(ခ)-ခရိုင်သို့မဟုတ်မြို့နယ်နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၀.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u tin ayeမက်မန်းခရိုင်၊ မက်မန်းမြို့နယ် သည်  ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၃-၂၇-ဦးတည် ကြော်ငြာစာအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်မှ ကျေးရွာ အုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာကို ထုတ်နုတ်ပြီး မက်မန်းဒေသမှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာကို ပေါင်းစည်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင် ပါဝင်သည့် မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၃ ခုနှစ်တွင် မက်မန်း ခရိုင်ကို မက်မန်းမြို့နယ်၊ ပန်ဆမ်းမြို့နယ်၊ နားဖန်မြို့နယ်နှင့် မန်ကံမြို့နယ်ခွဲတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါကြောင်း၊  

မက်မန်းခရိုင်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ ငါးခု၊ မက်မန်းမြို့နယ်အနေဖြင့်  ဌာနဆိုင်ရာ ၁၈ ခုတို့နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်အခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွင့်လှစ်ထားခြင်း မရှိသည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အထက်ဌာနကို တင်ပြထားခြင်း၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများ လျာထားတင်ပြထားခြင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရာထားခြင်း ဌာနနှင့်လုပ်ငန်း တာဝန်ခံဦးစီးအရာရှိ မရှိသည့်အတွက် အစစအရာရာအခက်အခဲ ဖြစ်ပေါ်နေပါကြောင်း၊

 ဌာနဆိုင်ရာဖွင့်ပြီး ဝန်ထမ်းမရှိသည့် ဌာနမှ လ.ဝ.က တစ်ခုသာရှိပါကြောင်း၊ မြို့နယ်အဆင့်တွင် ဌာန ဆိုင်ရာ ၁၈ ခုဖွင့်လှစ်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာတွင်အနည်းဆုံး တစ်ယောက်အထိ ဖွင့်လှစ်ထားသည့်ဌာနများ ရှိပါကြောင်း၊  ၎င်းဌာနများတွင် တစ်ချို့မှ တွဲဖက်များဖြစ်ပါကြောင်း၊ အနီးဆုံးဆိုပါက မိုင်းပျဉ်းမြို့ဖြစ်ပြီး ၇၃ မိုင်ဝေးပါကြောင်း၊  လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်အတွက် တွဲဖက်ထားသော်လည်း ၎င်းတွဲဖက်ထားသည့် ဦးစီးအရာရှိများသည် မက်မန်းမြို့နယ်တွင် လာရောက် တွဲဖက်တာဝန်ထမ်းဆောင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါ မက်မန်းမြို့နယ်သည် ခရိုင်အဆင့်မြို့တစ်မြို့ဖြစ်လာသည်နှင့်အညီ လူမှုရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍစသည်ဖြင့် အဘက်ဘက်မှ အခြားမြို့နယ်များနည်းတူ ဟန်ချက်ညီညီ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရန်အတွက် ဌာနအလိုက်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကအချက်ဖြစ်ပါကြောင်း၊ ခရိုင် သို့မဟုတ် မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသည်မှာ မည်သည့်တွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

general than htutနယ်စပ်ရေးရာဝန်ကြီးဌာနအနေ့ဖြင့် ၁၉၉၂ ခုနှစ်တွင်စတင်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်နယ်ခုနစ်ခု၊ တိုင်းဒေသကြီးနှစ်ခု၊ တိုင်းဒေသကြီးနှစ်ခုတို့မှ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ဒေသများသည် ပြည်နယ်/တိုင်းဒေသကြီးရုံး၊ နယ်လှည့်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ မြို့နယ်ခွဲရုံးများသာဖွင့်လှစ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ လက်ရှိအနေအထားနှင်‌့ လိုက်လျောညီထွေမှုရှိစေရေး၊ နယ်စပ်ဒေသ၏ လက်တလော လိုအပ်ချက်များကို တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင်‌့အညီ အရှိန်အဟုန်မြှင်‌့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာန ဖွဲ့စည်းပုံကို ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များအလိုက် ပြည်နယ်/ တိုင်းဒေသကြီးရုံး ၊ ခရိုင်ရုံး၊ မြို့နယ်များဖြင့် ပြန်လည်ပြင်ဆင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ဒေသအားလုံး၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လွှမ်းခြုံဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံး၊ မြို့နယ်ရုံးများကို ထပ်မံဖွင့်လှစ်ပေးရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊  

သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ရေးဆွဲရေး လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင်‌့ အညီလည်း မိမိတို့ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ တင်ပြထားသည်‌့ ပြင်ဆင်ရေးဆွဲသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်တွင်လည်း ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (လားရှိုး) ၏ ကွပ်ကွဲမှုအောက် တွင် မက်မန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကို ထည်‌့သွင်းဖွဲ့စည်းရန် လျာထားတင်ပြထားပြီး ဖြစ်ကြောင်းနှင်‌့ ခွင့်ပြုချက်ရရှိပါက ခရိုင်/မြို့နယ်ရုံးများကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည်‌့ ဒေသများအပေါ်တွင် အခြေခံ၍ ရုံးဖွင့်လှစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။