွေး သွားလာနိုင်ရန်အတွက် တစ်နှစ်ကို ၁.၃ မိုင်လောက်ခန့်သာ ရရှိမည်ဆိုပါက တင်ပြထားသည့် မိုင် ၁၉၀ သည် နှစ် ၁၀၀ ခန့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေမှုကို ပြန်လည်သုံးသပ်ပြီး မိမိ၏ မေးမြန်းတင်ပြချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တင်ပြချက်နှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ပြန်လည်စိစစ် ပေးပါမည်ဖြစ်ပါကြောင်း၊ ယခုလိုပြန်လည်စိစစ်သည့် အခါတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် အခုနက လွှတ်တော် ကိုယ်စားလှယ်ကြီး ရှင်းလင်းဆွေးနွေး သွားသလိုပဲ CDD Project ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းအရ၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ လွှမ်းခြုံဆောင်ရွက်ရသည့် အတွက်ကြောင့် လိုအပ်ချက်များ ရှိနိုင်ပါကြောင်း၊ နောက်တစ်ချက်မှာ CDD နှင့် ပြည်ထောင်စုဘတ်ဂျက် ပြန်လည်စိစစ် သုံးသပ်သည့်အခါ လုပ်နည်းစနစ်ကိုလည်း ပြန်လည်စိစစ် သုံးသပ်ရန် သင့်သည်ဆိုသည်ကို လက်ခံပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြန်လည်ညှိနှိုင်းပြီး ယခုနှစ်တွင် ပိုလျှံငွေအနေအထား ဖြစ်ပေါ်လာမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့်အတိုင်း ဦးစားပေး ဆောင်ရွက်သွားနိုင်ရေးကို အကောင်အထည်ဖော် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
