သနပ်ပင်မြို့နယ်ရှိ မင်းရွာ-ကျောင်းစု စစ်တောင်း တူးမြောင်းဖြတ်တံတားကို ၂၀၀၃ ခုနှစ်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်အတွက် အင်မတန်အရေးပါသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးပြုသည့် တံတားဖြစ်ပါသည့်နည်းတူ ရေတံခါးတာဝ စစ်တောင်း-ပဲခူးဖြတ်တံတားသည်လည်း ကျေးရွာပေါင်း ၃၀ ကျော်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် အတွက် အလွန်အရေးပါသည့် တံတားဖြစ်ပါကြောင်း၊
ယခုအချိန်တွင် မင်းရွာ-ကျောင်းစုတံတားနှင့် ရေတံခါးတာဝ တံတားနှစ်စင်းလုံးသည် တိုင်များ၊ ယက်မများ၊ ယောက်တန်းများ၊ အခင်းများပါ ယိုင်နဲ့ကျိုးပေါက်ဆွေးမြည့်နေသည့်အတွက် စက်ဘီးွ၊ ဆိုင်ကယ်၊ ကားများနှင့် လူများအတွက်ပါ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာဖြစ်နေ ပါကြောင်း၊ နှစ်စဉ်ပြုပြင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ လုံးဝပြုပြင်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်နေပါကြောင်း၊ ထို့ကြောင့် အဆိုပါ တံတားများကို ခိုင်ခန့်ပြီး့ အရှည်တည်တံ့နိုင်မည့် သံကွန်ကရစ်တံတားများအဖြစ် တည်ဆောက်ပေးပါက ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်မြို့နယ်များရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုး ဖြစ်ထွန်းမည်ဖြစ်ခြင်းကြောင့် အနီးစပ်ဆုံးဘတ်ဂျက်တွင် ထည့်သွင်းတည်ဆောက်ပေးရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊
ထု့ိကြောင့် သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းဖြတ်တံတားများဖြစ်သည့် မင်းရွာ-ကျောင်းစု သစ်သားတံတားနှင့် တာဝရေတံခါးသစ်သားတံတားအား သံကွန်ကရစ်တံတားများ အဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ တည်ဆောက်ပေးရန်ရှိပါက မည်သည့် ဘတ်ဂျက်နှစ်တွင် တည်ဆောက်ပေးမည်နှင့် တည်ဆောက်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သနပ်ပင်မြို့နယ်၊ ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် မင်းရွာ-ကျောင်းစုသစ်သားတံတားသည် ပဲခူး-သနပ်ပင်လမ်းမကြီးနှင့်ဆက်သွယ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော သနပ်ပင်-ခရမ်း-မင်းရွာ-ကျောင်းစု-သဘော့ကန်လမ်းပေါ်တွင် တည်ရှိပြီး သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၃၀ ကျော်တို့အား ကျေးလက်လူမှုစီးပွားဘဝ လုပ်ငန်းများကို တိုက်ရိုက်အကျိုးပြုမယ့်တံတားများ ဖြစ်ပါကြောင်း၊ ထို့အတူတာဝရေတံခါး သစ်သားတံတားသည်လည်း ပဲခူး-သနပ်ပင်လမ်းမကြီးနှင့် ဆက်သွယ်သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော သနပ်ပင်-ခရမ်း-မင်းရွာ-ကျောင်းစု-သဘော့ကန်လမ်းနှင့် တာဝ-မြစ်ကျိုးလမ်းအား ဆက်သွယ်ထားသည့်လမ်းပေါ်တွင် တည်ရှိသည့် တံတား ဖြစ်ပါကြောင်း၊
မင်းရွာ-ကျောင်းစုသစ်သားတံတားနှင့် တာဝရေတံခါးသစ်သားတံတားနှစ်စင်းတို့သည် သတ်မှတ်ထားသည့် လမ်းအဆင့်သတ်မှတ်ချက်များအရလာမည့် ၂၀၁၈-၂၀၁၉ နှစ်ကစတင်ပြီး ရန်ပုံငွေ များကို တစ်နှစ်ချင်းအလိုက် တင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းပြန်လည် ဖြေကြားပါသည်။
