သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် (၂၇/၂၀၁၆) ထုတ်ပြန်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို အောက်ပါပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်-

 

(က)

ဦးစိုးသူရထွန်း

ကွမ်းခြံကုန်း မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဒေါ်မြခွာညိုဦး

ရွှေတောင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဦးနေထက်ဝင်း

ဆင်ပေါင်ဝဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဦးရည်မွန်(ခ)မောင်တင်သစ်

ပုဗ္ဗသီရိ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဦးအောင်နိုင်(ခ)ဦးနိုင်ငံကျော်

မိုးကုတ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး

ညောင်ရွှေ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးမင်းနောင်

ပင်လည်ဘူး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဇ)

ဦးသက်နောင်

လဟယ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဒေါ်စန်းစန်းအိ

မိုးညှင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဦးမန်းညွန့်သိန်း

ပန်းတနော် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးဂျီဖုန်ဆားရ်

နောင်မွန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဒေါ်နန်းခင်စော

ကွန်ဟိန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဦးလာမာလေး

ဆော့လော် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဎ)

ဗိုလ်မှူးချုပ်ဝင်းဆွေ

တပ်မတော်သားကိုယ်စားလှယ်

အဖွဲ့ဝင်

 

(ဏ)

ဦးအေးနိုင်

ဒဂုံမြို့သစ် (တောင်ပိုင်း)

အတွင်းရေးမှူး

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း ဖြစ်သည်။

ကော်မတီသက်တမ်း

၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။

၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကိုသင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

ကော်မတီတာဝန်

၅။ ကော်မတီသည် -

 

(က)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကူညီဆောင်ရွက်ပေးရမည်။

 

( ခ)

သဘာဝ သယံဇာတ ပစ္စည်းများကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး အားပေးကူညီ ရမည်။

 

( ဂ)

သဘာဝ သယံဇာတ ပစ္စည်းများ ထုတ်လုပ်ရာတွင် ဂေဟစနစ် မပျက်သုဉ်းစေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မပျက်ယွင်းစေရေးအတွက် စိစစ်ညှိနှိုင်း ကူညီ ဆောင်ရွက်ရမည်။

 

(ဃ)

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

( င)

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများ နှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်။

 

( စ)

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၆။ ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်း အရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများက တင်ပြ စေခြင်းပြုနိုင်သည်။

၇။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်း အစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲ အဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ -

 

(က)

ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် ကော်မတီ၏  အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များ ရှိပါက ထိုသဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြနိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။

 

( င)

အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းရမည်။

၁၀။ ကော်မတီဝင်များသည် -

 

(က)

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။

 

( ခ)

လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၁။ ကော်မတီဝင်များသည် ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၂။ ကော်မတီဝင်များသည် -

 

(က)

ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ခ)

ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။

အမိန့်ကြေညာစာအမှတ် (၃၉/၂၀၁၆) နှင့် အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇) များအရ ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။