မေးခွန်း အကြောင်းအရာ
ဒိုက်ဦးမြို့နယ်သည်ရပ်ကွက်ကျေးရွာအုပ်စုပေါင်း၅၃အုပ်စုရှိပြီးကျေးရွာပေါင်း၁၈၂ရွာဖြင့် ဖွဲ့စည်းထားခဲ့ပါကြောင်း၊ မြို့နယ်၏အကျယ်အဝန်းသည် ၄၉၇.၀၃ စတုန်းရန်းမိုင်ရှိပြီးလူဦးရေ ၂၀၅၀၀၀ကျော် နေထိုင်သောမြို့နယ်တစ်ခုဖြစ်ပြီး တောင်၊မြောက်အလျားမိုင်၃၀ခန့်၊ အရှေ့အနောက်၃၅မိုင်ခန့်ကွာဝေးပါကြောင်း၊ ကျေးရွာပေါင်း ၁၈၂ ရွာရှိသည့်အနက် မြို့ပေါ်ကိုးရပ်ကွက်နှင့် ကျေးရွာ၃၁ရွာသာ မီးလင်းပါကြောင်း၊ ကျေးရွာ ၃၁ ရွာတွင် ၁၆ ရွာမှ ကိုယ့်အားကိုယ်ကိုးဖြင့် မီးလင်းနေခြင်းဖြစ်ပါကြောင်း၊ ကျန်၁၅ရွာကို နိုင်ငံတော်မှလုပ်ပေးထားခြင်းဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးအနေဖြင့် မီးရရှိမှု နည်းပါးပြီး ၁၄၂ရွာကျန်ရှိနေပါကြောင်း၊ နိုင်ငံတော်မှလျှပ်စစ်မီးရရှိရေးအတွက် NEP လျှပ်စစ်မီးလင်းရေးရရှိရေးအစီအစဉ်များချမှတ်၍ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ပေးမည်ဟုလည်းသိရပါကြောင်း၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်အနောက်ဘက်၊ ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်းကျေးရွာသည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ကားလမ်းသစ်(အမြန်လမ်း)ကြားတွင်တည်ရှိပြီး အရှည် ၁၆ မိုင် ကွာဝေးပါကြောင်း၊ လမ်းသစ်နှင့် လမ်းဟောင်းကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် နေထိုင်သောကျေးရွာအုပ်စု စုစုပေါင်း ကိုးအုပ်စုရှိပြီး ကျေးရွာပေါင်း ၆၃ ရွာရှိပါကြောင်း၊ အိမ်ထောင်စုပေါင်း ၁၅၀၀၀ကျော်နှင့် လူဦးရေ ၄၀၀၀၀ကျော် နေထိုင်လျက်ရှိပါကြောင်း၊ ဒရယ်မီးတာဆုံ၏ နှစ်မိုင်ခွဲခန့်အကွာတွင် ရှိသောခြေမြန် တပ်ရင်း ခမရ(၄၄၀) တပ်ရင်းတစ်ခုသာ လျှပ်စစ်မီးရရှိထားပါကြောင်း၊ မီးလင်းရန်ကျန်ရှိနေသည်မှာ ၁၃မိုင်ကျော်သာဖြစ်ပါကြောင်း၊ သို့ပါသောကြောင့်ဒိုက်ဦးမြို့၊ ဒရယ်မီးတာဆုံမှ အုတ်ရှစ်ကုန်း ကျေးရွာလမ်းမကြီးတစ်လျှောက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ဒိုက်ဦးမြို့နယ်အတွင်းကျေးရွာပေါင်း၁၈၇ရွာရှိပြီး၃၂ရွာကိုဒိုက်ဦးရှိ 33/11 KV 10 MVA ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ပါကြောင်း၊ ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်းကျေးရွာအထိ 11 KV ဓာတ်အားလိုင်း ၁၆ မိုင် တည်ဆောက်မည်ဆိုပါကမူလရှိပြီး ဓာတ်အားလိုင်းနှင့်ပေါင်းလိုက်ပါက 11 KV လိုင်းသည် မိုင်ပေါင်းများစွာ ရှည်သွားမည်ဖြစ်ပါကြောင်း၊ နည်းပညာအရ 11 KV လိုင်းကိုဝန်အားများများ သုံးမည်ဆိုပါက ၇ မိုင်၊ ၈ မိုင်တည်ဆောက်မှသာ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေး၊ ဗို့အားတည်ငြိမ်မှန်ကန်ရေးတို့နှင့် ကိုက်ညီမှာ ဖြစ်ပါကြောင်း၊ ယခုတင်ပြသကဲ့သို့တည်ဆောက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားရရှိနိုင်သော်လည်း ဗို့အားအထူးကျဆုံးခြင်းနှင့် Losses အထူးများပြားခြင်းကို ကာလကြာရှည်ကြုံတွေ့ ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် 11 KV လိုင်းကို၎င်းပမာဏအထိတည်ဆောက်ရန် နည်းပညာအရသင့်တော်မှုမရှိပါကြောင်း၊ ဒရယ်မီးလမ်းဆုံမှ ၁၁ မိုင် အကွာတွင်ရှိသည့် ဗျက်ကြီးကျေးရွာကိုမူလ 33 KV ဓာတ်အားခွဲရုံမှ 33 KV ဓာတ်အားလိုင်းကိုတည်ဆောက်ပြီးဗျက်ကြီးကျေးရွာတွင် 33/11 KV 5 MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်မှသာ၎င်းကျေးရွာအနီးရှိကျေးရွာများထံသို့နောက်ထပ် 11 KV လိုင်းများကို နည်းပညာအရ သင့်တော်သော ၅ မိုင်၊ ၆ မိုင်၊ ၈ မိုင်ဝန်းကျင်ပတ်လည်ဖြင့် တည်ဆောက်ပြီး၊ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နည်းပညာအရပိုပြီး နိုင်ငံအတွက် သင့်လျော်မှန်ကန်သည့် နည်းလမ်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒိုက်ဦးဓာတ်အားခွဲရုံမှ ဗျက်ကြီးကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက်ခြင်းနှင့် ဗျက်ကြီးကျေးရွာမှာ 5 MVA ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရန်အတွက် မိမိတို့ဌာနမှနောင်လာမည့် ငါးနှစ်စီမံကိန်းအတွင်းမှာ၂၀၂၀-၂၁ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ဘတ်ဂျက်လျာထားတောင်းခံရန် စီစဉ်ထားရှိပြီးအကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ဆောင်ရွက်နိုင်မည်ဆိုပါက ၎င်းအနီးရှိသည့် ကျေးရွာပေါင်း ၄၉ ရွာခန့်ကို 11 KV လိုင်းများနှင့် ဆက်လက်ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် သက်ဆိုင်ရာပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့်ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။
