ကျေးလက်တောရွာအမြန်ဖွံ့ဖြိုးတိုးတက်ရန်ဆိုပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်များစွာ အရေးပါလှပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ ကျေးလက်နေပြည်သူလူထု၏ လူမှု ဘဝမြင့်မားလာမည် ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး စသည့် လူမှုကိစ္စ အဝဝကို များစွာအဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း၊ ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာနေ ပြည်သူ လူထုသည် အလွန်ရိုးသားလှသော ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာလည်း ဖြစ်ပါကြောင်း၊ ၎င်းတို့သည် တောင်ယာ၊ လယ်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကအသက် မွေးဝမ်းကျောင်းပြုပြီး ဝမ်းစားရှာနေရသည့်အတွက် ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ လမ်းကောင်းမှသာလျှင် ၎င်းတို့ ကျေးရွာမှထွက်ရှိသော ကောက်ပဲသီးနှံကို လျင်မြန်စွာရောင်းချနိုင်မည် ဖြစ်ပါကြောင်း၊ သယ်ယူ ရေးစရိတ်လည်း သက်သာလာနိုင်မည် ဖြစ်သည့်အပြင် အစိုးရဝန်ထမ်းများလည်း ဤကျေးရွာတွင် တာဝန်ထမ်းဆောင်ရာတွင် သွားရေးလာရေးအတွက် များစွာအဆင်ပြေချောမွေ့မည် ဖြစ်ပါ ကြောင်း၊ ယခု မြို့ပေါ်တွင် လမ်းများကောင်းမွန်၊ ဆက်သွယ်ရေးလည်းရရှိသည့်အပြင် လျှပ်စစ်မီး များလည်း ရရှိနေသည့်အချိန်တွင် ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာတွင် ပျက်စီးနေသော မြေသား လမ်းကိုသာ အမှီပြုပြီးသွားလာနေရပါကြောင်း၊ မိုးတွင်းကာလတွင်သွားလာရန် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊
ဟိုဂျစ်-ဟိုဖ-လယ်တောလမ်းသည် တစ်ချိန်တစ်ခါက စစ်ဘေးဒဏ်ကျ ရောက်ခဲ့သောလမ်း ဖြစ်ခဲ့ပါကြောင်း၊ ယခု ငြိမ်းချမ်းရေးရောင်ခြည်သန်းလာပြီးဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ရန် အထူးလိုအပ်ပကြောင်း၊ ယခင်က စစ်ဆေးရေးနယ်မြေလမ်းဖြစ်သည့်အတွက် ဤလမ်းကို ပြုပြင်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ တစ်ချိန်တစ်ခါက စစ်ဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင်သွားသည့် ကျေးရွာသူကျေးရွာသားများသည် ယခုမိမိကျေးရွာတွင်ပြန်လာပြီး နေထိုင် နေကြပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာ ဟိုဂျစ်အုပ်စု ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာချင်းဆက် အမာခံကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသလိုအပ်ချက်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၂၃၁၄.၈၆၅ သန်းဖြင့် လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ပါကြောင်း၊ မယ်စဲ့မြို့နယ်တွင်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေ ၄၄.၆၇၆ သန်းလည်းပါရှိပြီး ဖြစ်ပါကြောင်း၊
မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာ ၃ ရွာတွင် အိမ်ခြေက ၁၅၈ လုံးရှိပြီး လူဦးရေ ၈၀၇ ဦး ရှိပါကြောင်း၊ ကျေးရွာချင်းဆက်တစ်ကြောင်းထိုး မြေလမ်းအဆင့်ဖြင့် သာ လမ်းကို အသုံးပြုနေရကြောင်း မိမိတို့ စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းကို မြေသားလမ်း အဖြစ်က စနစ်တကျဖောက်လုပ်ပေးပြီးမှသာ အမာခံကျောက်ချောလမ်းအဆင့်ကို တိုးမြှင့်ဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း၊
အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေနိုင်ရေးနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ အဖွဲ့ကို သဘောထားမှတ်ချက်တောင်းခံခဲ့ရာတွင် ကန့်ကွက်ရန်မရှိပါကြောင်း သဘောထားပြန် ကြားလာပါသဖြင့် ဟိုဂျစ်-ဟိုဖ-လယ်တောကျေးရွာချင်းဆက်လမ်း ၁၃ မိုင်ကို ပထမဦးစွာ မြေသား လမ်းအဖြစ်သို့ ဖောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၈၃.၉၉၀ သန်းအား အဆိုပြုလျာထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
