အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ
ဖွဲ့စည်းခြင်း
၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်-
|
(က) |
ဒေါက်တာဒေါ်ခင်စိုးစိုးကြည် |
ပြည် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
(ခ) |
ဦးဝင်းနိုင် |
မိုးကောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဂ) |
ဒေါ်နန်းသန်းသန်းလွင် |
ဘားအံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဃ) |
ဒေါ်ဝင့်ဝါထွန်း |
ရှားတော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(င) |
ဒေါ်နီရွှေလျန်း |
ထန်တလန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(စ) |
ဒေါက်တာဒေါ်အေဇင်လတ် |
ရွှေဘို မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဆ) |
ဒေါ်ခင်စန္ဒီ |
လောင်းလုံး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဇ) |
ဒေါ်မိကွန်ချမ်း |
ပေါင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဈ) |
ဦးနိုင်ထူးအောင် |
နွားထိုးကြီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ည) |
ဒေါ်နန်းခင်စော |
ကွန်ဟိန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဋ) |
ဒေါ်ခင်စောဝေ |
ရသေ့တောင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဌ) |
ဒေါက်တာဒေါ်ရွှေပုံ |
ပဲခူး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဍ) |
ဗိုလ်မှူးကြီး/ ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
(ဎ) |
ဒေါက်တာဒေါ်ကြည်မို့မို့လွင် |
စဉ့်ကိုင် မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
(ဏ) |
ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
| (တ) | ဗိုလ်ကြီးတင်မာဆွေ | တပ်မတော်သားကိုယ်စားလှယ် | လေ့လာသူ |
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဇ)အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။
ကော်မတီ၏သက်တမ်း
၃။ ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှ စ၍ တစ်နှစ် ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါလိုအပ်ပါက သက်တမ်းတိုးနိုင်သည်။
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။
၅။ ကော်မတီသည်-
(က) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ရမည်။
(ခ) အမျိုးသမီးများအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ် အသီးသီးတို့တွင် အခွင့်အရေးတန်းတူရည်တူ ရရှိရေးတို့အတွက် ဆောင်ရွက်ရမည်။
(ဂ) ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး အကောင် အထည်ဖော်ဆောင်ရာတွင် ကူညီဆောင်ရွက်ရမည်။
(ဃ) အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်ခံရမှုများအား တားဆီးနှိမ်နှင်းရေးတို့ကို ဆောင်ရွက်ရမည်။
(င) အရွယ်မရောက်သေးသော ကလေးသူငယ်များအား အလုပ်ခိုင်းစေခြင်း၊ စစ်မှုထမ်းဆောင်စေခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်မှုများကို ကာကွယ် တားဆီးခြင်း တို့ကိုဆောင်ရွက်ရမည်။
(စ) အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှုပပျောက်ရေးတို့ကို ဆောင်ရွက်ပေးရမည်။
(ဆ) ကျေးလက်နေ ပြည်သူများအား လူကုန်ကူးမှုနှင့်သက်ဆိုင်သော အသိပညာပေးခြင်း များကို ဆောင်ရွက်ဆောင်ရွက်ရမည်။
(ဇ) အမျိုးသမီးများအား အသက်မွေးဝမ်းကြောင်းပညာရပ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ နည်းပညာနှင့် အခြားလိုအပ်သော အကူအညီများ ထောက်ပံ့ကူညီခြင်းတို့တွင် ပါဝင်ဆောင်ရွက်ရမည်။
(စျ) သဘာဝဘေးအန္တရာယ်၊ စစ်မက်အန္တရာယ်နှင့် အခြားအကြောင်း တစ်စုံတစ်ရာကြောင့် ဘေးဒုက္ခ ရောက်လျက်ရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များအား ကူညီ စောင့်ရှောက်ရမည်။
(ည) သက်ကြီးရွယ်အိုအမျိုးသမီးများနှင့် ရင်ခွင်မဲ့ကလေးသူငယ်များအား ပြုစု စောင့်ရှောက်ရေးတို့ကို ကူညီဆောင်ရွက်ပေးရမည်။
(ဋ) စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသော အမျိုးသမီးများ၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေးနှင့် ၎င်းတို့ရသင့်ရထိုက်သော အခွင့် အရေးများ ရရှိနိုင်ရေး တို့ကို ကူညီဆောင်ရွက်ပေးရမည်။
(ဌ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး၍ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကို မြှင့်တင်ရန်၊ ကာကွယ် စောင့်ရှောက်ရန် တို့အတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးခြင်းနှင့် ထိန်းညှိခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဍ) အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကြေညာချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုကို လေ့လာသုံးသပ်ပြီး လွှတ်တော်သို့ တင်ပြရမည်။
(ဎ) အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များနှင့် ပတ်သက်၍ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ်ရေးဆွဲရန် လိုအပ်သည်ဟု တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။
(ဏ) အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ ကိစ္စရပ်များကိုလေ့လာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီ အစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲ အဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။
ကော်မတီသည်-
(က) အစိုးရနှင့် အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများက ကော်မတီသို့မဟုတ် ကော်မတီဝင်ထံသို့ ဆက်သွယ်လာလျှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်နှင့် အညီ လက်ခံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်း၊ သတင်းထုတ်ပြန်ခြင်း ပြုလုပ်နိုင်သည်။
(ခ) ကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ တိုင်း ဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့ကဖြစ်စေ ပြုပြင်ပြောင်းလဲ စီစဉ်ဆောင်ရွက်ပေးရန် သင့်သော သို့မဟုတ် လိုအပ်သလို အရေးယူဆောင်ရွက်သင့်သော တွေ့ရှိချက်များ ရှိပါက လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြရမည်။
ကော်မတီကအစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍-
(က) ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
(ခ) ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။
(ဂ) အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကိုဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။
(ဃ) အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။
(င) အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
၁၁။ ကော်မတီဝင်များသည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။
(ခ) လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
(ဂ) ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေး
၁၂။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းများကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေးတက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
ကော်မတီဝင်များသည်-
(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။
(ခ) ကော်မတီအစည်းအဝေးတက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
(ဂ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။
အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၉)၊ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉)နှင့် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၀) များအရ ပြန်လည်ပြုစုထားခြင်းဖြစ်ပါသည်။
