ပြုပြင်‌ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ပြုပြင်‌ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်။

 

(က)

ဦးအောင်သိန်းလင်း

တောင်ဥက္ကလာမဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဦးသာဝင်း

ရန်ကင်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဦးသန်းစိန်

ကြည့်မြင်တိုင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဦးလှမြင့်

ဒေါပုံမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဦးမောင်ပါ

ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဦးတင်ထွန်း

ရွှေကျင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးရွှေမောင် (ခ) ဦးအဒူရော်ဇက်

ဘူးသီးတောင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဇ)

ဦးစိုင်းငေါင်းဆိုင်ဟိန်း

မောက်မယ်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဦးစိုင်းအွမ်ဆိုင်မိုင်း

ကျေးသီးမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဦးတင်မောင်

ချမ်းမြသာစည်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးနိုင်ငံလင်း

ဒက္ခိဏသီရိမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဦးယုံဘီး

တနသာၤရီမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဒေါ်ဖြူဖြူသင်း

မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဎ)

ဦးအောင်ဇင်

ပုဇွန်တောင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဏ)

ဒေါက်တာမောင်မောင်ဝင့်

ဗဟန်းမဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။

ကော်မတီတာဝန်

၄။ ကော်မတီသည် -

 

(က)

ပြုပြင်ပြောင်းလဲသင့်သော ကိစ္စများရှိပါက ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးနှင့် သက်ဆိုင်သော တိုင်ကြားချက်များ၊ အသနားခံစာများအား စိစစ်၍ လွှတ်တော်သို့ တင်ပြဆောင်ရွက် ရမည်။

 

( ခ )

ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်သော ကိစ္စများရှိပါက ထိုကိစ္စရပ်များ၏ သုံးသပ် အကြံပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ စိစစ်တင်ပြရမည်။

 

( ဂ )

နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် တည်ဆဲဥပဒေ များကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

(ဃ)

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲ ဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက် စေပြီး ညီညွတ် ဆီလျော်မှုရှိပါက လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိ ကူညီရမည်၊

 

( င )

နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်။

၅။       ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနှေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ၊ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ဖြန့်ဝေခြင်း မပြုရ၊ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်

ကော်မတီလုပ်ပိုင်ခွင့်

၇။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။

၈။ ကော်မတီက အစီရင်ခံစာ တင်ပြခြင်း နှင့်စပ်လျဉ်း၍ -

 

(က)

ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း၊ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသား ဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့် နေ့တစ်နေ့ တွင် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ကော်မတီ အတွင်းရေးမှူး က သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်း ရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။

 

( င)

အစီရင်ခံစာကို ဆွေးနွေး စဉ်းစားပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသော် လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆို တင်သွင်းရမည်။

၉။ ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။

 

( ခ)

လွှတ်တော် ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက် ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၀။     ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း၊ ယင်းတို့နှင့်သက်ဆိုင် သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၁။ ကော်မတီဝင်များသည် -

 

(က)

ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ခ)

ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီး အမှူးမှတစ်ဆင့် လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီး ခံရခြင်းမှ ကင်းလွတ် ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ချက် မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင်‌့ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။