(စ)-မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူ လယ်သမားများကိုချေးသော စိုက်ပျိုးစရိတ် ချေးငွေ များမှ မိုးသီးနှံချေးငွေ၊ ဆောင်းသီးနှံချေးငွေနှင့် နွေ စပါးအတွက် ချေးငွေသက်တမ်းကာလ တစ်နှစ်အ ထိ ချေးထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၁၀.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

uayeမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  စိုက်စရိတ်ချေးငွေများကို ချေးသည့်နေရာတွင် မိုးသီးနှံချေးငွေကို ဇူလိုင်လမှစတင်ချေးပြီး ဧပြီလ ၁၅ ရက်နေ့တွင် ပြန်ဆပ်ရပါကြောင်း၊ ဧပြီလ ၁၅ ရက်နှေ့ မဆပ်နိုင်ပါက  အတိုး ၁၀၀ နှုန်းပေးရပြီး ဇွန်လအကုန်တွင် နောက်ဆုံးထားပြီး ဆပ်ရပါကြောင်း၊ ၎င်းချေးငွေ၏သက်တမ်းသည် ကိုးလခွဲရှိပါကြောင်း၊ အတိုး ၁၀၀ နှုန်းဖြင့်ဆိုပါက ၁၁ လ ရှိပါကြောင်း၊ ဆောင်းသီးနှံ ချေးငွေကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် စတင်ချေးပြီး ဇွန်လတွင် နောက်ဆုံးဆပ်ရပါကြောင်း၊ ထို့ကြောင့်ချေးငွေနှစ်ခုကို ဇွန်လကုန်တွင် ပေါင်းပြီး ဆပ်ရသလိုဖြစ်နေသဖြင့် လယ်သမားများ၏ ငွေရေးကြေးရေးမှာ အခက်အခဲအရမ်းဖြစ်နေပါကြောင်း၊ ခက်ခဲသည့်လ ဖြစ်သည့်အတွက် မရရသည့်နည်းဖြင့် ငွေကြေးများကို ရှာဖွေရသည့်အခါ အတိုးကြီးကြီးပေးပြီး ယူနေရတာကို တွေ့ရပါကြောင်း၊ ၂၃-၅-၂၀၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဗဟိုဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေအတွက် ဘီလီယံ ၅၀၀ ချေးယူရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးသည့် ချေးငွေသက်တမ်းကာလသည် တစ်နှစ်ဖြစ်သည်ဟု ပြောကြားထားပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာန မှ ပြောင်းသွားပါကြောင်း၊ ထို့ကြောင့်  တောင်သူလယ်သမားများ၏ အခက်အခဲများ ပြေလည်နိုင်ရန်အတွက် မိုးသီးနှံ ချေးငွေကို ဇူလိုင်လတွင် စတင်ချေးပြီး  နောက်ဆုံးပြန်ဆပ်ရမယ့်ကာလကို နောက်နှစ် ဇွန်လအထိ လည်းကောင်း၊ ဆောင်းသီးနှံနှင့် နွေစပါးချေးငွေကို ဒီဇင်ဘာလတွင် စတင်ချေးသည့်အတွက် ပြန်ဆပ်ရမည့် ကာလကို နောက်နှစ်နိုဝင်ဘာလအထိလည်းကောင်း ချေးငွေသက်တမ်းကာလကို တစ်နှစ်သက်တမ်း ချေးပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

umgမေလမှ စက်တင်ဘာလအတွင်း မိုးချေးငွေ များကို ထုတ်ချေး၍ အောက်တိုဘာလမှ ဇန်နဝါရီလကို ဆောင်းချေးငွေ၊ ဇန်နဝါရီလ မှ မတ်လအတွင်းကို မိုးကြိုချေးငွေဆိုပြီး ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်ဖို့အတွက် မိုးချေးငွေကို ငွေချေးသည့်နှစ်၏ နောက်နှစ် ဧပြီလ ၁၅ ရက် နောက်ဆုံး၊ ဆောင်းချေးငွေကို နောက်နှစ်ဇွန်လကုန် နှင့် မိုးကြိုချေးငွေကို နောက်နှစ် ဖေဖော်ဝါရီ လကုန် နောက်ဆုံးထားပြီး ပေးဆပ်ရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေကို အဓိကအားဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ကို အဓိကသုံးစွဲနိုင်စေ ရန်ရည်ရွယ်ပြီး ရာသီအလိုက် ချေးငွေ(Seasonal Loan)များ ဖြစ်ပါကြောင်း၊ ငွေချေးမည့်ကာလ၊ ပေးဆပ်သည့်ကာလများသည် လုပ်ငန်းစတင်ဆောင်ရွက်သည့်အချိန်၊ သီးနှံပေါ်ပြီး သီးနှံများ ရောင်းချ မည့်အချိန်များကို တွက်ပြီးရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ယခင်ကလည်း ယခုလိုအဆင့်ဆင့် ဆောင်ရွက်ခဲ့ပါကြောင်း၊  မိုးချေးငွေများကို ပြန်လည်ပေးဆပ်ရန်နောက်ဆုံးရက်ကို ငွေချေးသည့်နှစ်၏ နောက်နှစ် ဧပြီလ ၁၅ ရက်ဟု သတ်မှတ်ထားရခြင်းမှ မိုးစပါးသီးနှံများသည် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များတွင် သီးနှံပေါ်ရိတ်သိမ်းပြီးနောက် ဈေးကောင်း ရရှိနိုင်မည့်အချိန်ကာလကို ရည်မှန်း သတ်မှတ် ပေးထားခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမား လက်ဝယ်တွင် သီးနှံနှင့် ငွေမရှိသည့်အချိန် ကောက်မည်ဆိုပါက ဘဏ်ချေးငွေများအတွက် ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် အခြေအနေ ဖြစ်ပါ ကြောင်း၊ ၎င်းအပြင် မိုးချေးငွေအသစ်ကို မေလ တွင်ပြန်ပြီး ထုတ်ချေးရမည်ဖြစ်သည့် အတွက် အသစ်ထုတ်မချေးခင် အဟောင်းကို အချိန်မီဆပ်သည့် ရည်ရွယ်ချက်လည်း ပါဝင်ပါကြောင်း၊

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် အများပြည်သူ အပ်ငွေလက်ခံသည့် ဘဏ်မဟုတ်သည့်အတွက် ချေးငွေထုတ်ချေးရန်လိုအပ်သည့်ရန်ပုံငွေကို မြန်မာ့စီးပွားရေး ဘဏ်မှ ကာလအလိုက်ကို  နှစ်ချင်းဆပ်ချေးငွေအဖြစ် ရယူရပါကြောင်း၊ ပေးဆပ်ချိန်ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သည် မြန်မာ့စီးပွားရေးဘဏ်ကို သုံးလတစ်ကြိမ် ကျသင့်သည့် အတိုးများကို  ပေးရပါကြောင်း၊ ၂၀၁၆ ခုနှစ် မိုးချေးငွေကို နောက်ဆုံး ပြန်လည်ပေးဆပ်ရန်ကာလ ကို ၁၅-၄-၂၀၁၇ ရက် ဟု သတ်မှတ်ထားသော်လည်း ဧပြီလကုန်အထိ ပေးဆပ်မှုအနေအထား ၅၆ ရာခိုင်နှုန်းသာ ရရှိပြီး ဇွန်လကုန်အထိ ကောက်ခံမှသာ ၈၂ ရာခိုင်နှုန်းကို ပြန်လည်ကောက်ခံရရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ကို အချိန်စေ့ပြီး ငွေမကျေမဆပ်နိုင်ပါက မြန်မာ့ စီးပွားရေးဘဏ်မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ချေးငွေထပ်မံခွင့်ပြုပေးရန် အခက်အခဲ ရှိပါ ကြောင်း၊ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ပေးနေ သည့် ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ရရှိမှသာ နှစ်စဉ်ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေများ လည်ပတ်နေခြင်းဖြစ်ပါကြောင်း၊ ၃-၈-၂၀၁၇ ရက်နေ့အထိ တောင်သူလယ်သမားများထံမှ ပေးဆပ်ရန် ကျန်နေသည့် ကြွေးကျန်များကို နှစ်အလိုက် ဖော်ပြထားပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ် ဆောင်း၊ မိုးကြို၊ မိုး ချေးငွေကျန် စုစုပေါင်းလိုက်ပါက  ကျပ်ဘီလံယံပေါင်း ၂၉၂.၇၄၆ ဘီလီယံ ကျန်ရှိနေကြောင်းနှင့် မိမိတို့  စောင့်ဆိုင်းကောက်ခံလျက်ရှိပါကြောင်း၊၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အထိ ချေးငွေတွေကို သတ်မှတ်ကာလအတွင်းမှာ အချိန်မီပေးဆပ်နိုင်ခဲ့ကြသော်လည်းပဲ ၂၀၁၂ ခုနှစ် မိုးရာသီမှစပြီး ချေးငွေနှုန်းထားများ တိုးမြှင့်ချေးပေးတာနှင့်အမျှ ပေးဆပ်ရန်ပျက်ကွက်မှုများ တစ်စ တစ်စတွေ့လာ ပါကြောင်း၊ လက်ရှိချေးငွေပေးဆပ်နေသည့်ကာလကို သတ်မှတ်ထားသည့် အနေ အထားသည် သင့်လျော်ပါကြောင်းနှင့် တစ်နှစ်ပြည့်အောင် ပြင်ဆင်ရမည်ဆိုပါက မိမိတို့ဘက်တွင် အခက်အခဲရှိပါကြောင်း၊သက်တမ်းတိုးမြှင့်ပေးရန် လောလောဆယ်အစီ အစဉ်မရှိသေးပါကြောင်းနှင့် လယ်သမားများအတွက် အခြားသော ချေးငွေရရှိနိုင်မည့် နည်းလမ်းများကို တိုးချဲ့ဆောင်ရွက် ပေး လျက် ရှိပါကြောင်း ဖြေကြားပါသည်။

ဦးအေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ယခုချေးငွေနှစ်ခုကို ဇွန်လတွင် ပြန်ဆပ်သလို ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဆောင်းသီးနှံနှင့် မိုးသီးနှံ ချေးငွေများ ချေးပြီးသည့်တစ်လကွာ တွင် ဆောင်းသီးနှံချေးငွေကို  ဆပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း

မိုးချေးငွေ ကို ဧပြီလ ၁၅ ရက်နေ့ကို နောက်ဆုံးထား သတ်မှတ်ပြီး ဆောင်းချေးငွေကို ဇွန်လကုန်ဟု သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ ဆောင်းချေးငွေသည် မိုးချေးငွေလောက် ပမာဏအများကြီး မရှိပါကြောင်း၊ ဆောင်းချေးငွေနှင်‌့ပတ်သက်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ပြန်လည်ပြီးစိစစ် ညှိနှိုင်းပြီး ရရှိနိုင်မည်ဆိုပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။