ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွယ်တန်းပေးရန် ဂျာမနီနိုင်ငံ KFW Development Bank၊ ချေးငွေယူရို ၂၃.၈၈၃ သန်းဖြင့် လျာထားဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လာရောက် ရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်တွင် မူလမဟာဓာတ်အားလိုင်း စနစ်ကနေ ချိတ်ဆက်ပြီး လက်ရှိ 11 KV ၏ ဓာတ်အားလိုင်း ၂ မိုင်မှ ၅ မိုင်အတွင်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအနေနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံနှင့် ထရန်စဖော်မာ တိုးချဲ့ခြင်းလုပ်ငန်းများ ပါဝင်မည်ဟုလည်း သိရှိရပါကြောင်း၊ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီးရရှိမည့် အခွင့်အရေးကို အထူးမျှော်လင့်လျက် ရှိကြပါကြောင်း၊
ကျေးလက်နေပြည်သူများကိုယ်စား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် လုပ်ငန်းလျာထားချက်နှင့် လင်းခေးခရိုင်အတွင်း ဆောင်ရွက်ပေးမည့် စီမံချက်များသိရှိခြင်းနှင့် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ခိုမတ်မွန်ကျေးရွာ၊ နားသဲကျေးရွာနှင့် ခိုဆိုင်း၊ မိုင်းပုတ်ကျေးရွာတို့ တွင် ဆောင်ရွက်ပေးမည့် အသေးစိတ်စီမံချက်များနှင့် ခန့်မှန်းပြီးစီးနိုင်မည့် ကာလတို့ကို သိရှိလိုပါ မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရှိ ကျေးရွာ ၃၄၀ ရွာ၊ လွိုင်လင်ခရိုင်တွင်ရှိသည့် ကျေးရွာ ၅၆ ရွာ၊ လင်းခေး ခရိုင်တွင်ရှိသည့် ကျေးရွာပေါင်း ရွာ ၂၀ စုစုပေါင်း ကျေးရွာ ၄၁၆ ရွာ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် လိုအပ်သည့် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများ ဆက်စပ်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ဂျာမနီနိုင်ငံ KFW Development Bank ထံမှ ချေးငွေယူရို ၂၃.၈၈၃ သန်းဖြင့် ထောက်ပံ့ငွေ ယူရို ၆.၅၃၅ သန်း စုစုပေါင်း ယူရို ၃၀.၄၁၈ သန်း ရယူဆောင်ရွက်မည့် အစီအစဉ်ကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
အဆိုပါကျေးရွာသုံးရွာအနက်မှ ခိုမတ်မွန်ကျေးရွာ ဓာတ်အားရရှိရန်အတွက်၊ နားသဲကျေးရွာ၊ ခိုဆိုင်း၊ မိုင်းပုတ်ကျေးရွာများအတွက်ကို လျှပ်စစ်ဓာတ်အားရရှိရန် ဓာတ်အားလိုင်းများကို တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ခိုမတ်ကျေးရွာအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း လေးမိုင်၊ ၁၁.၄ ကေဗွီ၊ ၁၀၀ ကေဗွီထရန်စဖော်မာ တစ်လုံး၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တစ်မိုင်တည်ဆောက်ပေးရမည်။ နားသဲကျေးရွာအတွက်ဆိုလျှင် ၁၁ ကေဗွီဓာတ်အားလိုင်း နှစ်မိုင်၊ ၁၁.၄ ကေဗွီ၊ ၁၀၀ ကေဗွီ တစ်လုံး၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တစ်မိုင်ခန့် ခိုဆိုင်း၊ မိုင်းပုတ်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း နှစ်မိုင်၊ ၁၁.၄ ကေဗွီ၊ ၁၀၀ ကေဗွီ ထရန်စဖော်မာတစ်လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁.၅ မိုင်ခန့် တည်ဆောက်ပေးရမည့် ကိစ္စရပ်များကို တင်ပြပါချေးငွေရယူမည့် စီမံချက်ထဲတွင် ထည့်သွင်းလျာထားပြီး ချေးငွေရရှိရေးအတွက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်နောက် ချေးငွေသဘောတူစာချုပ်ကို ၂၁-၉-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချေးငွေဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာချေးငွေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာ Consultant ငှားရမ်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် Consultant ငှားရန်အတွက် တင်ဒါကို ၁၉-၉-၂၀၁၇ ရက်နေ့တွင် စတင်ခေါ်ဆိုထားပြီဖြစ်ပါကြောင်း၊ ရွေးချယ်ရေးလုပ်ငန်းများကို တင်ဒါများပိတ်သည့် အချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး Consultant ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုခြင်းကို ၂၀၁၈ ခုနှစ်အတွင်း စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရေးအတွက် ချေးငွေလုပ်ထုံးလုပ်နည်းအရ နိုင်ငံတကာက ပါဝင်ယှဉ်ပြိုင်သည့် International Competitive Bidding တင်ဒါခေါ်ဆိုနိုင်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တင်ဒါခေါ်ပြီးပစ္စည်းများ ရောက်ရှိလာပါက တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
