မိမိတို့နိုင်ငံသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုသန်းခေါင်စာရင်းတွင် ဖော်ပြထားသော မသန်စွမ်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များအရ လူဦးရေသန်း ၅၀၂၇၉၉၀၀ ရှိရာ မသန်စွမ်းသူဦးရေ ၂၃၁၁၂၅၀ ဦးရှိခြင်း၊ ရာခိုင်နှုန်းအားဖြင့်လည်း ၄.၆ ရာခိုင်နှုန်းရှိပါကြောင်း၊
ပြည်ထောင်စုတွင် မြို့ပြနှင့်ကျေးလက်တို့၏ မသန်စွမ်းမှုအခြေအနေကို ကြည့်မည်ဆိုလျှင် မြို့ပြတွင် ၃.၆ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသများတွင် ၅.၀ ရာခိုင်နှုန်းရှိသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ အသက် ၆၀ နှင့်အထက် အပိုင်းအခြားက အသက်အရွယ်အရ အမြင်နှင့်အကြား ချို့ယွင်းမှုကိုပါ ကောက်ယူခဲ့ခြင်းကြောင့် ရာခိုင်နှုန်းများနေခြင်း ဖြစ်နိုင်ပါကြောင်း၊
နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်နေမှုတို့ ဖြစ်သည့်အတွက်ကြောင့် တိုင်းပြည်လူဦးရေ၏ ၃၆ ရာခိုင်နှုန်းကျော်ရှိသည့် အသက် ၃၀ မှ ၅၉ နှစ်ကြား အုပ်စုကြီးသည် မသန်စွမ်းမှုရာခိုင်နှုန်း ၄.၉ ရာခိုင်နှုန်းရှိနေခြင်းကြောင့် မိမိတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခြင်းဖြစ်ပါကြောင်း၊ ၎င်းအုပ်စုကြီးသည် တိုင်းပြည်၏အနာဂတ်ကို ပုံဖော်ထုစစ်မည့် လုပ်သားအင်အားစုကြီး ဖြစ်ပါကြောင်း၊ ထိုကိန်းကဏန်းများသည် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းများအရဖြစ်ပြီး ယခုလက်ရှိအချိန်မှာလည်း လျော့ကျသွားဖွယ်မရှိပါကြောင်း၊ မိမိတို့တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနှင့် တိုင်းပြည်၏ ပဋိပက္ခအခြေအနေများကြား မသန်စွမ်းမှုအခြေအနေသည် လက်ရှိတွင်လည်း တိုးပွားနေဖွယ်ရှိပါကြောင်း၊
မသန်စွမ်းမှုဖြစ်ရသည့် အဓိကအကြောင်းနှစ်ချက်မှာ မွေးရာပါမသန်စွမ်းမှုနှင့် လူတို့၏ပယောဂ ဖြစ်စဉ်များကြောင့် ဆိုပြီးရှိရာမှာ မသန်စွမ်းမှု၊ မသန်စွမ်းသူများအပေါ် မိမိတို့သန်စွမ်းသူများက လူသားများပီပီ တာဝန်ယူကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ တိုင်းပြည်၏ အနာဂတ်၏အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် တိုးမြှင့်ဆောင်ရွက်သွားရန် အစီအစဉ်များအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Right of Persons with Disabilities-UNCRPD)အား ၇-၁၂-၂၀၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ပါ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ကို လည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုလည်းကောင်း ပြဋ္ဌာန်းခဲ့ပြီး အဆိုပါပြဋ္ဌာန်းချက်များမှာ ကလေးသူငယ်များ မသန်စွမ်းဖြစ်မှု လျော့ကျစေရေးအတွက် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများ ရရှိခံစား နိုင်စေရန် အထူးကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြထားပါကြောင်း၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်၏ အနာဂတ်ကလေးသူငယ်များ မသန်စွမ်းဖြစ်မှု လျှော့ချရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပထမဦးစွာမသန်စွမ်းကလေးများ၏ အခြေအနေကို သိရှိနိုင်ရေးအတွက် ဆန်းစစ် လေ့လာမှု ပြုလုပ်ပြီး ဆန်းစစ်မှုအစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ထုတ်ပြန် ကြေငြာနိုင်ခဲ့ပါကြောင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိသော သို့မဟုတ် မသန်စွမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းတို့ကို ခံစားရနိုင်ခြေရှိသော မွေးစမှအသက်ငါးနှစ်အထိရှိသည့် ကလေးငယ်များ၏ မိသားစုများအတွက် ဝန်ဆောင်မှုများပေးသည့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention-ECI) စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်နေပြီး ၎င်းစနစ်အရ ကလေးသူငယ်များမှာ မသန်စွမ်းမှု ဖြစ်နိုင်ခြေ ကာကွယ်လျှော့ချနိုင်ခြင်းနှင့် မသန်စွမ်းကလေးသူငယ်များအပေါ် မသန်စွမ်းမှု၏ အကျိုးသက်ရောက် မှုတို့ကို စောစီးစွာသိရှိ လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာ စစ်ဆေးပံ့ပိုးမှု (Early Childhood Intervention-ECI) လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် ဒဂုံ (အရှေ့ပိုင်း) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့နယ် နှင့် ကန်ကြီးထောင့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည့် မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မွန်ပြည်နယ်ရှိ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်စသည်ဖြင့် တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်တစ်ခုရှိ မြို့နယ်ရှစ်မြို့နယ် နေရာကိုးခု ECI Program Pilot project အနေဖြင့် စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၈-၂၀၂၀ ခုနှစ်တွင် နိုင်ငံနှင့်တစ်ဝန်း လွှမ်းခြုံနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ခြင်းအားဖြင့် မသန်စွမ်းဖြစ်နိုင်ခြေကို ကြိုတင်သိရှိနိုင်ပြီး မသန်စွမ်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မိုင်းအန္တရာယ်နှင့် ပတ်သက်၍လည်း ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရန် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းမှုလျှော့ချရေး ကြိုးပမ်းမှုတစ်ခု ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၁၄ ခုနှစ် ဒီဇင်ဘာလ) တွင်လည်း ဖော်ပြထားသည့်အတိုင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် (၈) ရပ် အနက်မှ မသန်စွမ်းသူများအား ကူညီထောက်ပံ့ငွေပေးအပ်ခြင်း လုပ်ငန်းကို လုပ်ငန်းတစ်ခုအနေဖြင့် ထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း၊ ၎င်း မဟာဗျူဟာစီမံချက်ပါအတိုင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်၏ဘတ်ဂျက် ရရှိငွေပေါ်မှာမူတည်ပြီး လစဉ်ထောက်ပံ့မှုကို ကလေးသူငယ်အရွယ်နှင့် အရွယ်ရောက်ပြီး မသန်စွမ်းသူတို့ကို မသန်စွမ်းအမျိုးအစားအပေါ် မူတည်ပြီး သက်ကြီးရွယ်အို လူမှုရေးပင်စင်ပေးသကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက်နှစ်နှစ်အထိ ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်အရလည်း မသန်စွမ်းကလေး သူငယ်များ၏ မိခင်များအား တစ်လကို ထောက်ပံ့ကြေးငွေ ကျပ် ၁၅၀၀၀ ရရှိမည် ဖြစ်ပါကြောင်း၊ အခြားအဓိက လုပ်ငန်းတစ်ခုဖြစ်သည့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အစီအစဉ်အရလည်း မသန်စွမ်းကလေးသူငယ်တစ်ဦး အကျိုးခံစားခွင့် အဖြစ် တစ်လလျှင် ကျပ် ၁၆၀၀၀ ရရှိမည်ဖြစ်ပြီး အရွယ်ရောက်ပြီးသူ ဖြစ်ပါက အသက် ၆၄ နှစ်အထိ တစ်လလျှင် ထောက်ပံံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိုင်းကြောင့် ထိခိုက်ခံစားရသည့် သူများကိုလည်း ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို ထောက်ပံ့ပေးခြင်း အနေဖြင့် ကချင်ပြည်နယ် ငါးဦး၊ ကယားပြည်နယ် ခုနစ်ဦး၊ ကရင်ပြည်နယ် ရှစ်ဦး၊ ရှမ်းပြည်နယ် ၃၀ ဦး စုစုပေါင်း ၅၀ ဦးကို တစ်ဦးလျှင် ကျပ်နှစ်သိန်းဖြင့် ကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းပြည်နယ်များအတွင်း ကျန်ရှိသည့် မိုင်းထိမသန်စွမ်းသူများ အားလုံးကို ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာနတို့နှင့်ပူးပေါင်းပြီး မိုင်းအန္တရာယ်အသိ ပညာပေးလုပ်ငန်းများ၊ အကူကိရိယာ မပါဘဲ သတင်းအချက်အလက်ကောက်ယူ စုဆောင်းခြင်း (Non Technical Survey-NTS) တို့ကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မသန်စွမ်းမှုအလိုက် မသန်စွမ်းကျောင်း ရှစ်ကျောင်းတည်ထောင်ပြီး နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်နှင့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေးကိစ္စများ ဆောင်ရွက်နေသကဲ့သို့ အစိုးရဝန်ကြီးဌာနအချင်းချင်း သော်လည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် ပြည်တွင်း/ပြည်ပ စေတနာ့ဝန်ထမ်း မသန်းစွမ်းအဖွဲ့များနှင့်လည်းကောင်း ချိတ်ဆက်ပြီး ကာကွယ် စောင့်ရှောက်မှုများ၊ ပံ့ပိုးကူညီမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေကြမ်း (မူကြမ်း) ကို ၈-၁၁-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘောထားမှတ်ချက်ပြုရန် မရှိပါကြောင်း ပြန်ကြားလာပြီး ဖြစ်ပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်နှင့် ထုတ်ပြန်နိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၇) က သဘောတူခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၁၄-၉-၂၀၁၇ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန် ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကော်မတီဖွဲ့စည်းမှုမှာ ဒုတိယဥက္ကဋ္ဌ (၁) ၏ နေရာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ၏ နေရာမှာ မသန်စွမ်းသူများ အသင်းချုပ်၏ ဥက္ကဋ္ဌအားလည်းကောင်း၊ မသန်စွမ်းသူအမျိုးအစားအလိုက် မသန်စွမ်းကိုယ်စားလှယ်အဖွဲ့များအား အဖွဲ့ဝင်အဖြစ်လည်းကောင်း ထည့်သွင်းဖွဲ့စည်းထားရှိပါကြောင်း၊ ယခုလို မသန်စွမ်းသူများကိုယ်တိုင် ထည့်သွင်းဖွဲ့စည်းပြီး ပါဝင်ဆောင်ရွက်စေခြင်းဖြင့် တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချခြင်း၊ ကူညီထောက်ပံ့ခြင်းနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
