စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ Myanmar Livestock Statistics ၂၀၁၅-၂၀၁၆ ပါ စာရင်းများအရ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် နွားမွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၁၆.၅၀၆၆၊ ဆိတ်မွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၇.၀၉၊ ဝက်မွေးမြူထားရှိမှုအနေဖြင့် အကောင်ရေသန်းပေါင်း ၁၆.၃၄၁၈ မွေးမြူထားရှိသည်ဟုလည်းကောင်း၊ အသားထုတ်လုပ်မှုအနေဖြင့် ပိဿာသန်းပေါင်း ၁၈၁၁.၉၄၂၊ ဥထုတ်လုပ်မှုအနေဖြင့် အလုံးရေသန်းပေါင်း ၁၁၅၆၃.၃၃၇၊ နို့ထုတ်လုပ်မှုအနေဖြင့် ပိဿာ သန်းပေါင်း ၁၄၅၅.၀၄၅ ထုတ်လုပ်နိုင်သည်ဟုလည်းကောင်းသိရှိရပါကြောင်း၊ မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေးထုတ်ကုန်ဖြစ်သော အသား၊ နို့နှင့် ဥ များကို စစ်ဆေး နိုင်ရန် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဓာတ်ခွဲခန်း များကို အဓိကအားထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်အစားအစာနှင့် ဆေးဝါးသုတေသနဓာတ်ခွဲခန်း များကို အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါကြောင်း၊ တောင်ကြီး၊ ပုသိမ်၊ ကျိုင်းတုံ၊ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနားမြို့များတွင် ဒေသဆိုင်ရာ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများအဖြစ် လည်းကောင်း၊ မကွေးမြို့၊ မုံရွာမြို့၊ ကလေးမြို့၊ ဘားအံမြို့၊ မော်လမြိုင် မြို့နှင့် မြဝတီမြို့များတွင်လည်း တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေသည်ကို သိရှိရပါကြောင်း၊ တိရစ္ဆာန်ရောဂါများကို ရှာဖွေဖော် ထုတ်ပေးနိုင်ခြင်းသည် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံ သာမက ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးနေခြင်းလည်းဖြစ်ပါကြောင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၄၅/၉၉) အခန်း(၅)တွင် အများ ပြည်သူများစားသုံးရန် သတ်ဖြတ်မည့်တိရစ္ဆာန်၏ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသားစစ်ဆေးခြင်း တွင် သတ်ဖြတ်ပြီးသော တိရစ္ဆာန်၏အသားနှင့် အစိတ်အပိုင်းတစ်ခုခုတွင် ကူးစက်ရောဂါနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါပိုးကင်းရှင်းမှု ရှိ/မရှိကို ဦးစီးဌာနတာဝန်ရှိဝန်ထမ်း၏ စစ်ဆေးမှုကို ခံယူရမည်။ ဦးစီးဌာနတာဝန်ရှိဝန်ထမ်းက ထုတ်ပေးသည့် ကူးစက်ရောဂါနှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်ရရှိမှသာ အများ ပြည်သူများ စားသုံးရန် ဖြန့်ဖြူးရောင်းချရမည်လို့ ပါရှိပါကြောင်း၊
တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဖြေများကို ရယူဆောင်ရွက်မှသာ ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေမှာ ဖြစ်ပါကြောင်း၊ စီးပွားဖြစ်မွေးမြူထားသော နို့စားနွားများနှင့် တစ်ပိုင် တစ်နိုင်မွေးမြူ ထားသော နို့စားနွားများကိုလည်း လူကိုကူးစက်နိုင်သောရောဂါများ ကင်းရှင်း ကြောင်း စစ်ဆေးပေးရမည်ဖြစ်ပါကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတွင် ပဋိဇီဝ ဆေးများ၊ ဓာတုဓာတ်ကြွင်းများ ကြွင်းကျန်ခြင်းရှိ/မရှိနှင့် စားသုံးရန် သင့်/မသင့်ကိုလည်း ပြည်သူများ သိရှိစေရန် ဓာတ်ခွဲခန်းအဖြေ များကို ရယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူ ကူးစက်ရောဂါနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရောဂါ ကင်းရှင်းခြင်းရှိ/မရှိကို တာဝန်ယူစစ်ဆေးရာတွင်လည်း တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း အဖြေများကို မဖြစ်မနေ ရယူဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် မွေးမြူရေးထုတ်ကုန် ဖြစ်သော အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများတွင် တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်နိုင်သောရောဂါများ စစ်ဆေးပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့် ရောဂါများ စစ်ဆေးဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားပါသည်။
မိမိတို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ စားသုံးနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ တိရစ္ဆာန် များအား ကုသခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မွေးမြူရေး နည်းပညာများဖြန့်ဝေခြင်းနှင့် မျိုးရိုးဗီဇမြှင့်တင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင်လည်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရန် ကျွဲ၊ နွားလည် ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ခွာနာလျှာနာရောဂါ၊ အများအတွက်နဲ့ ဝက်ဝမ်းကျရောဂါ၊ ဝက်ခွာနာလျှာနာရောဂါ၊ ဆိတ်နှင့် ဆင်ဒေါင့်သန်းရောဂါ၊ အပူဒဏ်ခံကြက် လည်လိမ်ရောဂါကာကွယ်ဆေးများ၊ ကျွဲ၊ နွားသားလျှောရောဂါ စမ်းသပ်ဆေး များကို ထုတ်လုပ်ပြီး ကာကွယ်ကုသခြင်းနှင့် စီးပွားဖြစ်တိရစ္ဆာန်များမှာ ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် အိမ်မွေး တိရစ္ဆာန်များရောဂါကာကွယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှာ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများအဖြစ် ရန်ကုန်နှင့် ပြင်ဦးလွင်မြို့များတွင် ရှိပါကြောင်း၊
တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပုသိမ်၊ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ မုံရွာ၊ မကွေးနှင့် တိရစ္ဆာန်အစားအစာနှင့် ဆေးဝါး သုတေသနဌာနစိတ်(ရန်ကုန်)တို့ကို ဖွင့်လှစ်ထားပြီး တိရစ္ဆာန်ရောဂါများ ရှာဖွေပေးခြင်းနှင့် တိရစ္ဆာန်အစာနှင့် ဆေးဝါးများ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိရစ္ဆာန် ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းတွင်လည်း တိရစ္ဆာန်များမှ လူကိုကူးစက်နိုင်သော ရောဂါများ ဖြစ်သည့် ခွေးရူး ရောဂါ၊ ဒေါင့်သန်းရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ သားလျောရောဂါ၊ တီဘီရောဂါ၊ ကပ်ပါး သံကောင်ရောဂါတို့နှင့် အခြားကူးစက်ရောဂါတို့ကို စစ်ဆေးခြင်း၊ ကုသမှုအတွက် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မွေးမြူရေးထုတ်ကုန်များ ဖြစ်သော အသား၊ ငါး၊ ဥနှင့် နို့ထွက် ပစ္စည်းများကနေ လူမှာအစာ အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သည့် ရောဂါပိုးများဖြစ်သော E-coli၊ Camphylobactor၊ Salmonella ၊ Staphylococcus၊ Clostridiumနှင့် မှိုဆိပ်(Aflatoxin) စစ်ဆေးခြင်းနှင့် ကြက်ဥ၊ ဘဲဥများကို အတုအစစ်ခွဲခြားခြင်းတို့ကို စစ်ဆေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ထို့ကြောင့် မွေးမြူရေးထုတ်ကုန်များဖြစ်သော အသား၊ ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းများတွင် FAO, နယူးဇီလန်အစိုးရနှင့် အောက်စဖိုဒ်တက္ကသိုလ်တို့၏ အထောက်အပံ့ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာမင်းသိန်း(ရေဦး)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကူးစက်ရောဂါများတွင် လူကိုကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေးရောဂါများကို မိမိတို့နိုင်ငံတွင် စစ်ဆေးပေးနိုင်ခြင်းရှိ/မရှိနှင့် စစ်ဆေးပေးခဲ့ပါက အချိန် မည်မျှကြာမြင့်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
ယခုမေးခွန်းနှင့်စပ်လျဉ်း၍ အသေးစိတ်ကို စာနှင့်ရေးသားပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
