သောက်သုံးရေရှားပါးခက်ခဲသည့် ပအို့ဝ်ဒေသအတွက် မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စုတွင် နောင်ခိုက်လျှိုပိတ်တမံကြီး ဆောင်ရွက်ပေးပါရန် တင်ပြတောင်းဆိုခဲ့ရာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေချမှတ် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မူလကရေထွက်နှင့် တောင်ကျရေ ပေါင်းစပ်ထားသဖြင့် နုန်းအနည်များ ကျရောက်မှုများက ကောလုနည်းနည်း အနေအထား ရှိခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် တောင်ကျရေများကို ရေလွှဲမြောင်းဖြင့် တားဆီးကာရံပြီး လျှိုပိတ်တမံဖြင့် ရေလှောင် ထားပါကြောင်း၊ မူလတည်ဆောက်ရေးဆောင်ရွက်စဉ်က နွံတောများ၊ အမှိုက်တောများနှင့် နုန်းမြေများ ကုန်စင်အောင်မဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ရေပြည့်ချိန်တွင် မြက်တောများထူထပ်စွာ ပေါက်ရောက်ပြီး ကန်ရေမှာအနံ့အသက် မကင်းသော အနေအထားရှိပါသော်လည်း ပအို့ဝ်ဒေသမှ ရွာသုံးရွာက ထိုလျှိုပိတ်ရေကိုသာ အဓိကသုံးစွဲ နေကြရပါကြောင်း၊ ယခုနှစ်နွေရာသီတွင် ကန်ရေခန်းခြောက်မှု ဆိုးရွား စွာဖြစ်ပေါ်လာသဖြင့် ရေပေးဝေနိုင်ခြင်းအနေအထားမရှိခဲ့ပါကြောင်း၊ ရေခန်းခြောက်ခြင်းနှင့်အတူ ကန်အတွင်းရှိ နုန်းများ၊ နွံတောများဆယ်ယူလိုကြောင်း ဒေသခံများက တင်ပြကြပါကြောင်း၊ ကန်အတွင်း နုန်းဆယ်ထုတ်ခြင်းဖြင့် ကန်ရေပိုမိုသန့်ရှင်း ကြည်လင်လာစေပြီး ရေသိုလှောင်မှုပမာဏလည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် နောင်ခိုက် လျှိုပိတ်တမံရေလွှဲမြောင်း ကျောက်စီနံရံ ထိန်းဆောင်ရွက်ခြင်းနှင့်အတူ နုန်းဆယ်ခြင်းလုပ်ငန်းများ ပူးတွဲဆောင်ရွက် ခွင့်ပြုပါရန် တင်ပြအပ်ပါကြောင်း၊ မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စု သောက်သုံးရေ အထောက်အကူပြု နောင်ခိုက်လျှိုပိတ်တမံကြီး နုန်းဆယ်ယူခြင်းနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်အတွင်းရှိ နောင်ခိုက် ဆည်သည် နောင်ခိုက်ရေထွက်အပေါ်တွင် ဒေသနေပြည်သူများ၏အစီအစဉ်နှင့် မြေသားတမံပိတ်၍ တည်ဆောက်ထားသည့် ဆည်တစ်ခုဖြစ်ပါကြောင်း၊ နောင်ခိုက်ဆည်ကရေကို အနီးပတ်ဝန်းကျင်ရှိ ပန်းတန်၊ လွယ်ကောင်း၊ ဖာစန်း၊ ပုံးအောင်းစသည့် ကျေးရွာများမှ ပြည်သူ ၁၅၀၀၀ ခန့်က နေ့စဉ်သောက်သုံးရေအတွက် အားထားအသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါ ဆည်အတွင်း တောင်ကျရေများ စီးဆင်းဝင်ပြီး သဲနုန်းများပို့ချ တိမ်ကောလာလျက် ရှိသောကြောင့် လွန်ခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တောင်ကျရေများကို တားဆီးရေလွှဲထုတ်နိုင်ရန်အတွက် ရေမြောင်းပေါင်တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်အပြင် ဆည်ပေါင်မြှင့်တင်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ယခုအခါတွင် ဆည်အတွင်းသဲနုန်းပို့ချမှုကြောင့် တိမ်ကောလျက်ရှိသည့်အတွက် သဲနုန်း တူးဖော်ရန် ရေလွှဲမြောင်းပေါင်၏ အလျား ၂၀၀ ပေခန့်ကို ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရန် လိုအပ်လျက်ရှိပါ ကြောင်း၊ လုပ်ငန်းအားလုံးအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၉၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဆည်အတွင်းသဲနုန်းတူးဖော်ခြင်းနှင့် ရေလွှဲမြောင်းပေါင်ကို မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ရန်ပုံငွေကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်း လျာထားတောင်းခံခဲ့သော်လည်း ရန်ပုံငွေခွဲဝေရရှိမှုမရှိခဲ့သည့်အတွက် ယခုလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ထပ်မံ ထည့် သွင်းတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိလာပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနအနေဖြင့် နည်းပညာနှင့် စက်ယန္တရားများအကူအညီ၊ အပံ့အပိုးများပေးပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
