(ခ)-အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ကိုချေးပေးသည့်ချေးငွေအားပွင့်လင်းမြင်သာလွယ်ကူ စွာချေးယူနိုင်အောင်စီစဉ်ဆောင်ရွက်ပေးရန်အစီအ စဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

daw khin soe soe kyiမိမိတို့နိုင်ငံတွင် အသေးစားနှင်‌့ အလတ်စား စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ဦးမော့စေရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊  SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရင်းအနှီး၊ နည်းပညာ၊ ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေး မှုများကို နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်းနှင့် ယင်သို့ ဆောင်ရွက်နိုင်ရန် အသေးစားနှင်‌့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကိုလည်း ဖွဲ့စည်ပြီး ဖြစ်ပါကြောင်း၊  ယခုအခါ ဂျပန်နိုင်ငံအစိုးရနှင်‌့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး အသေးစားနှင်‌့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများကို အစဉ် တစိုက် ‌ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် မြန်မာကျပ်ငွေဘီလီယံ ၃၀ အကူအညီ ပေးခဲ့ကြောင်းနှင့် အဆိုပါချေးငွေကို ချေးငွေကို SME လုပ်ငန်းရှင်များအား ကူညီပေးနိုင်ရေး အတွက် အသေးစားနှင်‌့အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(SMITP)၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ် များသို့ ဘဏ်တစ်ခုလျင် ငါးဘီလီယံ သိန်းပေါင်း ၅ သောင်းစီခွဲဝေချထားပေးသည်ကို သိရှိခဲ့ရပါကြောင်း၊ ချေးငွေရယူရာတွင်လည်း အပေါင်ပစ္စည်းဖြင့်လည်းကောင်း၊  အပေါင်မဲ့ အနေဖြင့်လည်းကောင်း ချေးငှားမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊

၂၀၁၇-၂၀၁၈ အမျိုးသားစီမံကိန်း ခြောက်လပတ်အစီရင်ခံစာနှင်‌့ပတ်သက်၍ ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်သဘောထားမှတ်ချက် အပိုဒ် ၈၄ တွင် လွတ်လပ်သည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များ ဖွဲ့စည်းပြီး တစ်နိုင်ငံလုံံးရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များကို ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိ ရောက်ရောက် တိုးချဲ့ချေးငွေချေးပေးနိုင်ရန် သဘောထားမှတ်ချက်ပေးခဲ့ပါကြောင်း၊

ထို့ကြောင့် အသေးစားနှင်‌့အလတ်စား ချေးငွေတွေချေးပေးရာတွင် လုပ်ငန်းရင်းနှီးမှုပမာဏ အပေါ် မူတည်ပြီး ဘယ်ရွေ့ဘယ်မျှ ရင်းနှီးထားမှချေးပေးမည်ဟူသည့် အဆင်‌့သတ်မှတ်ချက်ရှိ/မရှိ၊ ဒုတိယမေးခွန်းအနေဖြင့် ချေးငွေ ရရှိရန် လုပ်ငန်းရှင်များ ဆောင်ရွက်ရမည့်လုပ်ငန်းအဆင်‌့ဆင့်ကို ပွင်‌့လင်းမြင်သာစွာ ချပြနိုင်ပေးခြင်းရှိ/မရှိနှင့် တကယ်ချေးငွေချေးယူမည်ဆိုပါက မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u khin mg choမြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံဖြစ်သော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုနှင်‌့ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေပြီး SME လုပ်ငန်းများ ၏ ငွေကြေးလည်ပတ်မှုအားကောင်းလာစေရန် အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်၏ ဘဏ္ဍာငွေမှချေးငွေထောက်ပံ့မှုများအပြင် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများထံမှ ချေးငွေများကိုပါရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်အစိုးရ၏ ODA Loan ဖြစ်သည့် ဂျပန်ယန်းငွေသန်း ၅၀၀၀ ကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ နှစ်ဆင်‌့ခံချေးငွေ Two Step Loan အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပုဂ္ဂလိက ဘဏ်ခြောက်ဘဏ်သို့ ထုတ်ပေးခဲ့ပြီး ထိုဘဏ်ခြောက်ဘဏ်မှ SME လုပ်ငန်းရှင်များသို့ ချေးငွေများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အဆိုပါချေးငွေများစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သည့် အသေးစားနှင်‌့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်း ကော်မတီ (Working Committee) ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ဂျပန်နိုင်ငံ၏ချေးငွေကို ပထမအကြိမ်အဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆင်‌့ခံ ချေးငွေအဖြစ် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDA) မှလုပ်ငန်းရှင် ၁၁ ဦးကို ထုတ်ချေးပေးခဲ့ပါကြောင်း၊ ထိုစဉ်က အသေးစားနှင်‌့အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ် တစ်ခုတည်းကိုသာ ငွေကျပ် ငါးဘီလီယံ မတည်ပေးခဲ့ပြီး ဘဏ်၏လုပ်ထုံး လုပ်နည်း အစီ အစဉ်များနှင်‌့အညီ ရွေးချယ်၍လုပ်ငန်းရှင် ၁၁ ဦးကိုသာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံမှ ရွေးချယ်ထားခဲ့သည့် ပုဂ္ဂလိကဘဏ် ခြောက်ခုမှတစ်ဆင်‌့ လုပ်ငန်းရှင် ၁၇၅ ဦး၊ တတိယအကြိမ်အဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၇ ခုနှစ် ဇွန်လအထိ  လုပ်ငန်းရှင် ၈၃ ဦးတို့ကို ထုတ်ချေးပေး ထားခဲ့ပြီးဖြစ်ပါကြောင်း၊ အချို့သောဘဏ်များမှ ပြန်လည်ပေးဆပ်သည့် လည်ပတ်ငွေများကို (Reviving Fund) မှတစ်ဆင်‌့ လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးလျက်ရှိရာ ၃၀-၉-၂၀၁၇ ရက်နေ့အထိ RF Fund မှ လုပ်ငန်းရှင် ၁၀ ဦးသို့ ထုတ်ပေးခဲ့ပြီး ဖြစ်၍ စုစုပေါင်းလုပ်ငန်းရှင် ၂၇၉ ဦးသို့ ငွေကျပ် ၅၉၆၁၅.၂၃၀ သန်းထုတ်ချေးပေးခဲ့ပါကြောင်း၊

နှစ်ဆင့်ခံချေးငွေအစီအစဉ်ဖြင့် SME လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးရာတွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းများသာမက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၊ တိုင်းဒေသကြီးနှင်‌့ပြည်နယ်အစိုးရအဖွဲ့များစသည်တို့မှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုမိန့်များပြည့်စုံသော စီးပွားရေးလုပ်ငန်းငယ်များ အတွက်ကိုပါ အကျုံးဝင်စေရေးအတွက် Two Step Loan ချေးငွေထုတ်ပေးရေးစီမံချက် Operation Guide Line တွင်ညှိနှိုင်းထားပြီးပေးခဲ့ပါကြောင်း၊ SME ချေးငွေများရယူ ဆောင် ရွက်ခဲ့သည့် လုပ်ငန်းများမှ ပိုးထည်လုပ်ငန်း၊ ဝါဂွမ်းလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ဆားလုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများအပါအဝင် အောင်မြင်သော လုပ်ငန်းများ ၂၁ ခုရှိပြီး ချေးငွေများကို ပြန်လည် ပေးဆပ်နိုင်မှုမရှိသည့် လုပ်ငန်းငယ် ၁၃ ခုရှိပါကြောင်း၊

မေးခွန်း(၁)နှင့် စပ်လျဉ်း၍ SME ချေးငွေ ချေးပေးရာတွင် ဂျပန်အစိုးရ၏ ODA Loan ဖြစ်သည့် နှစ်ဆင့်ခံချေးငွေ(Two Step Loan) နှင့် Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးယူနိုင်သည့် နည်းလမ်းဟူ၍ နည်းလမ်းနှစ်သွယ် ရှိပါကြောင်း၊ ဂျပန်အစိုးရ၏ နှစ်ဆင်‌့ခံချေးငွေ ထုတ်ပေးသည့်အစီအစဉ်နှင့် ပတ်သက်၍ SME လုပ်ငန်းရှင်များ ကျယ်ပြန့်စွာသိရှိနိုင်စေရန် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင်‌့အလတ်စားလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် သမဝါယမဘဏ်တို့ပူးပေါင်းပြီး SME ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဆီသို့ ခေါင်းစဉ်ဖြင့် ပြည်သူသို့ အသိပေး ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် JICA က သတ်မှတ်ထားသည့် Criteria နှင်‌့ပြည့်စုံသည့် လုပ်ငန်း ရှင်တစ်ဦးလျှင် တစ်နှစ်အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် အများဆုံး ငွေကျပ်သိန်း ၅၀၀၀ ကိုအချိန်ကာလ အများဆုံး ငါးနှစ်အထိ ချေးယူနိုင်ပြီး အာမခံပစ္စည်း မပြည့်မီသော လုပ်ငန်းရှင်များအနေဖြင့် Credit Guarantee Insurance(CGI)စနစ်ကို အသုံးပြုပြီး သမဝါယမဘဏ်မှ Tow Step Loan ချေးငွေ ကို ရယူနိုင်သည့်အကြောင်းများကို အသိပေးရှင်းလင်းပေးခဲ့ပါကြောင်း၊

မေးခွန်း(၂)နှင်‌့(၃)တို့နှင့်စပ်လျဉ်း၍ SME လုပ်ငန်းရှင်များအနေဖြင့် နှစ်ဆင်‌့ခံချေးငွေများကို သတ်မှတ်ပေးထားသည့် ဘဏ် (၆) ဘဏ်တွင် လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို သက်ဆိုင်ရာဘဏ်မှ ချေးငွေအကဲဖြတ် စစ်ဆေးမှုများပြုလုပ်၍ ပဏာမစိစစ်ရွေးချယ်ပါကြောင်း၊ နှစ်ဆင့်ခံချေးငွေချေးယူနိုင်ရေးလုပ်ငန်း လမ်းညွှန်ချက်ပါသတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိကို မြန်မာ့စီးပွားရေးဘဏ်က ထပ်မံစစ်ဆေးပြီး သက်ဆိုင်ရာဘဏ်များမှတစ်ဆင်‌့ ချေးငွေထုတ် ချေးပေးခြင်းဖြစ်ပါကြောင်း၊ ဘဏ်များမှ SME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ပေးရာတွင် မည်ရွေ့ မည်မျှ ချေးမည်ဟူသော သတ်မှတ်ချက်မှာ ချေးငွေရယူလိုသည့် လုပ်ငန်းအပေါ် သက်ဆိုင်ရာ ဘဏ်၏ အကဲဖြတ်သုံးသပ်ချက်နှင့် ဘဏ်၏ မူဝါဒအရသာ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

နှစ်ဆင့်ခံချေးငွေထုတ်ချေးခြင်းဆိုင်ရာ သတင်းအချက်အလက်များကို လက်ကမ်းကြော်ငြာ စာစောင်များပြုစု၍ တိုင်းဒေသကြီးနှင်‌့ ပြည်နယ်များရှိ SME လုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည့်အပြင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစားတွင် ထောက်ပံ့ကူညီမြန်မာ SME လုပ်ငန်းများဆီ သတင်းခေါင်းစဉ် ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားတင်ပြခဲ့ပါကြောင်း၊ ထို့ပြင်  SME ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ Website နှင့် Facebook များတွင် ဖော်ပြခြင်းနှင့် ပြည်သူလူထုအား အသိပေးလုပ်ငန်းများကို ထိရောက်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

CGI စနစ်ဖြင့် ချေးငွေရရှိနိုင်ရေးအစီအစဉ်တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှ ချေးငွေလျှောက်ထားလိုသော လုပ်ငန်းရှင်၏ လုပ်ငန်းများကို စိစစ်၍ SME လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံချက်များ မြန်မာ့အာမခံများနှင်‌့ ပုဂ္ဂလိကဘဏ်များဖြစ်သည့် (CB, KBZ, SMIDA) စသည့်ဘဏ်များသို့ အဆင်‌့ဆင်‌့စိစစ်၍ ထုတ်ပေးလျက်ရှိပါကြောင်း၊ ၃၀-၁၀-၂၀၁၇ ရက်နေ့အထိ SME လုပ်ငန်းရှင် ဖြစ်ကြောင်း ၂၆၄၇ ဦးအားထောက်ခံချက်များထုတ်ပေးခဲ့ပြီး ၁၈၀ ဦးသို့ ငွေကျပ် ၂၀၅၇ သန်းကို ထုတ်ချေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါတွင် ချေးငွေလျှောက်ထားရာတွင် ပိုမို မြန်ဆန်လွယ်ကူစေရန်အတွက် SME လုပ်ငန်းရှင်များဖြစ်ကြောင်း ထောက်ခံချက်များကို ညွှန်ကြား ရေးမှူးချုပ်ကိုယ်စား တိုင်းဒေသကြီး/ပြည်နယ်/နေပြည်တော်ကောင်စီနယ်မြေ၊ စက်မှုကြီးကြပ် ရေးနှင်‌့ စစ်ဆေးရေးဦးစီးဌာနများမှ တိုက်ရိုက်လက်မှတ်ရေးထိုးထုတ်ပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

SME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ပေးရာတွင် ချေးငွေအမျိုးအစားအပေါ်မူတည်၍ မည်ရွေ့ မည်မျှ ချေးမည်ဟူသော သတ်မှတ်ချက်သည် ချေးငွေရယူလိုသော လုပ်ငန်းများအပေါ် သက်ဆိုင်ရာ ဘဏ်၏ အကဲဖြတ်သုံးသပ်ချက်နှင့် ဘဏ်၏မူဝါဒအရသာ ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ JICA Two Step ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဘဏ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် CGI စနြစ်ဖင့် ချေးငွေလျှောက် ထားလိုသူများအား ချေးငွေများလွယ်ကူစွာ ချေးယူနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင်‌့ စစ်ဆေးရေး ဦးစီးဌာနမှ SME လုပ်ငန်းရှင်များကို ထောက်ခံချက်များ ထုတ်ပေးခြင်းနှင်‌့ လုပ်ငန်းအကျိုးအမြတ် ရရှိနိုင်မှု အခြေအနေများကိုစစ်ဆေး၍ ထောက်ခံပေးခြင်း ဆောင်ရွက်လျက်ရှိနေပါကြောင်းနှင့် လုပ်ငန်း လျင်မြန်မှုရှိစေရန်အတွက် လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး SME ချေးငွေနှင်‌့ပတ်သက်၍ ပြည်သူအများသိရှိစေရန် သတင်းအချက်အလက်များကိုလည်း မျှဝေပေးလျက်ရှိနေပါကြောင်း၊ လုပ်ငန်းစဉ်များတွင် လွယ်ကူစွာ၊ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘဏ်အချို့တွင် One-Stop SME ရုံးခွဲများ ဖွင်‌့လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါရုံးခွဲများတွင် လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအား ဦးစားပေးထောက်ပံ့ပေးနိုင်ရန်အတွက် SME လုပ်ငန်း များအား ချေးငွေများကို လွယ်ကူစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ချေးယူနိုင်ရေးတို့အတွက် လိုအပ်သော ငွေကြေးမတည်ပေးခြင်း၊ SME ရန်ပုံငွေများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာအထောက်အပံ့များ ရရှိရေးဆောင်ရွက်ပေးခြင်း စသည်တို့အတွက် SME Fund Management Board ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် SME ချေးငွေများကို လွယ်ကူစွာ အမြန်ဆုံးထုတ်ချေးပေးနိုင်မည်ဖြစ်ပါကြောင်း၊

ဒေါက်တာဒေါ်ခင်စိုးစိုးကြည်(ပြည်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိအနေဖြင့် ဆက်စပ်မေးခွန်းမေးမြန်းလိုပါကြောင်း၊ ပထမတစ်ချက်အနေဖြင့် ဘဏ်များအနေဖြင့် နှစ်ဆင်‌့မခံနေမျိုးမပြုလုပ်ဘဲ စက်မှုကြီးကြပ်ဌာနများက ၈.၅ ရာခိုင်နှုန်းနှင့် ချေးပေးနိုင်ခြင်း ရှိ/မရှိကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာ၏ စာမျက်နှာ ၁၂၈ ပါအရ တိုင်းဒေသကြီး အလိုက် လေ့လာကြည့်ရာတွင် ရန်ကုန်၊ မန္တလေး၊  ဧရာဝတီတိုင်းဒေသကြီးများတွင် ချေးငွေရယူမှု ပမဏများစွာရှိပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အလွန်နည်းပါပါကြောင်း၊ ထိုသို့ အချိုး ကွာဟမှုများစွာရှိသော်လည်း တိုင်းအလိုက် ငွေကိုခွဲဝေပေး၍ စီစဉ်ဆောင်ရွက်နိုင်ခွင့် ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို    

ပထမမေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနအနေနှင့်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မူအားဖြင့် ဆွေးနွေးတိုင်ပင်ပြီးမှသာလျှင် ပြန်လည်ရှင်းလင်းပေးနိုင် မည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေအရ Two Step Loan ဖြစ်နေသည့်အတွက် ပြန်လည် ပြုပြင်ပေးရန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးချက်သာရှိပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ တိုင်းဒေသကြီးအလိုက် လေ့လာရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အများဆုံးချေးယူပြီး မန္တလေးတိုင်းဒေသကြီးအပါအဝင် အဆင့်ဆင့်ချေးယူခဲ့ကြပါကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချေးယူနိုင်မှု အင်မတန် နည်းပါးပါကြောင်း၊ ု SME ဗဟိုကော်မတီဖွဲ့ထားပြီး နောက် အစိုးရသစ်လက်ထက်တွင် SME လုပ်ငန်းများကို ပိုမိုတွန်းအားပေးဆောင်ရွက် ပေးလျက်ရှိရာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် SME Agency များ ထပ်မံ ဖွဲ့စည်းလျက်ရှိပါကြောင်း၊ SME အေဂျင်စီများသည် ထိန်းချုပ်မှုအတွက် SME၏  Working Committee လုပ်ငန်း ကော်မတီကို တည်ထောင်ပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ Working Committee ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မကြာမီစတင် အကောင် အထည်ဖော်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ကော်မတီဖွဲ့ထားခြင်းအားဖြင့် အခုနကတင်ပြ ဆွေးနွေးသော ဆက်စပ်မည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော ထောက်ပံ့မှု များကို ပြန်လည်သုံးသပ်စိစစ်ရာ ရက်ပေါင်း ၃၀ အများဆုံးအကြာတွင် လိုအပ်သော ချေးငွေကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းငယ်များကို နောက်ဆုံး Micro လုပ်ငန်းငယ်များအထိ ထုတ်ချေးနိုင်ရေးအတွက် ၎င်းတို့ဆောင်ရွက်မည့် SME လုပ်ငန်းသည် အမှန်တကယ် နိုင်ငံတော် အတွက် အကျိုးရှိ/မရှိ၊ ရှေးအလားအလာကောင်း/မကောင်း၊ နည်းပညာပြည့်ဝကြွယ်ဝမှု ရှိ/မရှိ၊ ကျောထောက် နောက်ခံပေးသော လုပ်ငန်းများရှိ/မရှိ စသည်ဖြင့်အားလုံးကို စိစစ်ရာတွင် စက်မှု ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာကို ဦးစားပေးစိစစ်ပြီး ထောက်ခံချက်များပေးလျက်ရှိပါကြောင်း၊ အလားတူပဲ ဘဏ်လုပ်ငန်းဆိုင်ရာ ဘဏ်ဥပဒေအရ လိုအပ်ချက်များကို ပြည့်စုံမှုရှိ/မရှိ၊ ကျောထောက်နောက်ခံကောင်းမှုရှိ/မရှိ၊ အာမခံချက်ပေးနိုင်မှု ရှိ/မရှိတို့ကို ဘဏ်က လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးပြီးTwo Step  အစား One Step ဖြစ်နိုင်ရန် လုပ်ငန်းကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး SME အေဂျင်စီများမှတစ်ဆင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် SME လုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် SME အေဂျင်စီရုံးခွဲငယ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့ဖွဲ့စည်းဖို့ စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ စီစဉ်ထားပြီးဖြစ်သည့်အတွက် ထွက်ပေါ်လာမည့် အေဂျင်စီများမှတစ်ဆင့် အမှန်တကယ် အသုံးပြုလိုသော SME လုပ်ငန်းငယ်များအသီးသီးတို့မှ တိုက်ရိုက်ထိတွေ့ပြီး လက်တွေ့ကျကျ သုံးသပ်ကာ ရက်ပေါင်း ၃၀ အတွင်း အမြန်ဆုံးချေးငွေများကို လိုအပ်သူများလက်ထဲသို့ တိုက်ရိုက်ရောက်ရှိနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။