တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီ
ဖွဲ့စည်းခြင်း
၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦး ဖြင့် ဖွဲ့စည်းလိုက်သည်-
|
(က) |
ဦးမြင့်လွင် |
ပုဇွန်တောင် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
(ခ) |
ဦးသက်နိုင်ဦး |
ရေဖြူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဂ) |
ဦးစတီဖန် |
ကျိုင်းတုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဃ) |
ဦးဦးထွန်းဝင်း |
ကျောက်တော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(င) |
ဦးဝင်းထူး |
နမ့်ဆန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(စ) |
ဦးလာမာလေး |
ဆော့လော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဆ) |
ဦးယန်ကျင်းကန် |
ကွမ်းလုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဇ) |
ဦးခွန်အောင်ကျော် |
ဟိုပုန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဈ) |
ဦးတိုးဝင်း |
တာမွေ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ည) |
ဦးစိုင်းဥက္ကာ |
လဲချား မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဋ) |
ဦးညွန့်ဝင်း |
ကန်ပက်လက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဌ) |
ဦးပဲ့ဒူ |
ဖရူဆိုမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဍ) |
ဦးစိန်ဗိုလ် |
မြဝတီမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဎ) |
ဦးစိုင်းဖိုးမြတ် |
မူဆယ်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဏ) |
ဗိုလ်မှူးချုပ်တင်စန်းနိုင် |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
(တ) |
ဦးစောသလေးစော |
ရွှေကျင်မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
(ထ) |
ဒုတိယဗိုလ်မှူးကြီးထွန်းထွန်းဝင်း | တပ်မတော်သားကိုယ်စားလှယ် | လေ့လာသူ |
| (ဒ) |
ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ် |
တပ်မတော်သားကိုယ်စားလှယ် | လေ့လာသူ |
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။
ကော်မတီ၏သက်တမ်း
၃။ ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှ စ၍ တစ်နှစ် ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။
ကော်မတီ၏တာဝန်များ
၅။ ကော်မတီသည်-
(က) တိုင်ကြားစာများနှင့်အသနားခံစာများကို လေ့လာစိစစ်ပြီး ပြည်သူများ၏အခွင့်အရေးကို နစ်နာမှုမရှိစေရန် အလေးထား ဆောင်ရွက်ရမည်။
(ခ) တိုင်ကြားစာများနှင့်အသနားခံစာများရရှိပါက လက်ခံရရှိကြောင်းနှင့် မည်သို့ဆောင်ရွက် ထားရှိကြောင်းကို လက်ခံရရှိသည့်နေ့မှစ၍ (၇) ရက်အတွင်း ပေးပို့သူထံ စာဖြင့် အကြောင်းပြန်ကြားရမည်။
(ဂ) တိုင်ကြားစာနှင့်အသနားခံစာပါကိစ္စနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းသို့ တိုင်ကြားခြင်း၊ အသနားခံခြင်းနှင့်စပ်လျဉ်း၍ ဖြေရှင်းနိုင်ရန်မည်သို့ဆောင်ရွက်ထားကြောင်း၊ တွေ့ရှိကြောင်း စသည်တို့ကို (၆) ပတ်အတွင်း အကြောင်းပြန်ကြားပေးရန် စာတွင် ဖော်ပြ၍ အကြောင်းကြားစာပေးပို့ရမည်။
(ဃ) တိုင်ကြားစာနှင့်အသနားခံစာပေးပို့သူများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်း အကြောင်းပြန်ကြားနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံမှ ဖြေရှင်းဆောင်ရွက်ပြီး စိစစ်မှုအခြေအနေကို ပြည်သူ့ လွှတ်တော်သို့ အကြောင်းကြားလာပါက ပေးပို့သူများထံ အကြောင်းပြန်ကြားရမည်။
(င) တိုင်ကြားစာပါကိစ္စရပ်များသည် မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကော်မတီ၏ သဘောတူညီချက်နှင့် တိုင်ကြားစာပါကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ မှတ်တမ်းတင် သိမ်းဆည်းထားနိုင်ပြီး တိုင်ကြားစာပေးပို့သူထံသို့လည်း ရှင်းလင်း အကြောင်းပြန်ကြားရမည်။
(စ) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးသည့် အုပ်ချုပ်မှုစနစ်ကို အကောင်အထည် ဖော်မည့် အစိုးရတစ်ရပ်ဖြစ်ပေါ်စေရေးအတွက် လိုအပ်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကော်မတီ၏ စိစစ်တွေ့ရှိချက်၊ သုံးသပ် အကြံပြုချက်များနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့၍ အသိပေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရမည်။
(ဆ) တိုင်ကြားစာနှင့် အသနားခံစာပါ အကြောင်းအရာများသည် အများပြည်သူဆိုင်ရာ တောင်းဆိုချက်များဖြစ်ပါက လွှတ်တော်၏ website တွင် လွှင့်တင်ဖော်ပြနိုင်ရန် ဆောင်ရွက်ရမည်။
(ဇ) ပါတီများနှင့်သက်ဆိုင်သော တိုင်ကြားစာရရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး နှင့် သက်ဆိုင်ရာပါတီသို့ လွှဲပြောင်းပေးရမည်။
(ဈ) လက်ခံရရှိသောတိုင်ကြားစာနှင့်အသနားခံစာပါအကြောင်းအရာများသည် လွှတ်တော်၏ ရေးရာကော်မတီတစ်ခုခုနှင့် တိုက်ရိုက်သက်ဆိုင်သော ကိစ္စရပ်များဖြစ်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူခွင့်ပြုချက်ဖြင့် ယင်းစာကို သက်ဆိုင်ရာရေးရာကော်မတီသို့ လွှဲပြောင်းပေး ရမည်။
(ည) ပြည်သူတို့က ပေးပို့လာသည့် တိုင်ကြားစာများ၊ အသနားခံစာများကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။
၆။ ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
၇။ တရားရုံးတစ်ရုံးက ဥပဒေ လုပ်ထုံးလုပ်နည်း ကျင့်စဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိ ကြောင်းနှင့် တိုင်ကြားချက် မှန်ကန်ကြောင်း စိစစ်တွေ့ရှိပါက စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ကို အမှုတွဲနှင့်တကွ လွှဲပြောင်းပေးပို့ရမည်။
၈။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်း များကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၉။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။
၁၀။ ကော်မတီသည်-
(က) အများပြည်သူ ထိခိုက်နစ်နာသည့် ထူးခြားကိစ္စဖြစ်ပေါ်လာပါက လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် ကော်မတီက လက်ခံစစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လိုအပ်ပါက ပွင့်လင်းမြင်သာသော နည်းလမ်းဖြင့်လည်း ဆောင်ရွက် နိုင်သည်။
(ခ) တိုင်ကြားစာနှင့်အသနားခံစာများအနက် ပြည်သူ့အကျိုးစီးပွား ထိခိုက်နေသော ကိစ္စရပ် များ ဖြစ်ကြောင်း လေ့လာတွေ့ရှိပါက လွှတ်တော်သို့ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း ပြုလုပ်နိုင်သည်။
၁၁။ ကော်မတီအစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍-
(က) ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
(ခ) ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။
(ဂ) အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကိုဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။
(ဃ) အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။
(င) အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
၁၂။ ကော်မတီဝင်များသည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။
(ခ) လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
(ဂ) ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့် ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၃။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းများကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေးတက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၄။ ကော်မတီဝင်များသည်-
(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။
(ခ) ကော်မတီအစည်းအဝေးတက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
(ဂ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။
အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၉) အရ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
