မှတ်တမ်း - ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၇)မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၅)ဦးအနက် ( ၃၉၅ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -

          (က)    ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်း

                   -         ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲမဲဆန္ဒနယ်မှ မေးမြန်းသော ဒေးဒရဲမြို့နှင့် တော်ကမယ်၊ ကြုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ဆက်သွယ်သော လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံအား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ခုနှစ်မတိုင်မီ ရာသီမရွေးသွားလာနိုင်သော လမ်းဖြစ်ရန်အတွက် နှစ်အလိုက် ရန်ပုံငွေများတင်ပြတောင်းခံပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   -         ဦးစိန်အောင်၊ ပလက်ဝမဲဆန္ဒနယ်မှ မေးမြန်းသော ပလက်ဝမြို့နယ်၊ ပျဉ်ဝ ကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာတို့ကိုဖြတ်၍ သံတောင်ရွာအထိ ကားလမ်းဖောက်လုပ်ရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက National Strategy for Ruan Roads and Access ပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစားပေး ရေးဆွဲ တင်ပြလာတဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောက်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   -         ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ မေးမြန်းသော ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ဒရယ်မီးချောင်းတံတားအမှတ် ၁/၈၇ တံတားကြီး အား (၄)လမ်းသွား တံတား အဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   -         ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်သား မြို့နယ် အမှတ်(၄) ခရိုင်ပတ်လမ်းအား ကတ္ကရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီ အစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းလျာထားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။

                   -         ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်မှ မေးမြန်းသော သနပ်ပင်မြို့နယ်၊ မင်းရွာ-ကျောင်းစု သစ်သားတံတားနှင့် တာဝ-ရေတံခါး သစ်သားတံတားအား သံကူကွန်ကရစ် တံတားများအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ နှစ်က စပြီး တစ်နှစ်ချင်းအလိုက် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။

          (ခ)     ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း

                   -         ပြည်ထောင်စုရှေ့နေချုပ်ရုံးက တင်သွင်းသော စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၆-၁၁-၂၀၁၇ ရက် (ကြာသပတေးနေ့)နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်း ရန်ဖြစ်သည်။

          (ဂ)     အဆို(၁)ခုကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                   -         ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ တင်သွင်းသည့် နိုင်ငံတစ်ဝန်းလုံးရှိ    တည်ဆောက်ရေးလုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၁၅)ဦးမှ ဆွေးနွေးပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းပြီးနောက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နံနက်(၁၂)နာရီ (၂၀)မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၅-၁၁-၂၀၁၇ ရက်( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီတွင် လျာထားပါသည်။