(ဂ)-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ တွင်ရှိသော မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်ခွင့် ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၅.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

dr u khin mg mgဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် နေစရိတ်အကုန်ကောင်းသောကြောင့် အများပိုင်မြေများ၊ ရေစက်ကွက်များ၊ ကလေးကစားကွင်းများ၊ လမ်းများ၊ အကွက်အမှတ် ဖောက်ထားသော်လည်း အရန်ချထားပေးခြင်းမရှိသော မြေကွက်များကို ငွေကြေးတတ်နိုင်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်း၍သော်လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍သော်လည်းကောင်း ဝင်ရောက်ကျူးကျော်၍ အခိုင်အမာအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းကို အတင့်ရဲစွာ ပြုလုပ်ဆောင်ရွက် နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကျူးကျော်တရားမဝင် ဝင်ရောက်မှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အခကြေးငွေ၊ အဂတိလိုက်စား၍ ခွင့်ပြုပြီးမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများကလည်း အဂတိလိုက်စား၍ အရေးယူခြင်းမရှိဘဲ ကျူးကျော်မှုကို ခွင့်ပြုနေပါသဖြင့် ထိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဝန်ထမ်းများကို ထိရောက်စွာအရေးယူ ပေးရန်လိုအပ်ပါကြောင်း၊ မိမိမှ ၎င်းမေးခွန်းကိုမေးသည့်အခါ ရမ်းသမ်းမေးခြင်းမဟုတ်ဘဲ အထောက်အထားအပြည့်အစုံရှိသည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ထိုကျူးကျော်မြေကွက်ကို နောက်တစ်ဦးအား ရောင်းသည့်အခါတွင် သူကအသိသက်သေအဖြစ် လက်မှတ်ထိုးပေးထားသည့် စာရွက်ကဲ့သို့ အမျိုးအစားများကို အထောက်အထားဖြင့် ရရှိထားပါကြောင်း၊ ၎င်း မြေများသည် နိုင်ငံပိုင်မြေများ ဖြစ်သည့်အတွက် တန်ဖိုးရှိပါကြောင်း၊ ယခုခေတ်ပေါက်ဈေးအရ မြေတစ်ကွက်က သိန်းထောင်ချီ တန်သည့် မြေကွက်မျိုးများရှိသည့်အတွက် မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေပြနေကြောင်း၊ ဘတ်ဂျက်လိုငွေပြနေသည့်အခါ မသမာသူများက နိုင်ငံပိုင်မြေများကိုဝင်ရောက်ပြီး ကာလကြာရှည် နေထိုင်သည့်အတွက် ၎င်းတို့ပိုင်ဆိုင်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ ထိုမြေများကို အကယ်၍ အသုံးမချနိုင်သေးပါကလည်း လေလံတင်ရောင်းချမည်ဆိုလျှင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို အထိုက်အလျောက် ဖြည့်ဆည်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က ထိုကိစ္စနှင့်ပတ်သက်ပြီး အထောက်အထားနှင့် တွေ့သည့်အခါ တိုင်ကြားပါကြောင်း၊ တိုင်ကြားသော်လည်း ထိရောက်စွာ အရေးယူပေးခြင်း မရှိသည့်အတွက် ကျူးကျော်သူများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာစည်ပင်သာယာရေး ဝန်ထမ်းများက ကျူးကျော်ခွင့်ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

general aung soeရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေး သုတေသန စီမံကိန်းအရ ဌာနဆိုင်ရာမြေပေါ်တွင် ကျူးကျော်နေသူများနှင့် ပုဂ္ဂလိကပိုင်မြေပေါ်တွင် ကျူးကျော်နေသူများဟူ၍ ခွဲခြားပြီး စာရင်းကောက်ခံထားရှိပါကြောင်း၊ အဆိုပါကျူးကျော် နေထိုင်သူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျူးကျော်နေထိုင်သူများစာရင်း များကို ကောက်ယူပြီး ကျူးကျော်သက်သေခံလက်မှတ် (Smart Card) များကို မြို့နယ်အလိုက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ထုတ်ပေးထားရှိကြောင်းကို သိရှိရပါ ကြောင်း၊ မြို့နယ်များတွင် မြေကွက်လပ်များမှာ မည်သည့်ပုဂ္ဂိုလ်တစ်ယောက်မှ တရားဝင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်ခြင်း မရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့များနှင့် ဒေသခံပြည်သူများအဖြစ် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ကျူးကျော်နေအိမ်ဆောက်လုပ်မှုကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ခွင့်ပြုနေပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီးမှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲသည် အထိလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းမှကျူးကျော်မှုနှင့် ပတ်သက်၍ ခွင့်ပြုနေပါက အဆိုပါဝန်ထမ်းကို သက်ဆိုင်ရာဌာနမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ထပ်မံကျူးကျော်မှုရှိပါက တစ်တဲကျူး တစ်တဲရှင်းစနစ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်များအတွင်းရှိ မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်သူများရှိပါက မြေပိုင်ဆိုင်မှု အခြေအနေအရ ပုဂ္ဂလိကပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်ပါက မြေပိုင်ရှင်များမှ တရားဥပဒေနှင့်အညီ တရားစွဲဆိုခြင်းလည်းကောင်း၊ ဌာနပိုင်မြေဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲဆို၍လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးပိုင် မြေဖြစ်ပါက သက်ဆိုင်ရာစည်ပင်သာယာရေး ကော်မတီမှ ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်တွေမှာ မြေကွက်လပ်များ၌ ဝင်ရောက်ကျူးကျော်သူများ နှင့်စပ်လျဉ်းပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပါဝင်ပတ်သက်မှုများရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာခင်မောင်မောင်(ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။   မိမိမေးမြန်းလိုသည်မှာ Smart Card ထုတ်ပေးသည့် ဆင်းရဲသားကျူးကျော်သူများအား မေးခြင်းမဟုတ်ပါကြောင်း၊ Smart Card ထုတ်ပေးထားသည်ကိုလည်း မိမိတို့သိရှိပါကြောင်း၊ ဆင်းရဲသားကျူးကျော်တဲထိုးပြီး နေသည့်သူများ၊ တိုက်ဆောက်ပြီးနေသည့်သူများ၊ ခြံနှင့်ဝင်းနှင့် အနည်းဆုံးမြေကွက်ကို အခိုင်အမာတိုက်များ ဆောက်လုပ်နေထိုင်သည်နှင့် ပတ်သက်ပြီး အကြိမ်ကြိမ် တိုင်ခဲ့ပါကြောင်း၊ သို့သော် ယနေ့အထိ အရေးယူခြင်းမရှိပါကြောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ အိမ်များ ကျူးကျော်သည်ကို တိုင်သည့်အခါ ရှင်းလင်းဖယ်ရှားပေးပါမည်ဆိုပြီး ပြောသည့်အခါ ၎င်း ရပ်ကွက်ထဲတွင် အခိုင်အမာကျူးကျော်နေသည်ကို တာဝန်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများက သိလျက်နှင့် ခွင့်ပြုထားသည်ကို အရေးယူဖို့ အစီအစဉ်ရှိ/မရှိ၊ အမှန်ဖြစ်ရမည်မှာ ဌာနဆိုင်ရာက ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းဖြေကြားချက် စာရင်းများအရ ၁၀-၇-၂၀၁၇ ရက်နေ့အထိကို ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်အတွက် ကျူးကျော်စာရင်းများ ကောက်ယူခဲ့ပါကြောင်း၊ ယခုလို ကျူးကျော်စာရင်းကောက်ယူသည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းတွင်ပါသည့် ဆင်းရဲသားများ ကျူးကျော်သည့် အနေအထားတစ်ခုထဲ မဟုတ်ပါကြောင်း၊ မြို့နယ်အားလုံးရှိ အစိုးရပိုင်မြေအပါအဝင် ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အိမ်ရာစာရင်းများကို ကောက်ယူထားခြင်း ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်နှင့် ပတ်သက်လျှင် မြောက်ဒဂုံတွင် မိမိတို့ ဇွန်လ ၈ ရက်နေ့ထိ စာရင်းဇယားအရ  စုစုပေါင်း ကျူးကျော်စာရင်း ၃၁၈၉ ဦးရှိပါကြောင်း၊ ၎င်းတို့ထဲတွင် လူဦးရေစုစုပေါင်း ၁၂၃၇၂ ဦးရှိပါကြောင်း၊ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် မိမိတင်ပြခဲ့သည့် ၃၇ နေရာတွင် ကျူးကျော်အိမ်ထောင်စု စုစုပေါင်း ၁၁၅၃၄၅ စုရှိပါကြောင်း၊ လူဦးရေအားဖြင့် ၄၇၀၀၀ ကျော်ရှိပါကြောင်း၊ ၎င်းကိုလည်း တိုင်းဒေသကြီးအစိုးရ ကနေပြီး ကျူးကျော်အားလုံးကို စီမံချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ပြေးညီစီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တစ်အိမ်ချင်း၊ တစ်တဲချင်းကို ထပ်မံမကျူးကျော်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကျူးကျော်ပြီးသားများကိုလည်း စီမံချက်နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။