မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး မြို့ပြစီးပွားရေးအချက်အခြာဖြစ်သည့် ရန်ကုန်မြို့အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်နှင့် နေချင် စဖွယ်ရှိစေရန် မြို့၏အဆောက်အဦ၊ ယဉ်ကျေးမှုနှင့်သဘာဝ အမွေအနှစ်များကို ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့အား နေချင်စဖွယ် မြို့တော်ဖြစ်စေခြင်းသည် မြို့၏ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းနှင့် အရည်အချင်းရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာ ခရီးသွားများ၏ ဆွဲဆောင်မှုကို မြှင့်တင်ပေးနိုင်မည်လည်း ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် မြို့ပြစီမံမှုများနှင့် ခေတ်မီဖွံ့ဖြိုးမှုများကို ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းမှုများနှင့် ပေါင်းစပ်ပြီး အာရှ၏ သမိုင်းဝင်မြို့ရှုခင်းများထဲတွင် တစ်ခုဖြစ်လာနိုင်ပါကြောင်း၊
လှိုင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းရုံးခန်းဖြစ်ပါကြောင်း၊ ကိုလိုနီခေတ်ရှေ့ဟောင်း အဆောက်အဦတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၎င်း အဆောက်အဦကို ကျောင်းရုံးခန်းအဖြစ် အသုံးပြုလျက်ရှိသော်လည်း အပေါ်တွင် အမိုးများပေါက်ပြဲနေသည့်အတွက် အပေါ်ထပ်ကို အသုံးမပြုနိုင်ဘဲ အောက်ထပ်ကိုသာ ကျောင်းရုံးခန်းအဖြစ် အသုံးပြုထားရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ် (၆) ရပ်ကွက် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းရုံးခန်း အဖြစ် အသုံးပြုလျက်ရှိသည့် အဆောက်အဦအား ၁၉ ရာစု ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အဦ ဖြစ်ပါကြောင်း၊ ယခုအခါတွင် အခြားနိုင်ငံများနည်းတူ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက် အဦများကို သမိုင်းဝင်အမွေအနှစ်များအဖြစ် ထိန်းသိမ်းလျက်ရှိပါသဖြင့် ၎င်း အဆောက်အဦကို ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် လက်ရှိကျောင်းရုံးခန်းအဖြစ် အသုံးပြုလျက်ရှိသော အဆောက် အဦသည် ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကျား စံပြကျောင်းအနေဖြင့် ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပါကြောင်း၊ ယခင်တော်လှန်ရေး အစိုးရလက်ထက်တွင် တော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၃၁-၃-၁၉၆၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉) အရ ပြည်သူပိုင်အဖြစ် ထိန်းသိမ်းထားရှိခဲ့သည့်ကျောင်း ဖြစ်ပါကြောင်း၊ သက်တမ်းအားဖြင့် အနည်း ဆုံး နှစ် ၆၀ ခန့်ရှိသည့်အတွက် လက်ရှိအားဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၀၉ ဦး၊ ဆရာ/မ ၃၅ ဦးနှင့် စာသင်ဆောင်စုစုပေါင်း ခြောက်ဆောင်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ကျောင်းသင်ကြားရေးအတွက် အသုံးမပြုဘဲ ကျောင်းအုပ်ကြီးရုံးခန်းအဖြစ်သာ အသုံးပြုကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းအဆောက်အဦသည် ရှေးကိုလိုနီ လက် ထက်က ယဉ်ကျေးမှုအမွေအနှစ် လက်ရာမွန်ဖြစ်သည့်အတွက် မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း၊ အစီအစဉ်ထားရှိသည့် အတိုင်း ရှေးဟောင်းပုံစံလက်ရာများ မူလအတိုင်း ထိန်းသိမ်းနိုင်ရန် ပြန်လည်ပြုပြင်မွမ်းမံ ဆောင်ရွက်ခြင်းများအတွက် မြန်မာနိုင်ငံဗိသုကာ ပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမို့မို့လွင် ကိုယ်တိုင်ဦးဆောင်ပြီး ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊
အဓိကအားဖြင့် ဗိသုကာလက်ရာများ မပျက်စီးစေရေး ဗိသုကာပညာရှင်များ၏ အကူအညီဖြင့် ၎င်းတို့၏ လမ်းညွှန်မှုအတိုင်း ပြုပြင်ဆောင်ရွက်ရန် အစီအစဉ်ရှိသည့်အတွက်လည်း ၅-၆-၂၀၁၇ ရက်နေ့ တွင် ထိုအဆောက်အဦခန်းမအတွင်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး လှိုင်မြို့နယ်အမှတ် (၆) ရပ်ကွက်အတွင်း ဆောင်ရွက်မည့်အစီအစဉ်ကို အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးတို့ကိုပါ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
