(ဂ)-ဒိုက်ဦးမြို့နယ်ရန်ကုန်၊မန္တလေးကားလမ်းရှိဒရယ် မီးချောင်းတံတားအမှတ် ၁/၈၇တံတားကြီးအား(၄) လမ်းသွားတံတားအဖြစ်ပြန်လည်တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ ubone

ဒိုက်ဦးမြို့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ရန်ကုန်မှ ၈၆ မိုင်အကွာတွင် တည်ရှိပါကြောင်း၊ ဒိုက်ဦးမြို့၏ ဒရယ်မီးချောင်းတံတားကြီးသည် မိုင်တိုင် ၈၆ မိုင် ၁ ဖာလုံ ၊ အလျား ၁၈၄ ပေ အကျယ် ၂၆ ပေ ရှိပြီး RPT သံပေါင်နှင့် ၁၉၄၈ ခုနှစ်မတိုင်မီက ဆောက်လုပ်ထားရှိခဲ့ပါကြောင်း၊ ကျပ်သန်း ပေါင်း ၅၅၂ သန်း ကုန်ကျထားသည်ဟု မှတ်တမ်းများအရ သိရှိရပါကြောင်း၊  မိုးတွင်းကာလတွင် ယာဉ်ကြီး/ယာဉ်ငယ်ပေါင်း ၃၄၀၀ ကျော်၊ ယာဉ်အစီးပေါင်း ၄၀၀၀ ကျော် နေ့စဉ်နှင့် အမျှ ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေးကားလမ်းကို နိုင်ငံတော်၏စီမံချက်ဖြင့် လေးလမ်းသွားအဖြစ် ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရပါကြောင်း၊ လမ်းများကို တိုးချဲ့နေသော် လည်း တံတားများသည် နှစ်လမ်းသွားသာဖြစ်နေသောကြောင့် နေ့စဉ်နှင့်အမျှ ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသလို ခရီးလမ်းကိုလည်း ကြန့်ကြာစေပါကြောင်း၊ ဒိုက်ဦးမြို့နယ်သည် မိုင်တိုင် ၇၀ မှ ၈၈ မိုင်အထိဖြစ်ပြီး တံတားအကြီး၊ အသေးပေါင်း ၂၅ စင်းရှိပါကြောင်း၊ သုံးစင်းမှာ ပေ ၁၈၀ အထက်ရှိပြီး ကျန် ၂၂ စင်းမှာ ပေ ၁၈၀ အောက်ဖြစ်ပါကြောင်း၊  ပေ ၁၈၀ အောက်တံတားများကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလိမိတက်မှ လမ်းတံတားချဲ့ခြင်းလုပ်ငန်းများကို လက်ရှိဆောင်ရွက်လျက် ရှိပြီး ပေ ၁၈၀ နှင့်အထက် တံတားများကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပါကြောင်း၊  ဒိုက်ဦးမြို့နယ်တွင် ပေ ၁၈၀ အထက် တံတားသုံးစင်း ရှိသည့်အနက် ဒရယ်မီးချောင်းတံတားသာ ကျန်ရှိပါကြောင်း၊ ဒရယ်မီးချောင်းတံတားကြီးသည် နှစ်ကာလကြာမြင့်သည်ကတစ်ကြောင်း၊ နှစ်လမ်းသွားတံတားဖြစ်ပြီး ကျဉ်းမြောင်းတာကတစ်ကြောင်း ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ခေတ်တွင် ကားအစီးရေများပြားစွာ သွားလာမှုကြောင့် ကတ္တရာများပေါက်ပြဲနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့အပြင် ၎င်းတံတားကြီးအနီး တွင် မြန်မာ့စိုက်ပျိုးရေးဘဏ်ရုံး၊ မြို့နယ်စီမံကိန်းရုံး၊ အခွန်ဦးစီးမှူးရုံး၊ ငါးလုပ်ငန်းဦးစီးမှူးရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံး များလည်းရှိပါကြောင်း၊ တံတားသည်ကြံ့ခိုင်မှုအားနည်းလာပြီး ကျဉ်းမြောင်းသည့်အတွက်  ခရီးလမ်းကိုလည်း ကြန့်ကြာစေပြီး အန္တရာယ်ကိုဖိတ်ခေါ်နေသလို ဖြစ်နေပါကြောင်း၊ လမ်းချဲ့ပြီး တံတားကျဉ်းသည့်အတွက်ကြောင့် တံတားပေါင်များကိုတိုက်ပြီး ‌ချောင်းထဲပြုတ်ကျ၊ ကရိန်းကား ဖြင့်ဆွဲတင်ရ၊ လူများသေဆုံးပြီး ကားများပျက်စီးမှုများကို မကြာခဏဆိုသလို တွေ့နေရပါ ကြောင်း၊ လမ်းတံတားများကို တိုးချဲ့မည်ဆိုပါက  အများပြည်သူအန္တရာယ်ကင်းအောင် တံတားများကို ဦးစွာ တိုးချဲ့သင့်ပါကြောင်း သို့ဖြင့်ပါ၍ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် ၈၆ မိုင် ၁ ဖာလုံရှိ ဒရယ် မီးချောင်းတံတားကြီး တံတားအမှတ်(၁/၈၇)တံတားကြီးအား အမြန်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်၍ အစီအစဉ် မရှိပါကမည်သည့်အတွက်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ukyawဖြေကြားချက် 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း(လမ်းဟောင်း) ပြည်ထောင်စုလမ်းမကြီး ပေါ် ရှိ မိုင်တိုင်(၈၆/ဝ-၈၆/၁)ကြားတွင် ဒရယ်မီးချောင်း တံတားရှိပါကြောင်း၊ လက်ရှိတံတားဟောင်း( 33’-0” R.C x 1 ခန်း)+( 120’-0” Steel Truss x 1 ခန်း)+( 33’-0” R.C x 1 ခန်း) စုစုပေါင်း(၁၈၆ -ဝ’) ပေရှိပြီး သွားလာသည့်ယာဉ်စီးသည် ၄၀၀၀ ကျော်ရှိနေပါကြောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ရှိ ဒရယ်မီးချောင်းတံတားကို မူလလမ်းကြောင်းအတိုင်း လေးလမ်းသွား သံကူကွန်ကရစ်တံတား အသစ်တည်ဆောက်ရန်အတွက် ခန်းဖွင့်(50’-0” R.C x 1 ခန်း)+(100’-0” Plate Girdet x 1 ခန်း)+(50’-0” R.C x 1 ခန်း) စုစုပေါင်း (၂၀၀’-ဝ”)ပေအရှည် တံတားတစ်ဆင်းတည်ဆောက်ဖို့  လိုအပ်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင်ရှိသည့် ဒရယ်မီးချောင်းတံတား (၂၀၀’-ဝ”) အရှည်ကို လေးလမ်းသွား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးနိုင်ရေး အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံထားပြီး ဘဏ္ဍာရေး နှစ် အလိုက်ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး တည်ဆောက်ပေးသွားမည် ကြောင်းဖြေကြားခဲ့ပါသည်။