မေးခွန်း အကြောင်းအရာ
အင်းတော်မြို့နယ်တွင် မြို့ပေါ်လေးရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၄၃ အုပ်စုနှင့် ကျေးရွာပေါင်း ၁၄၁ ရွာရှိပြီး လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်ပါကြောင်း၊ အင်းတော်မြို့ကို မိမိတို့ ဒေသအနေဖြင့် မော်လူးဒေသ၊ မာန်လယ်ဒေသ၊ မဲဇာဒေသနှင့် မော်တိတ်ဒေသဟူ၍ ဒေသလေးခု ခွဲထားရာတွင် မော်တိတ်ဒေသ၌ ကျေးရွာအုပ်စုခြောက်အုပ်စုပါဝင်ပြီး ကျေးရွာ ၁၃ ရွာ နေထိုင်ကြပါကြောင်း၊ ဓနုတိုင်းရင်းသား အများဆုံး နေထိုင်ပါကြောင်း၊ အခြားသော ဒေသများတွင် အထက်တန်းကျောင်းများ ရှိသော်လည်း မော်တိတ်ဒေသ၌ အ.ထ.က(ခွဲ)ကျောင်း တစ်ကျောင်းသာရှိပါကြောင်း၊
မော်တိတ် အ.ထ.က(ခွဲ) ကျောင်းသည် ၁၉၅၇ ခုနှစ်၌ အခြေခံပညာမူလတန်းကျောင်းကစတင်ပြီး ၁၉၇၆ ခုနှစ်၌ တွဲဖက်အလယ်တန်းကျောင်း၊ ၁၉၈၃ ခုနှစ်၌ အလယ်တန်းကျောင်းဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်၌ တွဲဖက်အထက်တန်းကျောင်းဖြစ်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်၌ အ.ထ.က(ခွဲ) ဖွင့်လှစ်ခဲ့ပါကြောင်း၊ သက်တမ်းတစ်လျှောက်လုံးကိုကြည့်ပါက မော်တိတ်ဒေသ ကျေးလက်ပြည်သူများ၏ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြခြင်းများ များပါကြောင်း၊
မော်တိတ် အ.ထ.က(ခွဲ) တွင် ကျေးရွာ ၂၃ ရွာက ကျောင်းများဖြစ်သည် မူလတန်းလွန်ကျောင်း ၈ ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်းက ကျောင်းသားများ သည် မော်တိတ် အ.ထ.က (ခွဲ) ကိုသာ အားထားနေရပါကြောင်း၊ မော်တိတ် အ.ထ.က(ခွဲ)တွင် သီရိမော်၊ သုဝဏ္ဏ၊ မိဘမေတ္တာ ဟူ၍ နှစ်ထပ်ကျောင်းဆောင် ၃ ဆောင်ရှိပြီး ကျေးရွာလူထု၏ ထည့်ဝင်ငွေများဖြင့် ဆောက်လုပ်ခဲ့ပါကြောင်း၊ သီရိမော်ကျောင်းဆောင်သည် ၁၉၅၇ ခုနှစ်ကတည်းက ဆောက်ထားသည့်အတွက် နှစ် ၅၀ ကျော်၊ မိဘမေတ္တာကျောင်းဆောင်သည် ၁၉၈၆ ခုနှစ်က ဆောက်ခဲ့သည့်အတွက် နှစ် ၃၀ ကျော်ပြီဖြစ်သော်ကြောင့် နှစ်ကြာလာတာနှင့်အမျှ စာသင်ဆောင်များသည် အန္တရာယ်ဆောင်အဖြစ် ပိတ်ထားခဲ့ကြရပါကြောင်း၊
၎င်းပိတ်ထားသည့် ကျောင်းဆောင်များသည် လုံးဝအန္တရာယ်ဆောင်များ ဖြစ်ကြသည့်အတွက် အမြန်ဆုံး ဖျက်သိမ်းရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ၂၇-၄-၂၀၁၆ ခရီးစဉ်တွင် လမ်းညွှန်ခဲ့ရာ ဖျက်သိမ်းပြီး ယာယီကျောင်းဆောင်အဖြစ် နိုင်ငံတော်မှ သိန်း ၁၂၀ ပံ့ပိုးသည့်အတွက် Foundation ချပြီး ကျေးရွာလူထုမှ မြေစိုက်အဆောင်တစ်ဆောင် အစားထိုးပြီး သင်ကြားနေရပါကြောင်း၊ ထိုကဲ့သို့ စာသင်ကျောင်းများ မလုံလောက်သည့်အတွက် မော်တိတ်ဒေသမှ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသားငယ်လေးများသည် မော်တိတ် အ.ထ.က(ခွဲ)ကို ကျော်ချန်ပြီး မော်တိတ်ဒေသနှင့် ၁၀ မိုင်မှ ၂၅ မိုင်ဝေးသော အင်းတော်မြို့ပေါ်ရှိ ကျူရှင်၊ ဘော်ဒါများတွင် သွားရောက်နေထိုင်ပြီး အင်းတော် အ.ထ.က နှင့် ရေတွင်းကုန်း အ.ထ.က(ခွဲ)များတွင် ပညာသင်ကြားနေရပါကြောင်း၊
မြို့ပေါ်ကို မပြောင်းနိုင်သော ကျောင်းသားများသည် ကျောင်းထွက်ကြရသည်မှာ များပါကြောင်း၊ ယခုကဲ့သို့ ပညာသင်ကြားရသည့်အတွက် ဆင်းရဲသားမိဘ၊ တောင်သူမိဘများအတွက် ကျောင်းသား တစ်ဦးမှာ အနည်းဆုံး ၁၀ သိန်းမှ ၁၃ သိန်း လောက်အထိ ရှာဖွေပေးနေရပါကြောင်း၊ နိုင်ငံတော်မှ နှစ်စဉ်ပံ့ပိုးပေးနေသော စိုက်ပျိုးစရိတ်ချေးငွေများ၊ မြစိမ်းရောင်ထောက်ပံ့ငွေများနှင့် အခြားသော သမဝါယမချေးငွေများသည်လည်း ကျောင်းစရိတ်ထဲကိုသာ ထည့်သုံးနေရသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များကိုလည်း နှောင့်နှေးစေပါကြောင်း၊ မိဘများသည် ကျောင်စရိတ်မလုံလောက်သည့်အတွက် မူးယစ်ဆေးဝါးများကို Carry အဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရပါကြောင်း၊
ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအဆင့်မြှင့်တင်ရေး မူဝါဒအရ သတ်မှတ်ထားသော ကျောင်းသားဦးရေ ပြည့်မီနေသည့်အတွက် အ.ထ.က အဆင့်ကိုတိုးမြှင့်ရန် နှောင့်နှေးခက်ခဲနေခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများသည် ကျောင်းအဆင့်မြှင့်တင်ရေးမူဝါဒကို ပုံသေကိုင်စွဲပြီး ကျေးရွာများမှ ကျူရှင်လာတက်သူ ကျောင်းသားများကြောင့် ပိုလျှံနေသော မြို့ပေါ်ကျောင်းကိုသာ အ.ထ.က အဖြစ် တိုးမြှင့်ရန် ဦးစားပေးလုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း၊
သို့ဖြစ်ပါ၍ ကျေးလက်နေကျောင်းသား လူငယ်များ၏ ပညာရေးကို ယခုထက် ပိုမိုမြှင့်တင်နိုင်ရန်အတွက် ပညာရေးမူဝါဒများကို ပြန်လည်ဆန်းစစ်ပြုပြင်သင့်ပါကြောင်း၊ (၁) မော်တိတ် အ.ထ.က(ခွဲ)အား အ.ထ.က အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ခုနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ (၂) လတ်တလော လိုအပ်ချက်ဖြစ်သော ကျောင်းဆောင်များကို ပြန်လည်တည်ဆောက်ပေးရန် မည်သည့်ခုနှစ်တွင် စီမံပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သတ်မှတ်မူများနှင့် ကိုက်ညီသော အခြေခံပညာကျောင်း ၉၃၇ ကျောင်း၊ သတ်မှတ်ချက်များကို ပြင်ဆင်သတ်မှတ်၍ ကိုက်ညီမှုရှိသဖြင့် ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့သည့် အခြေခံပညာကျောင်း ၂၃၇၅ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၂ ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ အဆင့်တိုးမြှင့်ပေးခဲ့သည့်အခါ အင်းတော်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၄ ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရှစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၂၄ ကျောင်းကို ကျောင်းအဆင့်တိုးပေးခဲ့ပါကြောင်း၊
ယခုလာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်လည်း ကျောင်းအဆင့်တိုးပေးရန်အတွက် ကျောင်းသားဦးရေ သတ်မှတ်ချက်နှင့် သွားရေးလာရေး ခက်ခဲမည်ဆိုပါက အထက်တန်း ကျောင်းအဆင့်တိုး မပါ၊ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များကို သွားရေးလာရေး ခက်ခဲမည်ဆိုပါက နှစ်မိုင်၊ သွားရေးလာရေးလွယ်ကူ သော မြေပြန့်ဒေသဖြစ်ပါက သုံးမိုင်ဖြင့် သတ်မှတ်ချက်များကို ပြင်ဆင်ဖြေလျှော့ပြီး ကျောင်းအဆင့် တိုးပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
မော်တိတ်အထက်တန်းကျောင်း(ခွဲ)ကို အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန်အတွက် မူဝါဒမှာ အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၂၀၀ ဦးအထက်ရှိရန် သို့မဟုတ် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသဖြစ်မည်ဆိုပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ခရီးအကွာ အဝေး ၁၀ မိုင်အထက် ဝေးခြင်းဆိုပြီး သတ်မှတ်ချက်ကို ကျောင်းသားဦးရေနှင့် ခရီး အကွာအဝေးများကို ပြင်ဆင်ပြီး သတ်မှတ်ပေးထားပါကြောင်း၊
မိမိတို့အနေဖြင့် အထက်တန်းကျောင်း(ခွဲ) ဆိုသည်မှာလည်း အထက်တန်း ပညာသင်ယူခွင့် နဝမတန်းရော၊ ဒသမတန်းပါ ပညာသင်ယူခွင့် အခွင့်အလမ်းရှိနေပါကြောင်း၊ ပညာ သင်ကြားပေးနေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် စုစုပေါင်း အထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူသည် ၉၇ ယောက်သာ ရှိပြီး ပင်မကျောင်းနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် အတွက်ကြောင့် ကျောင်းသားဦးရေ အရရော၊ ၁၀ မိုင်အထက် ကွာဝေးရမည်ဆိုသည့်အချက်အရပါ မကိုက်ညီသည့်အတွက် ယခုလောလောဆယ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ပေးမည့် စာရင်းထဲတွင် မပါသေးပါကြောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၏ သာမန်အသုံးစရိတ် ၀၄၀၂ ခေါင်းစဉ် အောက်မှ သိန်း ၁၂၀ ကိုတော့ မော်တိတ်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀ x ၃၀) ပေကို Type-C အနေဖြင့် စတင်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မိမိတို့အနေဖြင့် ပြန်လည်စိစစ်သွားပြီး ကျောင်းဆောင်အပြည့် တည်ဆောက်ပြီးစီးရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထားပြီး ဆက်လက်အကောင်အထည်ဖော် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
