ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်ပွဲအခမ်းအနား နှင့် ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာဦးပွား နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးညီညီစံ တို့က ပြည်သူ့ဝန်ထမ်း အကယ်ဒမီအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် တာဝန်ရှိသူများက ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းကြသည်။
ထို့နောက် တစ်ချိန်တည်းမှာပင် မန္တလေးတိုင်းဒေသကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ကျင်းပသည့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း တို့ ပြောကြားသည့် ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်ပွဲ မိန့်ခွန်းကို ရတနာသိင်္ဃခန်းမတွင် ဗွီဒီယိုဖြင့်ပြသသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် တာဝန်ရှိသူများအား ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်တည်ထောင်ခြင်းမှတ်တမ်း ဗွီဒီယိုကို ပြသသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်၊ EU Delegation မှ Programme Manager Mr. Patrick Mcclay တို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဦးဝင်းမော် နှင့် တာဝန်ရှိသူများက ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်လှစ်ခြင်း အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် တာဝန်ရှိသူများသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဝင်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများ စာသင်ဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုသည်။
ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) ကို ဇန်နဝါရီ (၂) ရက်နေ့မှ မေ (၄) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား (၆၁) ဦး တက်ရောက်ကြောင်း သိရသည်။
ယခင်က ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် စစ်ပညာဘာသာရပ်အပါအဝင် လေ့ကျင့်ရေးကို အခြေပြုသော သင်ကြားမှုပုံစံမှ ယခုအခါတွင် နိုင်ငံ့ဝန်ထမ်းများ၏ ပညာရည်တိုးတက်မြင့်မားမှုကို အခြေပြုသော သင်ကြားမှုပုံစံများ ပြောင်းလဲရန် လိုအပ်လာသည့်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် အသီးသီးတွင် ပြည်သူ့ဝန်ထမ်း အကယ်ဒမီများကို ဖွင့်လှစ်တည်ထောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သမားရိုးကျလေ့ကျင့် သင်ကြားမှုအသွင်မှ နိုင်ငံတကာ ပြည်သူ့ဝန်ထမ်းကျောင်းများနည်းတူ အဆင့်မြင့် ပညာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် အဆင့်မြင့်စီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့သာမက လက်တွေ့နယ်ပယ်ကဏ္ဍအလိုက်ပါ အကျိုးရှိစွာ အသုံးချတတ်စေရန်ဖြစ်ပြီး သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် အရာထမ်းလောင်း ဝန်ထမ်းများအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ အလယ်အလတ်အဆင့် အရာထမ်းများအတွက် အဆင့်မြင့်ဒီပလိုမာသင်တန်း၊ အဆင့်မြင့်အရာထမ်းများအတွက် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အဆင့်အလိုက် ဘွဲ့လွန်ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာနှင့် မဟာဘွဲ့များကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်
