ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦးအနက် ( ၃၉၆ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၅)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးသန့်ဇင်ထွန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ မေးမြန်းသော စည်းကမ်းချက်များနှင့် မညီသော သားသတ်လိုင်စင်ရရှိသူများအပေါ် အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက စည်းကမ်း ချက်များနှင့် မညီသော သားသတ်လုပ်ငန်းများနှင့် အသားရောင်းချမှုများကိုပါ စစ်ဆေး ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၂) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်မှ မေးမြန်းသော ခရိုင် သို့မဟုတ် မြို့နယ်နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြထားသည့် ပြင်ဆင်ရေးဆွဲသောဖွဲ့စည်းပုံ အသစ်တွင်လည်း ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)၏ ကွပ်ကဲမှုအောက်၌ ထည့်သွင်းဖွဲ့စည်းရန် လျာထားတင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ခရိုင်/မြို့နယ်ရုံးများကို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် ဒေသများအပေါ်အခြေခံ၍ ရုံးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးသန်းလင်းလင်း၊ မယ်စဲမဲဆန္ဒနယ်မှ မေးမြန်းသော မယ်စဲမြို့နယ်၊ ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျေးရွာ ချင်းဆက်လမ်း (၁၃)မိုင်အား ပထမဦးစွာ မြေသားလမ်းအဖြစ်သို့ ဖောက်လုပ်ပေးနိုင်ရေး အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၄၈၃.၉၉၀)သန်းအား အဆိုပြု လျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းသော ဒုံဟီးမြို့နှင့် ကကြီးချမ်းမြူးကျေးရွာ အကြား ပေ ၂၀၀ အကျယ်ရှိ တမီးချောင်းအား တာရှည်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၁၇.၁၀.၂၀၁၇ ရက်နေ့တွင် သဘောထားမှတ်ချက် တောင်းခံထားပြီးဖြစ်ရာ သက်ဆိုင်ရာမှ စိစစ်၍ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်း ရန်ပုံငွေလျာထားချက်တွင် နှစ်အလိုက် တင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်မှ မေးမြန်သော လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ် ချင်းဆက်လမ်းကို စီမံကိန်းဖြင့် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ် ဒေသဖွံ့ဖြိုးရေး(၅)နှစ် စီမံကိန်းတွင် ထည့်သွင်းလျာထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှစတင်၍ ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၂)ခု တင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၂-၁၁-၂၀၁၇ ရက်(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(၂) ပြည်ထောင်စုရှေ့နေချုပ်ရုံးက တင်သွင်းသော စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း အတည်ပြုသည်။
(ဂ) အဆို(၁)ခုကိုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ တင်သွင်းသည့် ပလတ်စတစ်အန္တရာယ် တားဆီးကာကွယ်ရန် နေ့စဉ်စွန့်ပစ်အမှိုက်များတွင် ပါဝင်သည့် ပလတ်စတစ်ပစ္စည်းများကို သီးသန့်ဖယ်ရှားစွန့်ပစ်စေခြင်းနှင့် ပလတ်စတစ် အသုံးပြုမှု နှုန်းထားများ လျှော့ချခြင်းစသည့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သော ဒီမိုကရေစီအခြေခံအလေ့အကျင့်ကောင်းများကို မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဤလွှတ်တော်က ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၅)ဦးမှ ဆွေးနွေးပြီး အဆိုအား မှတ်တမ်းတင်စောင့်ကြည့် သွားမည်ဖြစ် ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၂၅ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၂-၁၁-၂၀၁၇ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။
