(ဂ)-ပြည်-တောင်ငူလမ်းမကြီးပေါ်ရှိစည်ပင်သာယာ ရုံးတည်ရှိရာ ပန်းခြံဟောင်းအား အများပြည်သူအ ပန်းဖြေနားနေနိုင်သော (Public Area) အဖြစ်ပြန် လည်သတ်မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆.၁၀.၂၀၁၇)

daw ni ni doonပေါက်ခေါင်းမြို့ အမှတ်(၅) ရပ်ကွက် ပြည်-တောင်ငူလမ်းမကြီးပေါ်ရှိ မြို့နယ်စည်ပင် သာယာအဖွဲ့ပိုင်မြေကို ရုံးမြေအဖြစ် သတ်မှတ်ပြီး ယနေ့တိုင်စည်ပင်သာယာရုံးအဖြစ် သုံးစွဲသတ်မှတ် ခဲ့ပါကြောင်း၊ ထိုနေရာသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရလက်ထက်မတိုင်မီ ဟိုယခင်ကပင် ခေတ်အဆက်ဆက် မြို့နယ်အားကစားကွင်းအဖြစ် သတ်မှတ်ခဲ့ပြီး ဘောလုံးအားကစားပြိုင်ပွဲများ မြို့နယ်အဆင့်အခြားအားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည့်နေရာလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် အားကစားကွင်းအဖြစ်မှ နန္ဒဝန်ပန်းခြံအဖြစ် ပြောင်းလဲခြင်းကို ခံခဲ့ရသည့်နေရာဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲပြီး မြို့နယ်စည်ပင် ရုံးခန်းနှင်‌့ ဝန်ထမ်း အိမ်ရာများ ဝင်ရောက်ဆောက်လုပ်ခဲ့ပါကြောင်း၊ ၎င်းနေရာသည် ၂ ဧကတိတိကျယ်ဝန်းပြီး ပေါက်ခေါင်းမြို့၏ အချက်အခြာကျသည့် နေရာတွင်တည်ရှိသည့်အတွက်  ပေါက်ခေါင်းမြို့နယ် ပြည်သူလူထု လွတ်လပ်စွာဝင်/ထွက်သွားလာ ဆော့ကစားအပန်းဖြေနိုင်သည့်‌(Public Area) အဖြစ်သာ အသုံးပြုသင်‌့သည့်နေရာတစ်နေရာဖြစ်ပါကြောင်း၊   သို့ဖြစ်ပါ၍ ပေါက်ခေါင်းမြို့ အမှတ်(၅) ရပ်ကွက် ပြည်-တောင်ငူလမ်းမကြီးပေါ်ရှိ စည်ပင်သာယာရုံးတည်ရှိရာ ပန်းခြံ အဟောင်းကို အများပြည်သူ လွတ်လပ်စွာ ဝင်/ထွက်သွားလာ အပန်းဖြေဆော့ကစားနိုင်သော (Public Area) အဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

genl aung soeပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ယခင်ပန်းခြံဟောင်းနေရာ ပြည်-တောင်ငူလမ်း နှင့် ၁၀ ခန့်အကွာ အမှတ်(၅)ရပ်ကွက်ရှိ ကွင်းအမှတ် (၆၉၆) ကွင်းအမည် ပေါက်ခေါင်းမြောက် ဦးပိုင်အမှတ်(၈၀) ဧရိယာ ၂ ဧကရှိပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လက်ရှိပိုင်ဆိုင်ခွင့်ရှိသော မြေအဖြစ်ပိုင်ဆိုင်မှု စာရင်း ၁(က)တွင် မှတ်တမ်းတင် ထားရှိပါကြောင်း၊ ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အဖြစ် အသုံးပြုနေသော ပန်းခြံဟောင်း နေရာတွင် ကာလတန်ဖိုး သိန်း ၁၅၀ ခန့်ရှိ ရုံးအဆောက်အဦ တစ်လုံး၊ သိန်း ၄၀ ခန့်ရှိ ကားဂိုဒေါင် နှစ်လုံး၊ သိန်း ၁၀၃ သိန်းခန့်ရှိ မြို့နယ်မီးဘေးအန္တရာယ်အတွက် အထောက်အကူဖြစ်စေမည့် ရေတွင်း၊ ရေစက်၊ ရေစင်တစ်ခု ၊ ကာလတန်ဖိုး ၃ သိန်းခန့်ရှိ နွေရာသီပန်းအလှပင်များ ရေလောင်း ရန်အတွက် အဝီစိတွင်းတစ်တွင်းနှင့် ရေစင်တစ်ခု၊ ကာလတန်ဖိုး ၃၈ သိန်းခန့်ရှိ  မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ ရုံးအဆောက်အဦ၊ ကာလတန်ဖိုး ၆၆ သိန်းခန့်ရှိ အမှုဆောင်အရာရှိ နေထိုင်ရန်အဆောက်အဦ၊ ကာလတန်ဖိုး ၆ သိန်းခန့် တာဝန်ခံအင်ဂျင်နီယာနေထိုင်ရန် အဆောက် အဦ၊ ကာလတန်ဖိုး ၃၀ ခန့်ရှိ ပျိုးဥယျာဉ်နှစ်ခုနှင့် ကာလတန်ဖိုး ၂၇ သိန်းခန့်ရှိသည့် ခြံစည်းရုံးကာရံ ထားပြီး စုစုပေါင်းကာလတန်ဖိုး ၄၈၃ သိန်း အကုန်အကျခံဆောင်ရွက်ထားရှိပါကြောင်း၊ ပေါက်ခေါင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင်‌့ မြို့ခံလူထု၏ တောင်းဆိုချက်အရ မြို့နယ်စည်ပင် သာယာရေးရုံးနှင်‌့ အဆောက်အဦ ခြောက်လုံးကို ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်းနှင်‌့ ဘတ်ဂျက်နှင်‌့ မြေနေရာအပေါ်မူတည်ပြီး အချိန်ပေးဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပေါက်ခေါင်းမြို့ အမှတ်(၅)ရပ်ကွက် ပြည်-တောင်ငူလမ်းမကြီးပေါ်ရှိ စည်ပင် သာယာရုံးတည်ရှိရာ ပန်းခြံအဟောင်းအား အများပြည်သူ အပန်းဖြေနားနေဆော့ကစားနိုင်သော (Public Area) အဖြစ် ပြန်လည်သတ်မှတ်ပေးရန် မြို့ခံလူထု၏ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်ပေး မည်ဖြစ်ပြီး မြေနေရာနှင့်ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ အချိန်ယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။