တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် တောင်ကုတ်-သံတွဲ ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး တောင်ကုတ်မြို့နယ် အထက်တန်း ကျောင်းနှင့် ၁၃ မိုင်ကွာဝေးပါကြောင်း၊ ကမ်းဒေးကျေးရွာနှင့် အနီးအနား ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ကျောင်းသူကျောင်းသားများသည် ၁၃ မိုင်ကွာဝေးသော တောင်ကုတ်မြို့နယ် အထက်တန်းကျောင်းသို့ တက်ရောက်ရန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ နေရပါကြောင်း၊ ၎င်းကျောင်းကို ၁၉၆၀ ပြည့်နှစ်တွင် မူလတန်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ် ဇွန်လတွင် တွဲဖက်အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပြီး ၁၉၉၁ ခုနှစ် ဇွန်လတွင် အလယ်တန်းကျောင်း၊ ၂၀၁၁ ခုနှစ် မတ်လတွင် တွဲဖက် အခြေခံပညာကျောင်းအဖြစ်သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အခြေခံပညာကို ဆက်လက်သင်ကြား လျက်ရှိပါကြောင်း၊ ယခုအခါ ကျောင်းသားဦးရေ တိုးပွားလာခြင်းကြောင့် အနီးအနားလမ်းတစ်လျှောက် ရွာများတွင်အခြေခံပညာ အထက်တန်း ကျောင်းမရှိ၍ အခက်အခဲဖြစ်နေကြရပါကြောင်း၊ အ.ထ.က (ခွဲ) ကမ်းဒေး အား အ.ထ.က အဆင့်ဖွင့်လှစ် တိုးမြှင့်မည်ဆိုပါက အနီးအနားပတ်ဝန်းကျင်ကျေးရွာမှ မူလတန်းနှင့်မူလတန်းလွန် ကျောင်းများမှ ကျောင်းသားကျောင်းသူအားလုံး ပညာသင်ကြားရန်၊ သွားရေးလာရေး အဆင်ပြေပြီး စိတ်အေးလက်အေး ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊
ပင်မကျောင်းဆောင်ကြီးသည် မူလတန်းကျောင်းစတင်ဖွင့်လှစ်သည်နှစ်မှ ယနေ့အထိ ကျောင်းဆောင်၏ သက်တမ်းမှာ ၅၇ နှစ်ရှိပြီး ကျောင်းဆောင်မှာ အိုမင်းရင့်ရော်နေပြီး အန္တရာယ်ရှိနေသဖြင့် ကျောင်းအုပ်ကြီးနှင့် ရွာသူရွာသားများမှာ သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ်တင်ပြ တောင်းဆို ခဲ့ကြသော်လည်း ကျောင်းဆောင်ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ကျောင်းဆောင်ကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်တိုးချဲ့သော်လည်း စာသင်ခန်းအင်္ဂါရပ်နှင့် လုံးဝကိုက်ညီမှုမရှိသည့်အတွက် ကျောင်းဆောင် သစ် ကိုတင်ပြရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ပင်မကျောင်းဆောင်၏ အပေါ်ထပ်သည် အင်မတန်အန္တရာယ်ရှိနေပါကြောင်း၊ မိုးရာသီတွင် မိုးရွာတိုင်း မိုးပက်သည့်အတွက် ကျောင်းသားများ စာသင်ကြားရသည့် နေရာမှာ အခက်အခဲ ဖြစ်နေပါကြောင်း၊ ကျောင်းအသစ် ဆောက်လုပ်ရန် မြေနေရာလည်း အဆင်သင့်ရှိပါကြောင်း၊ ထို့အပြင် ကျောင်းအဆင့် တိုးမြှင့်ပေးရန်မှာလည်း အမှန်တကယ်လိုအပ်နေသည့်အတွက်ကြောင့် တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ကျောင်းအဆင့် တိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
တောင်ကုတ်မြို့နယ်တွင် ယခုပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းကျောင်း(ခွဲ)ပေါင်း ၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းပေါင်း ၃ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃ ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း ၁၂ ကျောင်း ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ၊ ရခိုင်ပြည်နယ်၊ တောာင်ကုတ်မြို့နယ်၊ ကမ်းဒေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် ပင်မကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကုန်းလမ်းခရီး ၁၂ မိုင်ကျော်ခန့် ကွာဝေးပါကြောင်း၊ စုစုပေါင်း အထက်တန်း အဆင့်သင် ကျောင်းသူကျောင်းသား ၆၄ ဦးရှိ သော်လည်း ဒေသခံကျောင်းသူကျောင်းသားများ၏ ပညာသင်ယူမှုအခွင့်အလမ်း ရရှိစေရန်အတွက် ၂၀၁၈-၁၉ ပညာသင်နှစ် တွင် ကျောင်းအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အခါ ၎င်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊၎င်းကျောင်းကိုစစ်ဆေးသည့်အခါ ၉၇ ပေ x ၂၇ ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ်ဆောင် တစ်ဆောင်၊ ပေ ၉၀ x ပေ ၃၀ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင်တစ်ဆောင် စုစုပေါင်း နှစ်ဆောင်ရှိပြီး ကျောင်းသားကျောင်းသူဦးရေအနေဖြင့် မူလတန်းအဆင့်တွင် ၁၃၀ ဦး၊ အလယ်တန်းအဆင့် ၂၀၂ ဦး၊ အထက်တန်းအဆင့်တွင် ၆၄ ဦး စုစုပေါင်း ၃၉၆ ဦး ရှိသဖြင့် ယခုပညာသင်နှစ်အနေဖြင့်ကျောင်းသားအင်အားနှင့် စာသင်ဆောင် ဧရိယာလုံလောက်မျှတစွာ ရှိနေကြောင်း တွေ့ရှိသည့်အတွက် ငွေလုံးငွေရင်းရန်ပုံငွေနှင့် ကျောင်းဆောင်သစ်တစ်ဆောင် ထပ်မံဆောက်လုပ်ပေးရန် ဦးစားပေးအစီအစဉ်တွင် မပါရှိ သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ခေါင်းစဉ် အောက်တွင် ပေ ၉၀ x ပေ ၃၀ Type-C တစ်ဆောင် ဆောက်လုပ်ပေးရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
