သနပ်ပင်မြို့နယ်သည် စစ်တောင်းမြစ်နှင့်မုတ္တမကွေ့ အနီးတွင်တည်ရှိပြီး ချောင်း၊ မြောင်းများ အလွန်ပေါများ၍ မိုးတွင်းအခါမ ရေကြီးရေလျှံခြင်း၊ နွေအခါတွင် သောက်သုံးရေရှားပါးခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်း စသည့်ဘေးဒုက္ခများ မကြာခဏ ကြုံရတတ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်ကစပြီး ပဲခူး၊ စစ်တောင်းတူးမြောင်း အပါအဝင် ချောင်း၊ မြောင်းများစွာကို ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ယခုမိုးတွင်းအခါ ရေကြီးနစ်မြုပ်မှုများ လျော့နည်း သက်သာခဲ့ပြီး မိုးစပါးများလည်း ပိုမိုစိုက်ပျိုးလာနိုင်ပါကြောင်း၊ အထူးသဖြင့် နွေစပါးစိုက်ပျိုးမှု ပိုမိုဖြစ်ထွန်း အောင်မြင်လာပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင် နွေစပါးစိုက်ပျိုး အအောင်မြင်ဆုံး မြို့နယ်ဖြစ်ပါကြောင်း၊ ဧကအားဖြင့် လေးသောင်းခန့်အထိ စိုက်ပျိုး လာနိုင်ပြီ အခုတူးဖော်ရန်လိုအပ်နေသေးသည့် ချောင်း၊ မြောင်းများကို ပြုပြင်တူးဖော်ပေးခြင်းအားဖြင့် မိုးတွင်းရေကြီးရေလျှံမှု ပိုမိုလျော့နည်းလာမည် ဖြစ်သကဲ့သို့ မိုးစပါးများလည်း ပိုမိုစိုက်ပျိုး ဖြစ်ထွန်းလာ မည် ဖြစ်ပါကြောင်း၊ ရေပေးမြောင်းများမှတစ်ဆင့် စိုက်ပျိုးရေများလည်း ပိုမိုရရှိလာမည် ဖြစ်သည့် အတွက် နွေစပါးများလည်း ပိုမိုတိုးချဲ့စိုက်ပျိုး အောင်မြင်လာမည် ဖြစ်သည့်အပြင် ချောင်း၊ မြောင်းများ တူးဖော်ရာ ချောင်းအဖြစ်အပြင် လမ်းအဖြစ်ပါ တူးဖော်နိုင်ပါက အကျိုးနှစ်တန်ရှိမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်ဆက်သွယ်ရေးတို့ပါ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် တိမ်ကောလျက်ရှိသော ကမ်းပြို၊ နတ်ရေကန်၊ ကလိုင်၊ ကသဲကုန်း၊ ဝဲပြန်၊ ထောင်မင်း၊ မင်းရွာ၊ ကုက္ကိုတန်း၊ သနတ္တန်း၊ ကျူချောင်း၊ ဘော်ဘီရိုး၊ ဝင်းကဒတ်ရိုးနှင့် တမာတကွန်းချောင်းများအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်းရှိ တိမ်ကောလျက်ရှိသည့် ချောင်း ၁၃ ချောင်း ပြန်လည်တူးဖော်ရန်ကိစ္စနှင့် ပတ်သက်ပြီးကမ်းပြို၊ ကျုံပါချောင်း အလျား ၆ မိုင်ခန့်၊ နတ်ရေကန် ကျေးရွာတောင်ကွင်း၊ တရုတ်ကြီးချောင်းနှင့် ရွာချောင်းအလျား ၃ မိုင်ခန့်၊ ကလိုင် (ထော်ဘူ) ချောင်း အလျားပေ ၆၀၀၀၊ ဝဲပြန်၊ ကွင်းလျားရှည်ချောင်း အလျား ၃ မိုင်ခန့်၊ ထောင်မင်းချောင်းများ ပေ ၂၅၀၀၀ ခန့်၊ ကုက္ကိုတန်းမှ ကမာဘာချောင်းအထိ အလျား ၁ မိုင်ခွဲခန့်၊ သနတ္တန်းချောင်း အလျား ၃ မိုင်ခန့်၊ တမာတကွန်းချောင်း အလျား ၈၅၀၀ ပေခန့်၊ ဘော်ဘီရိုး အလျား ၂ မိုင်ခန့် စုစုပေါင်း ချောင်းတူးဖော်ခြင်း လုပ်ငန်းကိုးခုကို ယခုနှစ် မိုးရာသီအတွင်း ကွင်းဆင်းတိုင်းတာဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် ယခုပွင့်လင်းရာသီ ဇန်နဝါရီလအတွင်း လိုအပ်သည့် ကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးတိုင်းတာ ရရှိချက်အရ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကိုလည်း တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိချောင်းများအနက် မင်းရွာချောင်း အလျား ၁.၇၂ မိုင်၊ ကျူချောင်းချောင်းအလျား ၂.၆၅ မိုင် တူးဖော်ဆောင်ရွက်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူလလျာထား ရန်ပုံငွေတွင် ကျပ် ၈၂.၉၄၆ သန်း ခွဲဝေရရှိပြီး ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ပြီး ပွင်းလင်းရာသီတွင် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကျန်သည့်ချောင်း နှစ်ချောင်းဖြစ်သည့် ဝင်းကဒတ်ချောင်းနှင့် ကသဲကုန်းချောင်းတွင် ဝင်းကဒတ်ချောင်းအလျား ၁၂.၂၅ မိုင် တူးဖော်ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကျပ် ၅၄၃.၉၁ သန်းကို ၂၀၁၈-၁၉ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံထားပြီး ဖြစ်သည့်အတွက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းကိုဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကသဲချောင်း အလျား ၃ မိုင်ခန့် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်ရန်ပုံငွေ ကျပ် ၃၆.၇ သန်းက လာမည့် ၂၀၁၈-၁၉ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေစာရင်းတွင် လျာထားပါဝင်မှု မရှိသည့်အတွက် ၂၀၁၈-၁၉ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
