(ခ)-နိုင်ငံတော်သမ္မတ၏ပညာသင်ဆုနှင့်ပတ်သက် သည့် လုပ်ငန်းစဉ်များအား မည်ကဲ့သို့စီမံခန့်ခွဲပြီး အများပြည်သူသိရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် ပတ်သက်၍သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ (၂၀.၁၀.၂၀၁၇)

dr hla moeယခုအချိန်သည် ပညာရေးပြုပြင်ပြောင်းလဲမှုကို အားကြိုးမာန်တက်ဆောင်ရွက်နေသည့်အချိန် ဖြစ်သည့် အတွက် ပညာရေးအသုံးစရိတ်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာနကို ဘီလီယံ ၁၇၀၀ ကျော် လျာထားသတ်မှတ်ချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက Citizen Budget စာအုပ်ထဲတွင် ပညာရေးနှင့်ပတ်သက်ပြီး အသုံးစရိတ်ကို (က) နိုင်ငံတော်သမ္မတပညာသင်ဆုအဖြစ် ၁၁.၆ ဘီလီယံလျာထား ဖော်ပြထားပါကြောင်း၊ (ခ) အဆင့်မြင့်ပညာအတွက် ပညာသင်ဆုက ၉.၇ ဘီလီယံလျာထားပါကြောင်း၊ အခြေခံပညာ ပညာသင် ဆုအတွက် နှစ်ဘီလီယံ လျာထားပါကြောင်း၊ ဂျပန်နိုင်ငံကထောက်ပံ့သော JICE လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှု ပညာသင်ဆု JDS က ၆.၉ ဘီလီယံဟု ဖော်ပြထားပါကြောင်း၊ အခြေခံပညာ၊အဆင့်မြင့်ပညာနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် ပညာသင်ဆုသီးသန့်ရှိပြီး နိုင်ငံတော်သမ္မတပညာသင်ဆုကို ၁၁.၆ ဘီလီယံ လျာထားပါကြောင်း၊

 ပညာရေးတိုးတက်မှုအတွက် ပညာရေးလိုလားသူများအား ပညာသင်ဆုချီးမြှင့်ခြင်းသည် အလွန် ကောင်းမွန်သောအချက် ဖြစ်ပါကြောင်း၊ ပညာကိုလိုလားသူ၊ သင်ယူလို သူတိုင်းအတွက် ပညာသင်ဆုသည် ဂုဏ်ယူစွာမက်မောပါကြောင်း၊ ထို့ကြောင့် ပညာသင်ဆုကို ပြည်တွင်းက ထောက်ပံ့ပြီးပေးနေသော အဖွဲ့အစည်းများရှိသကဲ့သို့ နိုင်ငံတကာက ပညာသင်ဆုထောက်ပံ့ပေးနေခြင်းများလည်း ရှိပါကြောင်း၊ ဥပမာ နိုင်ငံတကာတွင် ဂျာမနီနိုင်ငံက DAD ပညာသင်ဆု၊ ဂျပန်နိုင်ငံက ပညာသင်ဆု၊ ကိုရီးယားနိုင်ငံက ပညာသင်ဆု၊ တရုတ်နိုင်ငံတို့ကပေးသော ပညာသင်ဆုများ လွန်ခဲ့သောနှစ်ပေါင်းမြောက်မြားစွာကတည်း က ပေးခဲ့သော်လည်း လွန်ခဲ့သော ၁၅ နှစ် ခန့်ကာလအတွင်း အဆိုပါပညာသင်ဆုကို ဝန်ကြီးဌာန အသီးသီး၏ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် အချိန်မီဦးရေပြည့်အောင် မစေလွှတ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံ အတွက် များစွာနစ်နာခဲ့ရပါကြောင်း၊ နိုင်ငံတကာက ပေးအပ်နေသောပညာသင်ဆုကို အချိန်မီ မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

 နိုင်ငံတော်သမ္မတပညာသင်ဆုကို ပထမအကြိမ်လွှတ်တော်သက်တမ်း အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသော်လည်း နိုင်ငံတော် သမ္မတပညာသင်ဆုနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ တိကျမှန်ကန်သော သတင်းအချက်အလက်များကို ရှင်းလင်းစွာဖော်ပြနိုင်ခြင်း မရှိသေးပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ ၁၁.၆ ဘီလီယံ ချီးမြှင့်မည်ကို ဖော်ပြထားပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်သမ္မတပညာသင်ဆုကို နိုင်ငံတော်၏ ပညာသင်ဆုအဖြစ် အမည်ပြောင်းသည်ဟု သိရှိရပါကြောင်း၊ ပညာရေး တိုးတက်မှုအတွက် နိုင်ငံတော် ပညာသင်ဆု ၁၁.၆ ဘီလီယံနှင့်ပတ်သက်ပြီး ပညာသင်ဆုပေးရာတွင် အမြောက်အမြားအသုံးပြုပြီး အဟောသိကံဖြစ်သွားမည်ကို စိုးရိမ်ပါကြောင်း၊ ပညာသင်ဆု လိုလားသူတိုင်းကို အမှန်တကယ် ရရှိစေလို သောကြောင့် ပညာသင်ဆုစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်ပညာရပ်နယ်ပယ်များကို ဦးစားပေးပြီး ပညာသင်ဆုပေးမည်နည်း၊ အခြေခံပညာ၊ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ပါရဂူ မည်သည့်အချိုးအစားဖြင့်ပေးမည်နည်း၊ ပညာသင်ဆုနှင့်ပတ်သက်ပြီး စေလွှတ်မည့် နိုင်ငံ၊တက္ကသိုလ် သတ်မှတ်ချက်ရှိသနည်း၊ ပညာသင်ဆု ရွေးချယ်ရာတွင် တိကျသောမူဝါ ဒကြိုတင်ထုတ်ပြန်ရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 u win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတပညာသင်ဆုကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစတင်ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ပညာသင်ဆု ရရှိသူပေါင်း ၁၁၇ ဦးရှိပါကြောင်း၊ ၁၁၇ ဦးအနက် ၃၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အစီအစဉ်ဖြင့်ပေးအပ်သော ပညာသင်ဆုများကို ပေးအပ်ခဲ့ပြီး ကျန်ရှိသော ၈၄ ဦးကို နိုင်ငံတော်သမ္မတပညာသင်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ရာတွင် ကျောင်းဝင်အကြို၊ ဘွဲ့ကြို သင်တန်းများတွင် တက်ရောက်ပြီး ကျောင်းဝင်ခွင့်မရရှိခဲ့သူတစ်ဦးသာ ရှိသည့် အတွက် ကျန် ၈၃ ဦးကို ပညာသင်ဆုရွေးခြယ်ခဲ့ပါကြောင်း၊ ပညာသင်ဆုရွေးချယ်ရာတွင် နိုင်ငံတော် သမ္မတပညာသင်ဆုလုပ်ငန်းအဖွဲ့မှ ပညာသင်ဆုများ၊ ကျောင်းသားကျောင်း သူများ၏ အမှန်ပေးရမည့် ပညာသင်အခကြေးငွေ (Tution Fees)၊ နိုင်ငံအလိုက် နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးအာမခံ ကြေးပေးသွင်းရန် လိုအပ်ချက်များကို စိစစ် စစ်ဆေးပြီးမှ ပေးချေခဲ့ရာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၃.၄၆၈ ဘီလီယံပေးချေခဲ့ရပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၎င်းကျောင်းသူ၊ ကျောင်းသားများကိုသာ ဆက်လက်ချီးမြှင့်ပါကြောင်း၊ မဟာတန်းမှ ပါရဂူတန်းများ သင်တန်းပြီးဆုံးသူ လေးဦးရှိခဲ့ပြီး ပညာဆက်လက်သင်ကြားနေသူ ကျောင်းသားကျောင်းသူ ၇၉ ဦး ကျန်ရှိပါကြောင်း၊ ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တက်ရောက်ဆဲ ကျောင်းသားကျောင်းသူ ၇၉ ဦးအတွက် ပညာသင်နှစ် တစ်နှစ်စာအတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေ စရိတ်အဖြစ် ကျပ်ငွေ ၄.၈၈၈ ဘီလီယံ လျာထား ခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်မှ လတ်တလောလိုအပ်နေသော အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ် များမှ လိုအပ်လျက်ရှိသော ဘာသာရပ်များအတွက် ဘွဲ့လွန် မဟာတန်း၊ ဘွဲ့လွန်ပါရဂူတန်းများကို ထူးချွန် သော ဆရာဆရာမများနှင့် ဝန်ထမ်းများကို နိုင်ငံတော်သမ္မတပညာသင်ဆုပေးအပ်ရန် ဝန်ထမ်း ၈၀ ဦးအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၆.၅၁၇ ဘီလီယံ လျာထားခဲ့ပါကြောင်း၊ ဘွဲ့လွန်မဟာတန်းနှင့် ဘွဲ့လွန်ပါရဂူတန်းများအတွက် နိုင်ငံ့ဝန်ထမ်းများကို စေလွှတ်မည့်အစီအစဉ်များကို နိုင်ငံတော်သမ္မတရုံးသို့ လမ်းညွှန်မှုခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် ၇၉ ဦးကို ဘွဲ့ကြိုမှ မဟာဘွဲ့ရသည်အထိ အဆင့်ဆင့် ဆက်လက် ပညာသင်ဆုပေးရမည့်အတွက် ကုန်ကျစရိတ်များစွာရှိပါကြောင်း၊ ဘွဲ့ကြိုအဆင့်မှ ဘွဲ့လွန် မဟာဘွဲ့အထိ နှစ်စဉ်ကျောင်းသားသစ်များခေါ်ယူနိုင်ရန် နိုင်ငံတော်ဘဏ္ဍာများစွာသုံးစွဲရမည် ဖြစ် ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရှိရင်းသင်ကြားနေသော ၇၉ ဦးအတွက်သာ အစအဆုံး ဘတ်ဂျက် လျာထားပြီး နောင်အသစ် လျာထားသောပညာသင်ဆုကို နိုင်ငံအတွက် လတ်တလောလိုအပ်သော ပညာရပ်အသစ်များအတွက် ဝန်ထမ်းများ၊ ဆရာဆရာမများကို ဦးစားပေးပြီး လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတပညာသင်ဆုအစား ယခုအခါ နိုင်ငံတော်ပညာသင်ဆုအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး နိုင်ငံတော်ပညာတော်သင်ဆုစိစစ်ရေးကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါကော်မတီတွင် ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြား သော ဝန်ကြီးဌာနများမှ စိုက်ပျိုးရေး၊ သစ်တော၊ ကျန်းမာရေး ဌာနများက အထူးလိုအပ်လျက်ရှိသောပညာတော်သင်များ စေလွှတ်နိုင်ရန် အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် နိုင်ငံတော်ပညာသင်ဆုလုပ်ငန်းအဖွဲ့လည်း သီးခြားဖွဲ့စည်းထားပါကြောင်း၊ အထူးလိုအပ်သော ဘာသာရပ်၊ မည့်သည့်တက္ကသိုလ်၊ မည့်သည်ဘာသာရပ်လည်း၊ ကျောင်းသားမည်မျှစသဖြင့် စိစစ်နိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြားသော ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အခြားသောတက္ကသိုလ်များအားလုံးက ပါမောက္ခချုပ်များကအဖွဲ့ဝင် အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ နိုင်ငံတော်ပညာသင်ဆုရွေးချယ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် နိုင်ငံတော်ပညာသင်ဆုရွေးချယ်ရေးစီမံချက် အသေးစိတ်အချက် အလက်များကို ဆက်စပ်ဝန်ကြီးဌာန များနှင့် ပေါင်းစပ်ပြုစုလျက်ရှိပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပညာသင်ဆုရွေးချယ်ရာတွင် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကဏ္ဍ ပေါင်းစုံမှ ပူးပေါင်းပါဝင်နိုင်မည့် အရည်အချင်းရှိသော လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်း လာစေရေးအတွက်ရည်ရွယ်ပြီး အဆိုပါပညာ သင်ကြားရာတွင် ပိုမိုစနစ်ကျစေရန် ပညာသင်လက်ခံမည့် နိုင်ငံတကာရှိတက္ကသိုလ်များနှင့် MOU အရင်ရေးထိုးဆောင်ရွက်ပြီးမှ နိုင်ငံတော်အတွက် လိုအပ်နေသော ပညာရပ်နယ်ပယ်များအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ပညာသင်ဆုအဖြစ် မဟာတန်းနှင့် ပါရဂူတန်း များကို စာချုပ်ချုပ်ဆိုဆက်လက်ဆောင်ရွက်စေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ အဓိက ကွာခြားချက်မှာ ယခင်ကမည်သူမဆို မည်သည့်အစီအစဉ်ဖြစ်ဖြစ်၊ မည်သည် တက္ကသိုလ်မဆို ပညာသင်ထောက်ပံ့နိုင်ရန် စီစဉ်ခဲ့သာ်လည်း ယခုအခါ နိုင်ငံတော်ပညာသင်ဆုအနေဖြင့် လိုအပ်လျက် ရှိသော ဆေးတက္ကသိုလ်များ၊ တိရစ္ဆာန်မွေးမြူရေးတက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် များ နိုင်ငံတော်၏အဆင့်မြင့်ပညာရေးကဏ္ဍတွင် လိုအပ်ချက်ကိုသာ ဦးစားပေးစိစစ်ပြီး နိုင်ငံတော် ပညာသင်ဆု အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး အသေးစိတ် စီမံချက်များ၊ လျှောက်ထားသူများအတွက် သတ်မှတ်ချက်များ၊ ရွေးချယ်ရေးမူများကို မိမိတို့ ပညာရေး ဝန်ကြီးဌာန၏ Official Website www.moe.org.mm တွင် ဖော်ပြထားပါကြောင်း၊ ရွေးချယ်ခံရသူ၏အမည်စာရင်းများကို အခါအားလျော်စွာ အစိုးရပိုင်သတင်းစာများတွင်  အချိန်နှင့် တစ်ပြေးညီ စသဖြင့် ကြေညာပေးပါကြောင်း၊ အများပြည်သူသိရှိနိုင်ပါစေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာလှမိုး(အောင်မြေသာစံ)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလက်ရှိပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည်မှာ နိုင်ငံတကာကို သွားရောက်သင်ယူသူများ အတွက်သာ ပညာသင်ဆုဖြစ်နေပါကြောင်း၊ ပြည်တွင်းတွင် အားကြိုးမာန်တက် ဆောင်ရွက်နေ သူ များစွာ ရှိပါကြောင်း၊ ပြည်တွင်းတက္ကသိုလ်အသီးသီးတွင် ကြိုးစားဆောင်ရွက်နေကြသူ များစွာရှိပါကြောင်း၊ နိုင်ငံတော်ပညာသင်ဆုထဲက ပြည်တွင်းရှိ တက္ကသိုလ်တွင် ထူးချွန်စွာဆောင်ရွက်နေ သူများအတွက် ပညာသင်ဆုပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆက်စပ်မေးခွန်း ဖြေကြားပါသည်။

မိမိတင်ပြသော ဘွဲ့ကြိုသင်တန်းများတွင် ပညာရည်ချွန်ဆုရှိပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးဆု ရှိပါ ကြောင်း၊ ယခု မိမိတို့ ပညာရည်ချွန်ဆုသည် တက္ကသိုလ်များတွင် ၁၀ ရာခိုင်နှုန်းခန့် ရောက်ရှိရ ရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းရှိ ကျောင်းသားကျောင်းသူများအတွက် ပညာသင် အခွင့်အလမ်းထောက်ပံ့နိုင်ရန် စီစဉ်ခြင်းဖြစ်ပါကြောင်း၊ အခြားသော ဆရာဆရာမများ၊ ဝန်ထမ်းများအတွက် အခွင့်အလမ်းက မိမိရှင်းလင်းတင်ပြရာတွင် ပါရှိပါကြောင်း၊ မိမိတို့ နိုင်ငံတကာတက္ကသိုလ်များနှင့် MOU များ ရေးထိုးရန်ကြိုးစားပါကြောင်း၊ MOU  ရေးထိုးရခြင်း၏ရည်ရွယ်ချက်က တက္ကသိုလ်များအနေဖြင့် Free Tution ပေးနိုင်မည်၊ ကျောင်းလခလွတ်ငြိမ်းခွင့်ပေးနိုင်မည်၊ ဒါမှမဟုတ် နေရာထိုင်ခင်း ထောက်ပံ့နိုင်မည်၊ သို့မဟုတ် ပေးသွင်းရသောစရိတ်စက၏ ရာခိုင်နှုန်းအချို့ကို လျှော့ပေးနိုင်မည်၊ သို့မဟုတ်  လုံးဝ လွတ်ငြိမ်းခွင့်ပြုမည်ကို မိမိတို့ ကြိုးစား၍ရရှိပါက Information Drop ဆောင်ရွက်ပါကြောင်း၊ တက္ကသိုလ်အသီးသီးက ဆရာဆရာမများသိရှိစေရန် မည့်သည့် တက္ကသိုလ်က မည်သို့သော အခွင့်အလမ်း ပေးရန် ရှိသည်၊ မည်ကဲ့သို့ DADT အဖွဲ့အစည်းက‌ ပညာသင်ဆုမည်မျှပေးရန် ရှိသည် စသည်တို့ကို လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း မိမိတို့ အသိပေးလေ့ရှိပါကြောင်း၊ လျှောက်ထား ဆောင်ရွက် နိုင်စေရန် အခွင့်အလမ်းများရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။