ငါးနှင့် ပုစွန်ကဲ့သို့ ရေထွက်ပစ္စည်းများနှင့် ပတ်သက်၍ ရေချိုနှင့် ရေငန် နှစ်ပိုင်းထွက်ရှိသည့်အတွက် ကုန်းတွင်းပိုင်းအနေဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်များက ထွက်ရှိသော ရေချို ပုစွန်၊ ငါးနှင့် နိုင်ငံပိုင် ပင်လယ်နယ်နိမိတ်အတွင်းက ထွက်ရှိသော ရေငန်ငါး၊ ပုစွန်များ ရရှိနိုင်ပါကြောင်း၊ လက်ရှိကာလတွင် ရေချိုအပိုင်းအနေဖြင့် ပြည်သူများ၏ အသိပညာနည်းပါးမှု၊ မဆင်မခြင်ဖမ်းဆီးနေမှု၊ မှိုင်းခွဲခြင်း၊ ဆေးဝါးသုံးစွဲခြင်းများနှင့် ဝါယာရှောခ့်ရိုက်ခြင်းများကဲ့သို့ ဖမ်းဆီးခြင်းများကြောင့် ဂေဟစနစ်ပျက်ယွင်းပြီး ငါး၊ ပုစွန်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းရှားပါးလာသည်ကို တွေ့ရပါကြောင်း၊ အလားတူ နိုင်ငံပိုင်ပင်လယ်ပြင် နယ်နိမိတ်အတွင်း၌လည်း ငါးနှင့် ရေထွက်ပစ္စည်းများ တရားမဝင် ခိုးယူဖမ်းဆီးမှု၊ ခွင့်ပြုသတ်မှတ်ပေးထားသည့် ဖမ်းဆီးနည်းစနစ်၊ အသုံးပြုရမည့် ဖမ်းဆီးကိရိယာ၊ ဖမ်းဆီးကာလ၊ ဖမ်းဆီးခွင့်ပမာဏများနှင့်အညီ လိုက်နာမှုအားနည်းခြင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကြောင့် ဂေဟစနစ်ပျက်ယွင်းလာသော အခြေအနေများကြောင့် မြစ်ချောင်းအင်းအိုင်များ ခမ်းခြောက်မှု၊ ပျက်စီးလာမှု၊ ရေထုညစ်ညမ်းလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် ရေထွက်ပစ္စည်းများ တဖြည်းဖြည်း ပျက်စီးလျော့နည်းကျဆင်းပျောက်ဆုံးလာမည်ကို စိုးရိမ်ရပါကြောင်း၊ လူဦးရေတိုးပွားလာသည်နှင့်အမျှ လူသားများအတွက် မရှိမဖြစ် စားသုံးရန် လိုအပ်သော ငါး၊ ပုစွန်ကဲ့သို့ ရေထွက်ပစ္စည်းများ ရေရှည်မပျောက်မပျက် လျော့နည်းကျဆင်းမှုမဖြစ်လာစေရန် စနစ်တကျ သုတေသနပြု လေ့လာမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု စသည့် အစားထိုးဆောင်ရွက်ပေးမှုများ လုပ်ရန် လိုအပ်လာသည်ကို တွေ့ရပါကြောင်း၊ တစ်ဖက်ကလည်း လူသားများ၏ အလုပ်အကိုင်ရရှိမှု၊ ဆင်းရဲမှု လျှော့ချရေးအတွက်လည်း ရေရှည်အထောက်အကူပြုနိုင်ရန် လိုအပ်သည့်အတွက် ကုန်းတွင်းပိုင်း မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ရှင်သန်ပေါက်ဖွားကြသော ငါး၊ ပုစွန်များ ရှင်သန်ပေါက်ဖွားမှု လျော့နည်းကျဆင်းလာမှု အခြေအနေနှင့် နိုင်ငံပိုင်ပင်လယ်ပြင်အတွင်း ငါး၊ ပုစွန် အစရှိသော ရေသယံဇာတများ၏ သဘာဝအရ ဝင်/ထွက်သွားလာမှု၊ သဘာဝနှင့် ဖမ်းဆီးထုတ်လုပ်နိုင်မှု အခြေအနေ၊ ပြောင်းလဲလာမှုများအနေအထားကို သုတေသနပြု လေ့လာနိုင်မှုရှိ/မရှိနှင့် သုတေသနပြု လေ့လာတွေ့ရှိချက်များရှိလျှင်လည်း ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ သဘာဝရေချိုငါး၊ ပုစွန် တစ်နှစ်ထက်တစ်နှစ် လျော့နည်းပျောက်ဆုံးလာမှု မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေနှင့် ရေငန်ငါး၊ ပုစွန်များရေရှည်ထုတ်လုပ်နိုင်ရန်အတွက် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းနိုင်မည့် အစီအမံ သုတေသနပြုလေ့လာမှုများနှင့် ဖမ်းဆီးထုတ်လုပ်နေမှု အခြေအနေအပေါ် ထိန်းသိမ်းဆောင်ရွက်နေမှုများ အခြေအနေ ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ သဘာဝရေချို ငါး၊ ပုစွန်များ လျော့နည်းပျောက်ဆုံးလာသော မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ဖြစ်ပေါ်နေသော ဂေဟစနစ်ပျက်ယွင်းမှုများကို လေ့လာပြုပြင် ဆောင်ရွက်ရန်အစီအမံများနှင့် အစားထိုး ဖြည့်ဆည်းဆောင်ရွက်ရန် အစီအမံများရှိ/မရှိနှင့် ရေငန် ငါး၊ ပုစွန် အစရှိသော ရေသယံဇာတများ၏ သဘာဝအရ ရေရှည်တိုးပွားပေါက်ဖွား ရှင်သန်နိုင်ရေးနှင့် နိုင်ငံပိုင်နယ်နိမိတ်အတွင်း ပိုမိုသွားလာ ကျက်စားနိုင်စေမည့် သုတေသနပြု လေ့လာဆန်းစစ်ချက်များ ဆောင်ရွက်ရန် အစီအစဉ်များရှိလျှင် ရှင်းလင်းချပြနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်၏ ရေသယံဇာတ ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေလိုသော စေတနာဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းအပေါ် ဝန်ကြီးဌာနအနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မေးခွန်းမှာ ရေချိုငါး၊ ပုစွန်လုပ်ငန်းနှင့် ရေငန်ငါး၊ ပုစွန်လုပ်ငန်းဟူ၍ အပိုင်းနှစ်ပိုင်းပါရှိပါကြောင်း၊ ရေချိုငါးလုပ်ငန်းနှင့်စပ်လျဉ်းပြီး သုတေသနပြု ဆောင်ရွက်ချက်များမှာ ရေချိုငါးသယံဇာတ တည်ရှိမှုကို ဖမ်းဆီးရမိသော ငါးမျိုးစိတ်များ၊ အရွယ်အစားများ၊ ကောင်ရေနှင့် အလေးချိန်များ၊ မျိုးပွားအင်္ဂါဖွံ့ဖြိုးမှုများ စသည့် ငါးလုပ်ငန်းဆိုင်ရာအညွှန်းကိန်း (Fisheries Indicators) များဖြင့် တိုင်းတာပါကြောင်း၊ ထိုအညွှန်းကိန်းများကို သုတေသနပြုစာရင်း ကောက်ယူပြီး နှစ်စဉ်မှတ်တမ်းပြုစုထားရှိပြီး ရလာသည့် မှတ်တမ်းများကို နှစ်စဉ် နှိုင်းယှဉ်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများကိုလည်း ဖြန့်ဝေအသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် သြစတြေးလျနိုင်ငံ ACIAR အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး MY Fish စီမံကိန်းက ငါးလုပ်ငန်းဦးစီးတက္ကသိုလ်များနှင့်ပူးပေါင်းပြီး ရေချိုငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဆောင်ရွက်ခဲ့ပြီး သုတေသနတွေ့ရှိချက် စာတမ်း(၅)စောင်ကိုလည်း ပုံနှိပ်ထုတ်ဝေ အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရေချိုငါးလုပ်ငန်း၊ ငါးသယံဇာတထိန်းသိမ်းဆောင်ရွက်နေမှုနှင့် အစားထိုးဖြည့်ဆည်း ဆောင်ရွက်သော အစီအမံများနှင့် စပ်လျဉ်းပြီး ရေချိုငါးလုပ်ငန်းရေပြင်များကို ဂရန်အင်း၊ သီးသန့်အင်း၊ တင်ဒါငါးဖမ်းကွက်များ၊ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပြုသော ရေပြင်များဆိုပြီး သတ်မှတ်ပြီး တည်ဆဲရေချိုငါးလုပ်ငန်းဥပဒေ(၁၉၉၁)၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြဋ္ဌာန်းထားသော ရေချိုငါးလုပ်ငန်းဥပဒေများနှင့်အညီ ခွဲခြားစီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးရစ်ငါးသန် ရာသီကို ငါးမဖမ်းရကာလ (Closed Season) သတ်မှတ်ပြီး ငါး/ပုစွန်မဖမ်းရ ဧရိယာ သတ်မှတ်ခြင်း၊ ဇီဝမျိုးစုံ/မျိုးကွဲ (Biodiversity) နှင့် ဒီရေတောဂေဟစနစ် (Mangrove Ecosystem) များကိုလည်း ထိန်းသိမ်းခြင်း၊ နှစ်စဉ် မျိုးစိုက်ထည့်ခြင်း၊ နှစ်ရှည်လုပ်ကိုင်ခွင့်(ကြေးတိုင်အင်းများ) ခွင့်ပြုပြီး အင်းများ ပြုပြင်ထိန်းသိမ်းခြင်းများအပြင် တိုင်းရင်းငါးမျိုးထိန်းသိမ်းခြင်းအတွက် Capture Based Capture စနစ်၊ ငါးထုတ်လုပ်မှုတိုးတက်ရေးအတွက် Capture Based Capture စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဂရန်အင်းများ တိမ်ကောပပျောက်မှုမှ ကာကွယ်နိုင်ရန်နှင့် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ စနစ်တကျ သုတေသနပြု မှတ်တမ်းရယူနိုင်ရန်အတွက်လည်း တိုင်းဒေသကြီး/ပြည်နယ် ၁၁ ရှိ ဂရန်အင်း ၁၁ ခုကို ၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ အထိ သုတေသနအင်းများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးသယံဇာတထိန်းသိမ်းရေးနှင့် ရေချိုငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ Forum များ ကျင်းပနိုင်သကဲ့သို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် Flora and Fauna International(FFI) တို့ပူးပေါင်းပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်တောင်းမြစ်ကြောင်းတစ်လျှောက်တို့တွင် ရေချိုငါးမျိုးစိတ်များ တည်ရှိမှု သုတေသနလုပ်ငန်းကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံရှိ KOICA အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး ရေချိုငါးမွေးမြူရေးသုတေသနစင်တာကို မန္တလေးမြို့တွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှ စတင်တည်ထောင်ပြီး ရေချိုတိုင်းရင်းငါးမျိုးစိတ်များကို သုတေသနပြုသားဖောက်ခြင်း၊ မျိုးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေငန်ငါးလုပ်ငန်းနှင့်စပ်လျဉ်းပြီး သုတေသနပြုဆောင်ရွက်ချက်များမှာ မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ငါးသယံဇာတများ တည်ရှိမှုအခြေအနေကို ယေဘုယျအားဖြင့် ငါးလုပ်ငန်းဆိုင်ရာအညွှန်းကိန်းများ (Fisheries Indicators)၊ တစ်နာရီ ငါးအထိအမိ (Catch per Unit Effort-CPUE) နှစ်စဉ်မျိုးတုန်းမှု မရှိစေဘဲ အမြင့်ဆုံးထုတ်လုပ်နိုင်မှုပမာဏ (Maximum Sustainable Yield -MSY) တိုင်းတာဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရေငန်ငါးလုပ်ငန်းသုတေသနနှင့်စပ်လျဉ်းပြီး ငါးလုပ်ငန်းရေပြင်တွင် သိပ္ပံနည်းကျ ငါးလုပ်ငန်းနှင့် အဏ္ဏဝါဇီဝမျိုးစုံ/မျိုးကွဲ စစ်တမ်းကောက်ယူခြင်းကိုလည်း ၁၉၇၉-၁၉၈၀ ခုနှစ်တွင် မြန်မာ့ရေလုပ်ငန်းမှ နိုင်ငံတကာနှင့် ဒေသတွင်း ငါးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အောက် အတွင်း ဂေဟစနစ် ရေရှည်တည်တံ့ရန် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်သည့် BOBLME Project နှင့် Norwegian Agency for Development Cooperation အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော သုတေသနရလဒ်များကိုလည်း ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့ ငါးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများကိုလည်း ချပြရှင်းလင်းအသိပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ရေငန်ငါးလုပ်ငန်း၊ ငါးသယံဇာတ ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ရေငန်ငါး၊ ပုစွန်များ ရေရှည် ထုတ်လုပ်ရန်အတွက် ငါးဖမ်းစွမ်းအားစုများကို ထိန်းချုပ်ခြင်း (Fishing Pressure)၊ ငါးဖမ်းကိရိယာ၊ နည်းများကို ကန့်သတ်ခြင်း (Limitation of Fishing Gear/ Method)၊ ငါးဖမ်းရေယာဉ်များကို ကန့်သတ်ခြင်း(Limited Number of Fishing Vessels)၊ ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်း (Closed Season / Closed Area)၊ ငါးဖမ်းရက်လျှော့ချခြင်း (Limited Fishing Day) များ ဆောင်ရွက်နေသည့်အပြင် တရားမဝင် ငါးဖမ်းဆီးခြင်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၊ ထို့အပြင် ဖမ်းဆီးခြင်းလုပ်ငန်းများကို လျှော့ချပြီး မွေးမြူရေးလုပ်ငန်း တိုးပွားလာစေရေးကိုလည်း အားပေးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာ (Vessel Monitoring System) အသုံးပြုနိုင်စေရန်နှင့် ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေသော တရားမဝင် ငါးဖမ်းဆီးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားငါးလုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် Flora and Fauna International တို့ပူးပေါင်းပြီး ကမ်းနီးရေတိမ်ဒေသ ရေအဏ္ဏဝါပြင်၏ ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် ဂေဟစနစ်များ ရေရှည်တည်တံ့စေရန် ဒေသခံလုပ်သားများ၏ အသက်မွေးဝမ်းကျောင်းနှင့် ယဉ်ကျေးမှုကို တိုးမြှင့်ပေးနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန၏ ဒေသတွင်း ငါးသယံဇာတများနှင့် ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုက အထောက်အကူပြုနိုင်စေရန်အတွက် ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသည့် အဏ္ဏဝါရေပြင်သုံးခုကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂေဟစနစ် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများသည် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ၊ ငွေကြေးအကူအညီ များစွာလိုအပ်မည်ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေရရှိမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီရရှိမှုအပေါ် မူတည်ပြီး ရေရှည်ထုတ်လုပ်နိုင်ရေးနှင့် သယံဇာတပြုန်းတီးမှုမရှိစေရေးတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ စီမံကြီးကြပ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
