ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၅.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦးအနက် ( ၄၀၃ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၄)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကောလင်းမဲဆန္ဒနယ် မေးမြန်းသော တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန်
အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရ
အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၇)မှ သဘောတူခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၁၄.၉.၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ဖွဲ့စည်းပြီးဖြစ်သဖြင့် လုပ်ငန်းများအား ပိုမိုတိုးမြှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၂) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ် မှ မေးမြန်းသော မြို့နယ်လက်စွဲစာအုပ်များ ထွက်ပေါ် လာစေရေးအတွက် လိုအပ်သော စီစဉ်ညွှန်ကြားမှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်အောင်စိုးက ဒေသဆိုင်ရာ အချက်အလက်တွင်ပါရှိသော လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့်အတွက် ထိုအချက်အလက်များကို ကန့်သတ်ပြီး ကျန် အချက်များကို အများပြည်သူလေ့လာနိုင်ရန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) ၏ Website နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် Websiteများတွင် ၁၄.၁၁.၂၀၁၇ ရက်အထိ မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၅၃ မြို့နယ်၏ အချက်အလက်များအား လွှင့်တင်ပြီးဖြစ်ပါကြောင်းနှင့်
ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဒေါက်တာခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ် မှ မေးမြန်းသော ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်ရှိသော မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်သူများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
သက်ဆိုင်ရာ စည်ပင်သာယာရေးဝန်ထမ်းများက ကျူးကျော်ခွင့်ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဌာနဆိုင်ရာဝန်ထမ်းများနှင့်
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်ပတ်သက်မှုများရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးနေလင်းထွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ် မှ မေးမြန်းသော တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ်များ၏ ကျွန်းအခြေစိုက် ကျေးရွာများ၊ ပင်လယ်ရေ လုပ်ငန်းခွင် များတွင် တစ်နေ့တခြား ဆိုးရွားစွာ တိုးပွားဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးရောင်းဝယ်၊
ဖြန့်ဖြူးသုံးစွဲနေကြခြင်းကို အထူးစီမံချက်များရေးဆွဲ၍ တိုက်ဖျက်နှိမ်နင်းပေးနိုင်ခြင်း အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး
စစ်ဆင်ရေးကို တပ်မတော်နှင့်ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင် စီမံချက်ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်မှ တင်သွင်းသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၆)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ အဆိုအား ကန့်ကွက်ဆန္ဒမဲများ သဖြင့် လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဂ) ဥပဒေကြမ်း(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ၃၂ ချက်ကို သဘောတူညီခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၂၆ ချက်ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း လွှတ်တော်က အတည်ပြုသည်။
၃။ အစည်းအဝေးကို နံနက်( ၁၂ )နာရီတိတိတွင် ရပ်နားပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၇ -၁၁ - ၂၀၁၇ရက် ( သောကြာနေ့ ) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
