ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၇၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ်က မေးမြန်းသော ဝန်ကြီးဌာနအသီးသီးက လက်ရှိကျင့်သုံးနေသော ပြဋ္ဌာန်းကာလ သက်တမ်း နှစ်နှစ်ကျော်နေပြီဖြစ်သော ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ပြန်လည်စိစစ်သုံးသပ်ပြီး “ဥပဒေကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာ” ကို လွှတ်တော်များနှင့် သက်ဆိုင်ရာကော်မတီများသို့ ပေးပို့ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၏ သဘော သဘာဝအရ သီးခြားတင်ပြရန် အတိအလင်းဖော်ပြထားသည့် ဥပဒေပြဋ္ဌာန်းချက် အရ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြလျက်ရှိပါကြောင်းနှင့် ပြည်ထောင်စု ဝန်ကြီးဌာနအနေဖြင့် အစီရင်ခံတင်ပြရန် ဥပဒေပြဋ္ဌာန်းချက်၊ ညွှန်ကြားချက် မရှိသောကြောင့် ဥပဒေတစ်ခုချင်းအလိုက် ကျင့်သုံးအကောင်အထည်ဖော်မှု စိစစ် ချက်မှတ်တမ်းကို လွှတ်တော်ကော်မတီသို့ တင်ပြရန်မရှိသော်လည်း လွှတ်တော်တွင် ကိုယ်စားလှယ်များ၏မေးခွန်းများကို ဖြေကြားရာတွင် လည်းကောင်း၊ အဆိုများနှင့် စပ်လျဉ်းပြီး ရှင်းလင်းရာတွင်လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်ကော်မတီ များတွင် ဆွေးနွေးရာတွင်လည်းကောင်း သက်ဆိုင်ရာဥပဒေများအတွက် အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို လိုအပ်သလို အစီရင်ခံတင်ပြလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်က မေးမြန်းသော ယခုပြင်ဆင်ထား သည်ထက် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့မှာ အရေးပေါ်ပြင်ဆင် နိုင်ရန်နှင့် COVID-19 ဘေးအန္တရာယ်ကျရောက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ လုံလောက်သော ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် COVID-19 ကနဦး ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ အပြင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဥပဒေမူကြမ်းတင်သွင်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၀၃ ပုဒ်မခွဲ (ဂ)အရ ပြည်ထောင်စုလွှတ်တော်က လက်ရှိဘဏ္ဍာရေးနှစ် အတွင်း နောက်ထပ် အရေးပေါ်ရန်ပုံငွေ သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ စီးပွားရေး၊ လူမှုရေး သက်ရောက်မှုများအပေါ် ကုစားရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲဆောင်ရွက်သွားမည်ကြောင်း၊ လိုအပ်သည့် ဘဏ္ဍာငွေအရင်းအမြစ်များကို စီမံထားပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်များ အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးငြိမ်းသစ်(ခ)ဦးသောင်းထွန်း ၊ မဟာအောင်မြေမဲဆန္ဒနယ်က မေးမြန်းသော မဟာ အောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ မစိုးရိမ်ကံတက်ကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အခြေခံပညာရေးဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အခြေခံပညာကျောင်းများ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် အဆင့်လျှော့ချခြင်းများကို အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ မူဝါဒနှင့်အညီ အခြေခံပညာရေးကောင်စီက ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသဖြင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက မူလတန်းအဆင့်မှ အလယ်တန်း အဆင့်သို့ တိုးမြှင့်ပေးနိုင်မည့် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ် အလောင်းတော် ကဿပဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ် သံဃနာယကအဖွဲ့၏ သဘောထား ထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိနှင့် နယ်မြေခံ သံဃနာယက အဖွဲ့က လက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်ရေးဆွဲ၍ အတည်ပြုထုတ်ပြန်နိုင်ရန် ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ၄ မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ အချင်းချင်းသဘောတူညီမှုမရရှိခဲ့ကြသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အလောင်းတော် ကဿပဂေါပကအဖွဲ့ အတည်ပြုဆောင်ရွက်ဖွဲ့စည်းပြီးမှသာ အလောင်းတော် ကဿပဂေါပကအဖွဲ့စည်းမျဉ်းကို သတ်မှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်က မေးမြန်းသော တွံတေးတူးမြောင်းပိုင် မြေများအား (ရေ/မြစ်/ဖြိုး) ဦးစီးဌာနက စီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် တိကျ ရှင်းလင်းသော မူဝါဒများ ချမှတ်ပေးနိုင်ခြင်း ရှိ၊ မရှိတို့ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လက်ပံကုန်း အကောက်စခန်း ၆.၈၉ ဧက၊ တွံတေးဝ အကောက်စခန်း ၈.၆ ဧက၊ ပုဂ္ဂလိက လုပ်ငန်းရှင်လေးဦးကို ငှားရမ်းထားသည့် မြေဧရိယာ ၄၇.၉၁၆ စုစုပေါင်း ၆၃.၄၀၆ ဧကကိုသာ တူးမြောင်းမြေအဖြစ် စီမံခန့်ခွဲနိုင်ပါကြောင်း၊ မြေပေါ်တွင် စိုက်ပျိုးကြသော တောင်သူများ၏ စိုက်ပျိုး သီးနှံများအပေါ် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကောလိတ္တော် အရာရှိက အခွန်စည်းကြပ်လျက် ရှိပါကြောင်း၊ တူးမြောင်းပိုင်မြေများ ရောင်းချ ခြင်းကို ဆက်စပ်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းကာကွယ်တားဆီးရမည်ဖြစ် ပါကြောင်းနှင့် ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာတူးမြောင်းဥပဒေကို ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ခဲ့ပြီး ၈-၃-၂၀၂၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့၊ ဈေးတံတား ဆိပ်ကမ်းတွင် ခရီးသွားပြည်သူများနှင့် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရန်အတွက် ဆိပ်ခံဘောတစ်စင်းကို နိုင်ငံသားများအတွက် မည်သို့ဖြည့်ဆည်း ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား ၂ အပိုဒ် ၆(က)(ဂ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေး ကဏ္ဍတွင် ဖော်ပြထားသော စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် သေင်္ဘာ ဆိပ်များ၊ ဆိပ်ခံများ ပါဝင်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ဈေးတံတားဆိပ်ခံဘော တည်ဆောက်မှုနှင့် စပ်လျဉ်း၍ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် နည်းပညာ ပိုင်းဆိုင်ရာများ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်က မေးမြန်းသော မက်မန်းမြို့နယ်တွင် မြို့နယ် သစ်တောဦးစီးဌာန၌ ဖွဲ့စည်းပုံပါ ဝန်ထမ်းဖွဲ့စည်းပုံအနက်မှ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းဦးရေမည်မျှအား ထပ်မံဖြည့်ဆည်းခန့်အပ်ပေးရန်နှင့် မြို့နယ်သစ်တော ဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နောက်ထပ်တောအုပ်တစ်ဦး သို့မဟုတ် တောခေါင်းတစ်ဦး အင်အားတိုးမြှင့် တာဝန်ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် “ ခ” အဆင့်မြို့နယ် အဖြစ် တိုးမြှင့်ဖွဲ့စည်းခွင့်ရရှိပါက ရုံးနှင့် ဝန်ထမ်းနေအိမ်များ လိုအပ်ချက်ကိုလည်း ဘဏ္ဍာရန်ပုံငွေတောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၈) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်၊ လေးပင် ကျေးရွာအုပ်စုရှိ (၁၂၇၉) ကွင်းမှ နှစ်ပေါင်း (၆၅) နှစ်ခန့်ဓားမဦးချ လုပ်ကိုင် စားသောက်နေသော စိုက်ပျိုးဧရိယာအား ကွင်းဆင်းစိစစ်ပြီး ကြိုးဝိုင်းဧရိယာ အတွင်းမှ ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ၂၀၁၃ ခုနှစ် စာရင်းကောက်ယူနေစဉ် မပါဝင်ခဲ့သည့် အတွက် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးရန် လတ်တလော အစီအစဉ်မရှိသေး သော်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေ အခန်း(၃)၊ ပုဒ်မ (၇) ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြေပြင်အခြေအနေမှန်အား ကွင်းဆင်းစိစစ်ပြီး အမှန်တကယ် ပယ်ဖျက်ပေးသင့်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောထား မှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၉) ဒေါ်မိကွန်ချမ်း၊ ပေါင်မဲဆန္ဒနယ်က မေးမြန်းသော ပေါင်မြို့နယ်ရှိ ကုလားမ တောင်တန်းကြီးမှ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ မြေကွက်ဖော် မြေတူးရောင်းချခြင်း စသည့်လုပ်ငန်းများကို တရားဝင်နှစ်ရှည် လုပ်ကိုင်ခွင့်ပြုထားခြင်းနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ပိတ်သိမ်း ပေးရန်နှင့် သဘာဝထိန်းသိမ်း စောင့်ရှောက်သည့် ဇီဝတောင်အဖြစ် သတ်မှတ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မွန်ပြည်နယ် အစိုးရမှ ပေါင်မြို့နယ်အတွင်း ဓာတ်သတ္တုတူးဖော်မှု၊ မြေကြီးတူးဖော်မှုတို့အား တရားဝင် ခွင့်ပြုထားမှုမရှိကြောင်းနှင့် တရားမဝင်တူးဖော်မှုမရှိစေရန် စစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ထုတ်လုပ်ငန်းများအား ထုတ်လုပ်မှုပမာဏ အလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများ ရေးဆွဲစေခြင်း၊ စိစစ် အတည်ပြုပြီးသော အစီအမံများအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၁၀) ဒေါ်နန်းထွေးသူ၊ ဖားဆောင်းမဲဆန္ဒနယ်က မေးမြန်းသော မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယားပြည်နယ် သတ္တု တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (KMPC)အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှု ရန်ပုံငွေထားရှိရန် စသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း မရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရန်ပုံငွေအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်း ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း ကျန် ၅၀ ရာခိုင်နှုန်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ထည့်ဝင်ခွင့်ပြုပါရန် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်နေပါကြောင်းနှင့် ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာလုပ်ငန်းဌာနမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဉပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
(၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကတင်သွင်းသည့် ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဉပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ များအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
(ဂ) အဆို(၁)ခု တင်သွင်းခြင်း
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဉပဒေ ပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဉပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန်အဆိုကို ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်က တင်သွင်းခဲ့သည်။ အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ၂၉-၅-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၄။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်နေ့ကို ၁-၆-၂၀၂၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
