(ဂ)-တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ အသုံးပြု ခွင့်ပေးထားသည့်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အားမည်သည့်အချိန်တွင် မြေခွန်ကောက်ခံမည်နှင့် ကောက်ခံမည့်အစီအစဉ်များမည်သို့ဆောင်ရွက်ထား သည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၇.၁၀.၂၀၁၇)

daw khin sandiတနင်္သာရီတိုင်းဒေသကြီးတွင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်း မြေလွတ်၊ မြေလပ်ဧက ၅၈၀၀၀ ကျော်ကို လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအား စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် အသုံးပြုခွင့်ပေးခဲ့ပြီး စိုက်ပျိုးသီးနှံများအဖြစ် သီဟိုရ်၊ ရာဘာ၊ ဆီအုန်းစသည့် နှစ်ရှည်ပင်များစိုက်ပျိုးခဲ့ပြီး မြေဧက ၂၅၀၀၀၀ ကျော်ကို အသုံးပြုခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးမလုပ်ကိုင်သေးသည့် မြေလွတ်၊ မြေရိုင်းဧက ၃၃၀၀၀၀ ကျော် ကျန်ရှိနေ ပါကြောင်း၊ အသုံးပြုခွင့်ရထားသည့်မြေများမှ ၁၈၃၈၉၈.၁၄ ဧကကို ဗဟိုအဖွဲ့မှ လည်းကောင်း၊ ၄၄၇၀၀၀ ကျော်ကို ဒေသအာဏာပိုင်အဖွဲ့မှလည်းကောင်း၊ ၅၀၀၀ ဧကကို ဝန်ကြီးဌာနမှ လည်းကောင်း၊ ၆၅၉၁ ဧကကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်းကောင်း အသီးသီး ခွင့်ပြုမိန့်ချပေးခဲ့ပါကြောင်း၊

မြေလွတ်၊ မြေလပ်နှင့်ပတ်သက်၍ နောက်ဆုံးအတည်ပြုထားတဲ့ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၊ စီမံခန့်ခွဲရေးနည်းဥပဒေပုဒ်မ ၃၉ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ) တို့အရ မြေလွတ်၊ မြေရိုင်းများတွင် မြေခွန်ကင်းလွတ်ခွင့်ကာလကို စတင်ခွင့်ပြုသည့်နေ့မှစ၍ သီးနှံ အမျိုးအစားအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးမယ့်အချိန်ကို အတိအကျပြဋ္ဌာန်းပါရှိပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) ပြဋ္ဌာန်းချက်များမှာလည်း မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ရရှိသူမှ အသုံးပြုခွင့်ရရှိထားသော မြေများအတွက်  မြေခွန်ကို မြေခွန်ကင်းလွတ်ခွင့်ကာလကုန်ဆုံးသည့်နေ့ရက်မှစ၍ သီးနှံ အမျိုးအစား အလိုက်၊ လုပ်ငန်း အမျိုးအစားအလိုက် တစ်နှစ်လျှင်တစ်ကြိမ် သတ်မှတ်နှုန်း ထားအတိုင်း မြေခွန်ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနမှလည်း စည်းကြပ်ကောက်ခံရမည် ဟု အတိအကျ ပြဋ္ဌာန်းပါရှိပါကြောင်း၊ အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊ မြေရိုင်းများသည် ကင်းလွတ်ခွင့် ကာလကုန်ဆုံးနေပြီဖြစ်သော်လည်း အခွန်စည်းကြပ်ကောက်ခံထားခြင်း မရှိသေး ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင်‌့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ဃ)အရ မိမိလုပ်ကိုင်ခွင့်ရရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကို အပြေအကျေပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပြီး နည်းဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခြင်းမှ ရရှိသော မြေခွန်အဖြစ် တတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်ရေး ပြဋ္ဌာန်းထားရှိသော်လည်း ယနေ့ အချိန်ထိ အခွန်စည်းကြပ်နိုင်ခြင်းမရှိသေးတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေများစွာ နစ်နာရသည် ကို တွေ့ရှိရပါသောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေးမြန်းရာ ဥပဒေနှင့်အညီ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားသည်ဟု သိရပါကြောင်း၊

၁၉၉၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ ရှိခဲ့ပြီး ထုတ်ပြန်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြေယာလုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးရန် လုပ်ထုံးလုပ်နည်းတစ်ရပ်ရှိခဲ့ပါကြောင်း၊ နောက်ဆုံးအတည်ပြုထားသည့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေမှာလည်း မြေခွန်နှင့် ပတ်သက၍ အတိအကျပြဋ္ဌာန်းထားသော်လည်း     တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသုံးပြုခွင့်ပေးထား သည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများအား မည်သည့်အချိန်တွင် မြေခွန်ကောက်ခံမည်နှင့် ကောက်ခံမည့်အစီအစဉ်များ မည်သို့ဆောင်ရွက်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

u hla kyawနိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြုပြီး စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း၊ အစိုးရမှခွင့်ပြုသည့်၊ ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အသုံးပြုခွင့် လုပ်ပိုင်ခွင့်များ ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊

ချထားဆောင်ရွက်သည့်အခါ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စုစုပေါင်း ဧရိယာဧက ၃.၈၉ သန်းခန့် ခွင့်ပြုချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အသုံးပြုဆောင်ရွက်ထားရှိမှုမှာ ဧက ကိုးသိန်း ခန့် ရှိပြီး ဆောင်ရွက်ရန်အတွက် ဧက သုံးသန်းခန့်ကျန်ရှိ နေသေးပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၈၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ထို့အတူ တနင်္သာရီတိုင်းဒေသကြီးတွင် စုစုပေါင်း ဧက ၅.၈၄ သိန်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားပြီးဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းထားသည့်၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေပုဒ်မ ၄၀ တွင်  ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအသုံးပြုခြင်းမှ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ထိထိရောက်ရောက်ကောက်ခံရရှိစေရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူမှ ယင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားတဲ့မြေများအတွက် မြေခွန်ကို သီးနှံအမျိုးအစားအလိုက်၊ လုပ်ငန်းအမျိုးအစား အလိုက် သတ်မှတ်ထားသော မြေခွန်ကင်းလွတ် ခွင့်ကာလကုန်ဆုံးတဲ့နေ့မှစ၍ တစ်နှစ်လျှင် တစ်ကြိမ် စည်းကြပ်ကောက်ခံရန် ညွှန်ကြားရမည်ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများမှ မြေခွန်တော် စည်းကြပ်ကောက်ခံနိုင်ရန်နှင့် ပတ်သက်ပြီး  ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အကြံပြုချက်၊ သဘော ထား မှတ်ချက်များကို တောင်းခံရရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ စီးပွားရေးရာ ကော်မတီအား  တင်ပြထားပြီး ဖြစ်ပါကြောင်း၊ စီးပွားရေးရာကော်မတီ၏ ဆုံးဖြတ်ချက်အရ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင်  ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၇)အား  တင်ပြအတည်ပြုချက် ရရှိပြီးဖြစ်ပါကြောင်း၊

မြေခွန်ကောက်ခံရာတွင် ကောက်ခံသူအရာရှိ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန များဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနများ၏ အကြံပြုချက် များကို တောင်ခံစုစည်းရရှိထားပြီး ဖြစ်ပါကြောင်း၊ အနီးဆုံး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးပြီး မြေခွန်ကောက်ခံရေးဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကောက်ခံရရှိနိုင်ရန် ဒီဇင်ဘာလအကုန်တွင် လုပ်ငန်းအား အပြီးသတ်ဆောင်ရွက်ပြီး ဇန်နဝါရီ အတွင်း လုပ်ထုံးလုပ်နည်း Process အရ ပြေစာရေးသားမှုကို ဆောင်ရွက်ရမှာ ဖြစ်ပါ ကြောင်း၊ ဆောင်ရွက်ပြီးလျှင် မတ်လအကုန်အပြီး ကောက်ခံသွား မည့်အခြေအနေများကို စီမံဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊

 သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးပြုခွင့်ပေးထားပြီး မြေခွန်ကောက်ခံထားမှုမရှိကြောင်း သိရသည့်အတွက် ကင်းလွတ်ခွင့် ကာလ ကုန်ဆုံးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ  လုပ်ကိုင်ခွင့်ရသူများကို  နည်းဥပဒေ ပုဒ်မ ၄၀ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မကုန်မီတွင် စတင် ကောက်ခံရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြား အပ်ပါသည်။